Professional Authors

ရာဇဓာတုကလျာ မင်းသမီးအကြောင်း

ရာဇဓာတုကလျာ မင်းသမီးအကြောင်း

သက္ကရာဇ် ၉၁၈-ခုနှစ်တွင် ဟံသာဝတီရွှေနန်းကို စိုးစံတော်မူသော ဘုရင့်နောင် ခေါ် ဆင်ဖြူများရှင် မင်းတရားကြီးနှင့် ‎ရာဇဒေဝီ ဘွဲ့ခံ တပယင်းစတုဂါမဏိ သ္မီး ရှင်ထွေးလှ တို့နှင့် သင့်မြတ်ရာတွင် သားတော် ဇင်းမယ်ဘုရင် နော်ရထာစော၊ ‎သ္မီးတော် ရာဇဓာတုကလျာ နှင့် သားတော်ငယ် သိင်္ဃဒတ္ထ ကို မြင်သည်။ ဆင်ဖြူများရှင် မင်းတရားကြီးသည် ဟံသာဝတီ ‎မြို့တော်တွင် မဟာစေတီတော်ကြီးကို တည်တော်မူ၍ သက္ကရာဇ် ၉၂၁-ခုနှစ်၊ နတ်တော်လဆန်း ၁၄-ရက်နေ့တွင် ဌာပနာ ‎တော် မူသည့်အခါ မင်းညီမင်းသား ဆွေတော်မျိုးတော်အပေါင်းတို့သည် သောင်းသောင်းဖျဖျ ဓာတ်တော် မွေတော်တို့ကို ‎ရွက်ပို့တော်မူကြသည်။ ထိုသို့ ဓာတ်တော် မွေတော်တို့ကို ရွက်ပို့တော်မူကြသည့် နတ်တော်လဆန်း ၁၄-ရက်နေ့၊ တနင်္ဂနွေ ‎နေ့တွင် ရာဇဓာတုကလျာမင်းသ္မီးကို ဖွားသန့်စင်တော်မူသည်။ ဓာတ်တော်မွေတော်ကို ဌာပနာသည့်နေ့တွင် ဖွားမြင်သည် ‎ကို အစွဲပြု၍ ရာဇဓာတုကလျာ တွင်သည်ဟု ရာဇဝင်ကြီးတွင် ဆိုသည်။ (အချို့ ပညာရှိများကမူ မင်းများနှင့်သာ ထိုက်တန် ‎သော လက္ခဏာရုပ်ရည်နှင့် ပြည့်စုံသည့် သ္မီးတော်ဖြစ်၍ ရာဇဓာတုကလျာ ခေါ်သည်ဟု ဆိုကြကုန်သည်။)‎
ရာဇဓာတုကလျာသည် ငယ်စဉ်ကပင် ထူးခြားသော ရုပ်ရည်ရူပကာဖြင့် အပြစ်ခြောက်ပါးမှ ကင်းရှင်းပြီးလျှင် ကလျာဏ ‎ငါးပါးနှင့်လည်း ပြည့်စုံသောကြောင့် ခမည်းတော် မင်းတရားကြီး၏ များစွာလေးမြတ်ချစ်ခင်ခြင်းကို ခံရသည်။ သားတော် ‎သ္မီးတော်တို့ ကြီးပြင်းလာသည့်အခါတွင် မင်းတရားကြီးသည် နော်ရထာစောကို ဇင်းမယ်ဘုရင်အဖြစ်သို့ ချီးမြှင့်ပြီးနောက် ‎သ္မီးတော် ရာဇဓာတုကလျာကိုလည်း ဟံသာဝတီတွင် တပင်တိုင်နန်းနှင့်ထား၍ ဧချမ်းစွာနေထိုင်စေသည်။ မင်းတရားကြီး ‎နတ်ရွာစံ၍ အိမ်ရှေ့ကိုယ်တော်ကြီး ငါးဆူဒါယကာမင်း နန်းတက်တော်မူသော် ရာဇဓာတုကလျာကို တပင်တိုင်နန်းနှင့် ‎ထားမြဲထားပြီး ရှေးအတိုင်းပင် နေထိုင်စေသည်။ ငါးဆူဒါယကာမင်း၏ သားတော်ကြီးဖြစ်သူ အိမ်ရှေ့စံ မဟာဥပရာဇာ ‎မင်းကြီးစွာသည် ရာဇဓာတုကလျာကို များစွာမေတ္တာညွှတ်လျက် ရှိလေသည်။ စင်စစ်သော်ကား မင်းကြီးစွာသည် ‎ရာဇဓာတုကလျာနှင့် အရီးတော်စပ်သည်။ သို့ပင်မေတ္တာတော်ညွှတ်ခဲ့သော်လည်း ရာဇဓာတုကလျာကမူ များစွာနှစ်သက် ‎ဟန် မတူချေ။ အကြောင်းမူကား မင်းသ္မီးသည် ခမည်းတော်နတ်ရွာစံသည့်နေ့မှစ၍ စိတ်ချမ်းသာတော် မမူရှာဘဲ ရတနာ ‎သုံးပါးကိုသာ ဆည်းကပ်ခိုလှုံ၍ အဓိဋ္ဌာန်ဆောက်တည်လျက် ရှိတော်မူသည်။
သက္ကရာဇ် ၉၄၈-ခုနှစ်တွင် ငါးဆူဒါယကာမင်းသည် ဟံသာဝတီနေပြည်တော်တွင်မရှိခိုက် မဟာဥပရာဇာ မင်းကြီးစွာသည် ‎အရီးတော် ရာဇဓာတုကလျာကို အနိုင်အထက်ပြု၍ သိမ်းမြန်းတော်မူလေသည်။ ရာဇဓာတုကလျာကို အိမ်ရှေ့မင်း မသိမ်း ‎မြန်းမီ အခါကပင် မင်းသ္မီးသည် တောင်ငူရွှေနန်းတည်မင်း၏ သားတော်ကြီး နတ်သျှင်နောင်နှင့် ရည်ငံကြဟန်တူသည်။
သက္ကရာဇ် ၉၅၃-ခုနှစ်တွင် ခမည်းတော် ငါးဆူဒါယကာမင်းက သားတော်ကြီးဥပရာဇာကို စစ်သည်တော် အလုံးအရင်းနှင့် ‎ယိုးဒယားကို ချီတက်တိုက်ခိုက်စေသည်။ တပ်ဖွဲ့ရာတွင် နတ်သျှင်နောင်ကိုလည်း တောင်ငူတပ်ကိုကွပ်ကဲစေ၍ ယိုးဒယား ‎သို့ ထည့်တော်မူသည်။ သက္ကရာဇ် ၉၅၄-ခုနှစ်တွင် ယိုးဒယားတပ်နှင့် အိမ်ရှေ့မင်းတပ်တို့ တွေ့ကြရာ တဘက်နှင့်တဘက် ‎အပြင်းအထန် ထိုးခုတ်ကြစဉ် အိမ်ရှေ့မင်းသည် ရန်သူလက်နက်ထိမှန်၍ ဆင်ထက်မှ ကျဆုံးသည်။ အိမ်ရှေ့မင်းကျဆုံး ‎လျှင် နတ်သျှင်နောင် ကွပ်ကဲသော တောင်ငူတပ်က မီလာ၍ အပြင်းအထန် ခုခံဖိနှိပ်သော်လည်း အရေးတော်မအောင် ‎သောကြောင့် ဆုတ်ခွာလာခဲ့ရသည်။ (ရန်သူ့လက်နက်ဖြင့် အိမ်ရှေ့မင်း ယိုးဒယားတွင်ကျဆုံးရသည်ကိုပင် နတ်သျှင်နောင် ‎သည် ရာဇဓာတုကလျာနှင့်ပတ်သက်၍ အငြိုးရှိသည့်အတိုင်း ကောက်ကျစ်စဉ်းလဲစွာ ဥပါယ်တံပျဉ်ဖြင့် အိမ်ရှေ့မင်းကို ‎အနိစ္စရောက်စေသည်ဟု အချို့သူတို့ စွပ်စွဲကြကုန်သည်။)‎
အိမ်ရှေ့မင်းနတ်ရွာစံ၍ ရာဇဓာတုကလျာသည် အသက် ၃၃ နှစ်တွင် မုဆိုးမ ဖြစ်ရရှာသည်။ အိမ်ရှေ့မင်းနှင့် သားသမီး ‎မမြင်ချေ။ ရာဇဓာတုကလျာ မုဆိုးမအဖြစ်နှင့် ရှိစဉ် နတ်သျှင်နောင်သည် ရှေးကမေတ္တာထားရင်းအတိုင်း ဆက်သွယ်ဟန် ‎တူသည်။
မှတ်ချက်။ ။ နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာမင်းသ္မီးတို့ ရည်ငံလျက်ရှိကြောင်းကို တောင်ငူမှ အဝသို့ပါသွားသော ‎စာဆို ရှင်သံခိုက “သာလွတ်ထွတ်တင်” ချီရတု၊ “ပြာထွတ်မွတ်စင်၊ နောင်သာကြင်သား၊ ကေရှင်မြခက်၊ ‎ဖြာစရွက်လည်း၊ နားထက်မခွေ၊ စုလည်းပြေနှင့်၊ တင့်နေကျစ်လျစ်၊ ဆယ်ကျော်နှစ်က၊ ကျွမ်းချစ်ရအောင်၊ ‎ကြိုးသည်နှောင်မူ” …‎
အစရှိသည်ဖြင့် စောင်းချိပ်ဖွဲ့ဆိုထားသည်ကို အိမ်ရှေ့ဥပရာဇာ ရိပ်မိသိရှိတော်မူ၍ အမျက်တော်ရှိသည်တွင် ပြည် ‎ငထင်ကျော် လျှောက်ကြားစေ့စပ်မှ ချမ်းသာပေးတော်မူကြောင်းနှင့် ပညာရှိတို့ မှတ်သားချက်တွေ့ရသည်။
သက္ကရာဇ် ၉၆၄-ခုနှစ်တွင် တောင်ငူရွှေနန်းတည်မင်းသည် တောင်ငူရွှေနန်းကို သိမ်းမြန်းစိုးစံတော်မူရာတွင် သားတော်ကြီး ‎နတ်သျှင်နောင်ကို အိမ်ရှေ့အရာ ပေးတော်မူ၍ ရည်ငံရင်းဖြစ်သော ရာဇဓာတုကလျာနှင့်လည်း စုံဘက်တော်မူသည်။ ‎ထိုအခါက ရာဇာဓာတုကလျာ၏ အသက်မှာ ၄၃-နှစ် ရှိလေပြီ။
စင်စစ်အားဖြင့် ရာဇဓာတုကလျာသည် နတ်သျှင်နောင်၏ အရီးတော်သည်။ နတ်သျှင်နောင်သည် မင်းသ္မီးကို များစွာ ယုယ ‎မြတ်နိုးသည်။ သို့သော် ကြာရှည်လေးမြင့်စွာ ပေါင်းသင်းဆက်ဆံခြင်း မပြုကြရပေ။ အကြောင်းမူကား နတ်သျှင်နောင်နှင့် ‎ရာဇာဓာတုကလျာတို့ကို စုံဘက်ပေးသော သက္ကရာဇ် ၉၆၄-ခုနှစ်တွင်ပင် ရာဇဓာတုကလျာ ကွယ်လွန်သည်ဟု ရာဇဝင် ‎များတွင် ဆိုသည်။ နတ်သျှင်နောင်မင်းသားသည် ရာဇဓာတုကလျာအား မုဆိုးမအဖြစ် အသက် ၄၀-ကျော်အရွယ်မှာပင် ‎မေတ္တာတော် ညွှတ်လျက်ရှိနေသေးသည်ကို ထောက်သော် မင်းသ္မီးသည် ထူးထူးချွန်ချွန်ပင် တင့်တယ်လှပဟန်တူသည်။ ‎နတ်သျှင်နောင်၏ “တင့်လှပေဟန်” ချီ သစ္စာတိုင်ရတုကိုထောက်၍လည်း ဤထင်မြင်ချက်ကို ခိုင်လုံသည်ဟု ဆိုရပေမည်။ ‎သို့တည်းမဟုတ် နတ်သျှင်နောင်သည် ရာဇဓာတုကလျာအပေါ်၌ အချစ်ဇွဲသန်သူတယောက်ဖြစ်သည်ဟူ၍လည်း ဆိုနိုင်ပေ ‎တော့သည်။
နတ်သျှင်နောင်နှင့် သင့်မြတ်သဖြင့် သားတော် သ္မီးတော် မထွန်းကားချေ။ ရာဇဓာတုကလျာသည် များစွာ ကံဆိုးရှာသော ‎မင်းသ္မီးဖြစ်သည်။ တပင်တိုင်နန်းနှင့် ဟံသာဝတီတွင် စံမြန်းရစဉ်ကလည်း များစွာစိတ်ချမ်းမြေ့ခြင်းမရှိဘဲ အိမ်ရှေ့မင်း၏ ‎ရန်ကို အဖန်ဖန်စိုးရွံ့၍ နေရဟန်တူသည်။ မင်းသ္မီးသည် ရတနာသုံးပါးကို များစွာ ကိုင်းရှိုင်းသည့်ပြင် နှလုံးသိမ်မွေ့လှသည်။ ‎ကဗျာဗန္ဓဖွဲ့ဆိုခြင်း၌လည်း ကျွမ်းကျင်လိမ္မာသည်လှသည်။ နတ်သျှင်နောင်မင်းသားကို ရည်မှန်း၍ ထိုမင်းသ္မီးဖွဲ့ဆိုခဲ့သည်ဟု ‎အယူရှိကြသော အောက်ပါရတုပိုဒ်စုံကို စာအုပ်စာတမ်းများ၌ တွေ့ရသည်။

ရာဇဓာတုကလျာ ဖွဲ့ဆိုသည်ဟု ယူဆဘွယ်ဖြစ်သော ရတုပိုဒ်စုံ
ကလျာရွှေညီ။ ။ နန်းကေသီသို့၊ ဦးချီလက်စုံ၊ ရှိပဒုံဖြင့်၊ ခိုလှုံဖျဖျ၊ ခစားကြ၍၊ ဂီတသံအေး၊ ငြိမ်လေးညင်းတွဲ့၊ နန်းဟန်ဖွဲ့၍၊ ‎ကနွဲ့ကယ၊ ဖြေဖျော်ကြလည်း၊ သောကကိန်းအောင်း၊ ပူလက်ဟောင်းကြောင့်၊ ပျော်ကြောင်းမထင်၊ ပူကြွေးတင်၍၊ ‎မရွှင်လျက်နှင့်၊ ရွှင်ယောင်ကျင့်သည်။ ။ ခုဖြင့်ဖြေခက်သည်တကား … ။
မြလွှာဝေစီ။ ။ နွေခဋီဝယ်၊ ရွှေဖီသင်းပျံ့၊ နှင်းရနံ့နှင့်၊ ခင်းညံ့မြေဇာ၊ လေညင်းလာက၊ ရွှေမာလာငုံ၊ ပန်းဝတ်မှုံတို့၊ ‎ကြွေတုံသက်ဆင်း၊ ကိုက်ငုံကင်းနှင့်၊ အင်ကြင်းဖြူနီ၊ ရိုးတံချီလျက်၊ သံညီဥသြ၊ နှုတ်ချိုနှော၍၊ တောင်တောသာခွင့်၊ ‎ရာသီဖွင့်သည်။ ။ နုရင့်နွေစက်လည်တကား … ။
မဟာစေတီ။ ။ မွေသရီ၏၊ မြေညီခင်းပြန့်၊ တလင်းသန့်ဝယ်၊ နှင်းပန်းတပဲ၊ ဝတ်ဖြူလဲနှင့်၊ နန်းထဲနန်းလေ့၊ သီမဝှေ့ဘဲ၊ ‎ချမ်းမြေ့စိတ်ကြည်၊ ပီတိရည်ဖြင့်၊ ခိုင်တည်နှလုံး၊ တဖြောင့်သုံး၍၊ နှောင်ထုံးကေမင်၊ လျော့ဖြေချင်လည်း၊ ‎နတ်သျှင်သူ့ကြောင့်၊ တရေးမှောင့်ငဲ့၊ မဖြောင့်ပျံ့လွင့်၊ နှောင်ကြိုးဝင့်သည်။ ။ လုလင့်ငွေမျက်ရည်တကား … ။

———-

In: နတ်သျှင်နောင် Posted By: Date: Apr 16, 2010
Comment #1

thanks for posting this history…… very interesting….

commentinfo By: May Kha at Sep 21, 2011
Comment #2

“သက္ကရာဇ် ၉၄၈-ခုနှစ်တွင် ငါးဆူဒါယကာမင်းသည် ဟံသာဝတီနေပြည်တော်တွင်မရှိခိုက် မဟာဥပရာဇာ မင်းကြီးစွာသည် ‎အရီးတော် ရာဇဓာတုကလျာကို အနိုင်အထက်ပြု၍ သိမ်းမြန်းတော်မူလေသည်။ ရာဇဓာတုကလျာကို အိမ်ရှေ့မင်း မသိမ်း ‎မြန်းမီ အခါကပင် မင်းသ္မီးသည် တောင်ငူရွှေနန်းတည်မင်း၏ သားတော်ကြီး နတ်သျှင်နောင်နှင့် ရည်ငံကြဟန်တူသည် …” ဆိုတာကတော့ မဟုတ်လောက်ပါဘူး … နတ်သျှင်နောင်ဟာ ၉၄၀-ခု ဝန်းကျင်မှာ မွေးဖွားတယ် ဆိုတော့ အဲဒီအချိန်မှာ အသက် ရှစ်နှစ်၊ ကိုးနှစ်လောက်ပဲ ရှိဦးမှာ … ရာဇဓာတုကလျာနဲ့ ဘယ်လိုလုပ်ပြီး ရည်ငံနိုင်မှာတဲ့လဲ … တချို့သမိုင်းဆရာတွေ ကတော့ နဂိုကတည်းက အိမ်ရှေ့မင်းနဲ့ တိတ်တခိုး ချစ်ကြိုးသွယ် ထားကြပြီး အိမ်ရှေ့မိဘုရား (အင်းဝဘုရင့်သမီးတော်) ကနေရှိနေတော့ ခမည်းတော်နဲ့ မျက်နှာနာကြသူချင်းမို့ ခမည်းတော်ရှိချိန်မှာ လက်ထပ်ဖို့ ခက်နေကြတာကြောင့် ခမည်းတော် မရှိတဲ့အခိုက် အခွင့်ကောင်းယူပြီး သိမ်းမြန်းတာလို့ ဆိုပါတယ် …

commentinfo By: harry at Sep 21, 2011
Comment #3

သေချာတော့သမိုင်းကိုနားမလည်ပေမဲ့…….နတ်သျှင်နောင်ကငယ်မှာပဲနော်…..
ဆကိလက်ပီးစုစောင်းထားတာရှိရင်ဖော်ပြပေးပါရှင်.

commentinfo By: May Kha at Sep 21, 2011
Comment #4

ရာဇဓာတုကလျာ နဲ့ နတ်သျှင်နောင်ဟာ ၁၉ နှစ်ကွာပါတယ်။
ရာဇဓာတုကလျာ ၃၃ နှစ် မှာ နတ်သျှင်နောင်ဟာ ၁၄ နှစ် သားပါ။
စုဆောင်းဖော်ပြပေးတဲ့ harry ရေ ကျေးဇူးပါ။

commentinfo By: kyawyenaing2012 at Aug 16, 2012
Comment #5

ရှင်သံခိုပြောတဲ့ ဆယ်ကျော်နှစ်က၊ ကျွမ်းချစ်ရအောင်၊ ‎ကြိုးသည်နှောင်မူ ဆိုတာ ရဝေရှင်ထွေးကိုပြောတာဖြစ်မယ်။ နတ်သျှင်နောင်နဲ့ ရှင်ထွေးက ငယ်ငယ်တဘ်းကသိတာ။ ရှင်သံခိုနဲ့အတူ အင်းဝကို ခေါ်သွားခံရတော့့ လမ်းမှာ ရဝေရှင်ထွေးပြောတဲ့အကြောင်းကိုရေးထားတာဖြစ်မယ်.

commentinfo By: aunglwin at Jul 31, 2020

Leave Comments

Name*

Email*
Website
Email me whenever there is new comment