Professional Authors

တောင်သာတမ်းချင်း (ပိုင်စိုးဝေ)

ကျောက်ရင်းတောင်သာ ပြောင်းပေါတဲ့ရွာ
ပြောင်းတစ်ရာ ပြာတစ်အင်း
မောင်စံလှော်နေတဲ့ ရွှေကျောက်ရင်း.. တဲ့။

ကျောက်ရင်းတောင်သာ ကျောင်းပေါတဲ့ရွာ
ကျောင်းတစ်ရာ ကြာတစ်အင်း
မောင်စံလှော်နေတဲ့ ရွှေကျောက်ရင်း..တဲ့။

တို့တောင်သာ နယ်မြေတစ်ကြောမှာ
အစဉ်အလာဆိုးရိုးရှိခဲ့
ကျောင်းတွေပေါသတဲ့ ပြောင်းတွေပေါသတဲ့
ထန်းပင်တွေပေါသတဲ့ ခရမ်းချဉ်တွေပေါသတဲ့
ဘုရားတွေလည်း ပေါပေရဲ့။

အလောင်းစည်သူမင်းကြီး
ဖောင်စင်္ကြာစီး တိုင်းခန်းလှည့်
လက်ညှိုးညွှန်ရာ ရေဖြစ်သတဲ့
ဘုရားကျောင်းကန် စေတီပုထိုးများ
တည်ထားကိုးကွယ် ကြည်ညိုခဲ့။

တောင်သာကျောက်ရင်းအကြောင်း ရှေးဟောင်းထုံး ပုံပြင်
ကဗျာအသွင် စာတင်ခဲ့ကြပေမယ့်
ပါးစပ်ရာဇ၀င်ကို ငါပိုပြီးလွမ်းခဲ့ရတယ်။

ငါ့ဘ၀တွေ မြှုပ်နှံခဲ့ရာ တောင်သာ
ငါ့အတိတ်ရဲ့ ခြေရာတွေ
ထင်ကျန်ခဲ့ရာ တောင်သာ
တောင်သာကို ငါသတိရ
တမ်းတလွမ်းမော အဝေးမှာကျန်ခဲ့ရ။

အခုတော့ ငါနဲ့တောင်သာ
အနေချင်းဝေးခဲ့ကြပြီ
နှလုံးသားချင်းပါ စိမ်းကားကြပြီပေါ့။

အခုတော့ငါ
တောင်သာမှာ ယောင်ချာချာဖြစ်ခဲ့ရ
ငါငယ်စဉ် ရှင်သာမဏေ ကိုရင်လေးဘဝ
ဆွမ်းခံကြွခဲ့တဲ့ လမ်းမများပေါ် ပြန်လည်လျှောက်သွား
ခံစားသတိရ
ကံဆွယ်ရပ်မှ ဘူတာတစ်ဝိုက်
ရုံတန်းရပ်၊ မြို့မရပ်၊ ဈေးရပ်
အထပ်ထပ် ငါပြန်တွေးတောခံစားမိ
အတိတ်၏ရုပ်ပုံကားချပ်များဆီ
ငါ့စိတ်ဟာ ပျံဝဲနေခဲ့။

တောင်သာတောင်ခြေက ချောင်းကလေး
ကြက်သွန်ခင်းတွေနဲ့ ထန်းပင်မြင့်မြင့်ကြီးတွေအောက်
ငါလျှောက်သွားခံစားမိရ
ငါ့တောင်သာ ငါ့ကိုပြန်ပေးကြ။

မောင်စံလှော်ရေ
ကျောက်ရင်းတောင်သာမှာ အခုဘာတွေပေါသလဲကွဲ့
ရဲရဲတင်းတင်း မင်းဖြေလိုက်စမ်း
သားမွေးပြီးစ မိန်းမရဲ့ ရင်အုံလို ချွန်ထက်မို့မောက်တဲ့
တောင်သာတောင်ရဲ့ ထိပ်ဖျားမှာရပ်
အဆက်မပြတ် ငါအော်မိတာ
ပြန်ပေးကြ
ငါ့တောင်သာ ငါ့ကိုပြန်ပေးကြ။

ထိန်းချုပ်လို့မရ
ငါ့အတွေးတွေက ငါ့ရင်မှာ ဘလောင်ဆူ
စိမ်းနိုင်ရက်ပေရဲ့ စိမ်းရက်တဲ့တောင်သာသူရယ်။

ပိုင်စိုးဝေ

Comment #1

ကြိုက်တယ်ဗျာ

commentinfo By: moemoe at Sep 21, 2012
Comment #2

ကဗျာတွေကို Facebook မှာပြန်shareလို့ရအောင်လုပ်ပေးသင့်ပါတယ်

commentinfo By: Soe Naing at Sep 23, 2020

Leave Comments

Name*

Email*
Website
Email me whenever there is new comment