Professional Authors

ငဇင်ကာ အကြောင်း

ကုလားငဇင်ကာ

ပေါ်တူဂီဗိုလ်မှူးဇွင်ကာကူကို မြန်မာတို့က ပီသအောင် မခေါ်နိုင်၍ ငဇွင်ကာကူတွင် “ကူ” ကို ချေပြီးလျှင် ငဇင်ကာဟု ‎ခေါ်နေကြသည်။ အချို့ အင်္ဂလိပ်ရာဇဝင်ဆရာကြီးများကမူ ပေါ်တူဂီဗိုလ်မှူး ဒီဘရစ်တိုး (Filipe de Brito e Nicote) နှင့် ‎‎”ဇွင်ကာကူ” သို့မဟုတ် ငဇင်ကာ ကို တဦးတည်းဖြစ်လေဟန် ရေးသားထားသည်။ သံလျင်မြို့စား ပေါ်တူဂီဗိုလ်မှူး ‎ဒီဘရစ်တိုး ခေါ် ကုလား ငဇင်ကာ အကြောင်းကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် မြန်မာပြည်ရာဇဝင် ‎ကျမ်းတစောင်တွင် တွေ့ရှိနိုင်သည်။
ပေါ်တူဂီရာဇဝင်ကျမ်းအရဆိုလျှင် ဒီဘရစ်တိုးနှင့် ငဇင်ကာတို့သည် တဦးစီဖြစ်သည်။ သက္ကရာဇ် ၉၃၂-ခုနှစ်တွင် ဂိုဝါ ‎စစ်ဘုရင်က တိုက်သင်္ဘော ၁၂-စင်းတွင် သေနတ် အမြောက် ခဲယမ်းမီးကျောက် အပြည့်အစုံ ရဲမက်ဗိုလ်ပါ ရိက္ခာဆန်ရေ ‎အလုံအလောက်နှင့် ဒီဘရစ်တိုးကို ဗိုလ်မှူးပြု၍ အုပ်ချုပ်ကွပ်ကဲစေပြီး ရခိုင်ပြည်သို့ ချီသွားလုပ်ကြံစေသည်။ ရခိုင်ပြည်သို့ ‎ရောက်လျှင် ရခိုင်ပြည်သားတို့ ခုခံတိုက်ခိုက်သည်နှင့် သင်္ဘော ၁၂-စင်းအနက် ၅-စင်းပျက်၍ ကျန် ၇-စင်းမှာလည်း အထိ ‎အခိုက် ရှိသည်။ သင်္ဘောတွင်ပါသမျှ စစ်သည် ၁၀၀၀-လည်း အားလုံးလိုပင် သေဆုံးသည့်အတွက် ဒီဘရစ်တိုးသည် ရခိုင် ‎ကို မတိုက်နိုင်ဘဲ ဂိုဝါသို့ ပြန်သည်။ ဂိုဝါသို့ရောက်လျှင် စစ်ဘုရင်က စစ်ကြောမေးမြန်းပြီး စစ်ရေးစစ်မှုတွင် မကျွမ်းကျင် ‎သောကြောင့်သာ ဤသို့ဖြစ်ရသည်ဟု များစွာ ကဲ့ရဲ့ရှုတ်ချသဖြင့် ဒီဘရစ်တိုးသည် ရှက်လှသောကြောင့် မိမိကိုယ်ကို အဆုံး ‎စီရင်လိုက်သည့်အတွက် သက္ကရာဇ် ၉၃၃-ခုနှစ်တွင် ဒီဘရစ်တိုး အနိစ္စရောက်သည်။ (ပေါ်တူဂီ ရာဇဝင်)‎
ထိုနောက် ဂိုဝါဘုရင်က ရှိသမျှ အရပ်ရပ်ပေါ်တူဂီအမျိုးသားတို့ကို အစည်းအဝေးမပြတ်စေရဘဲ ငြိမ်ဝပ်စွာ အုပ်ချုပ်နေစေ ‎သည်။ မြန်မာသက္ကရာဇ် ၉၆၈-ခုနှစ်တွင် ပဲကူးတပြင်သို့ စုံစမ်းကြည့်ရှု၍ ရောင်းဝယ်ဖောက်ကားရန်အတွက် ဇွင်ကာကူ ကို ‎ဗိုလ်မှူးပြုပြီးလျှင် သင်္ဘော ၁၂-စင်းတွင် အမြောက် သေနတ် ခဲယမ်းအပြည့်အစုံနှင့် လွှတ်လိုက်ပြန်သည် ဖြစ်ရကား ‎ပေါ်တူဂီဗိုလ်မှူး ဇွင်ကာကူသည် ဂိုဝါက ပဲကူးသို့ စုံဆင်းလာသည်။ ပဲကူးမင်းကလည်း ဇွင်ကာကူကို အားရဝမ်းသာ ဆီးကြို ‎ခေါ်ယူ၍ သံလျင်မြို့တွင် ရောင်းဝယ်ဖောက်ကား နေထိုင်စေသည်။ ထိုအခါ ဇွင်ကာကူသည် သံလျင်မြို့ကို အခိုင်အလုံပြု ‎လိုသောကြောင့် မြို့တည်ရာတွင် မြို့တည် ဗိသုကာ ဇွင်စီရီယမ်း၏ အမည်ကို အစွဲပြု၍ သံလျင်မြို့ကိုလည်း (Syriam) ‎စီရီယမ်း ဟူသော အမည်တွင်သည်။ (ပေါ်တူဂီ ရာဇဝင်)‎
ဤသို့အားဖြင့် ဒီဘရစ်တိုးအကြောင်းနှင့် ဇွင်ကာကူအကြောင်းမှာ ပေါ်တူဂီရာဇဝင်တွင် ခွဲခြားပြီး လာရှိသည်ကို အချို့ ‎ရာဇဝင်ဆရာများက ဂိုဝါမှ ပဲကူးသို့ သက္ကရာဇ် ၉၆၈-ခုနှစ်တွင် သင်္ဘော ၁၂-စင်းနှင့် ရောက်လာသော ဇွင်ကာကူကို ဂိုဝါမှ ‎ရခိုင်သို့ သက္ကရာဇ် ၉၃၂-ခုနှစ်တွင် သင်္ဘော ၁၂-စင်းနှင့်ပင် လာရောက်ဖူးသော ဒီဘရစ်တိုးနှင့် ရှုပ်ထွေးမှားယွင်းသွားဟန် ‎တူသည်။

In: နတ်သျှင်နောင် Posted By: Date: Apr 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment