Professional Authors

နတ်သျှင်နောင်၏ ကဗျာ့စွမ်းရည်

နတ်သျှင်နောင်၏ ကဗျာ့စွမ်းရည်

ရတုကဗျာဖွဲ့ဆိုမှုတွင် နတ်သျှင်နောင်သည် လွန်စွာထင်ရှားသောပုဂ္ဂိုလ်ဖြစ်သည်။ ဇာတိပဋိသန္ဓေကပင် ကဗျာမှုတည်း ‎ဟူသော အဆောက်အဦး ပင်ကိုယ်ဉာဏ်ဓာတ်အခံ ရင့်သန်လာသူဖြစ်သဖြင့် နတ်သျှင်နောင်ကို ထူးချွန်သော ပါရမီရှင် ဟု ‎ခေါ်ဆိုထိုက်ပေသည်။ နတ်သျှင်နောင်သည် ပျိုရွယ်စဉ်အခါကပင် ကဗျာရတုများကို နှစ်နှစ်ခြိုက်ခြိုက်လိုက်စားသည်သာ ‎မက စောင်းညင်းပတ်သာ တူရိယာတီးမှုတ်မှု၌လည်း ထူးချွန်စွာတတ်မြောက်လေသည်။ ထိုကဲ့သို့ ပင်ကိုယ်ဉာဏ် ပါရမီ ‎အခြေခံရှိရာကို မသိမသာလှုံ့ဆော်ပေးသော လုလင်၏ အတွင်းဓာတ်အချစ်စက်ကွင်းကလည်း ဓာတုကလျာမင်းသ္မီး အပေါ် ‎၌ ခပ်ပြင်းပြင်းလှုပ်ရှားထကြွကစားစဖြစ်လေရကား မိမိဖွဲ့ဆိုအပ်သော ရတုကဗျာတို့မှာ အချစ်သွေးဓာတ်နှင့် ရေးစပ်ဘိ ‎သကဲ့သို့ ဘတ်ကြားနာယူရသူတို့၏ စိတ်နှလုံးကို ယူကျုံးဆွဲဆောင်နိုင်လောက်အောင် ကဗျာဉာဏ်ရည်ပြောင်ခဲ့လေသည်။
နတ်သျှင်နောင်၏ ထူးခြားချက်တရပ်မှာကား ဖွဲ့ဆိုသုံးနှုန်းသော စကားလုံးများသည် များစွာယဉ်ကျေးသိမ်မွေ့၍ အနက် ‎အဓိပ္ပာယ် ပေါ်လွင်ကောင်းမွန်လှသောကြောင့် သဒ္ဒါလင်္ကာရ၊ အတ္ထာလင်္ကာရတို့ဖြင့် များစွာပြည့်စုံသည်ဟု ဆိုထိုက်လှပေ ‎သည်။ အနက်အဓိပ္ပာယ်တမျိုးတည်းပေါ်သော စကားလုံးကိုပင် တခုနှင့်တခု ထပ်တူမဖြစ်ရအောင် အမျိုးမျိုး အလဲအလှယ် ‎နှင့် သုံးစွဲနိုင်သဖြင့် စကားကြွယ်ဝသော စာဆိုဖြစ်ပေသည်။ ဥပမာအားဖြင့်ဆိုသော် မိန်းကလေးတဦးကိုပင် “လှလေးငြိမ့်၊ ‎ယဉ်နွဲ့နှောင်း၊ လှခေါင်နေ၊ ပြစ်မျိုးကင်း၊ ဝင်းမွတ်ညို၊ ခြောက်ယောက်နှောင်း” စသည်ဖြင့် အမျိုးမျိုး ဖွဲ့ဆိုနိုင်လေသည်။
နတ်သျှင်နောင်၏ စာပြိုင်ရတုများမှာ စာဆိုလုလင်၏ စကားကြွယ်ဝကြောင်းကို သက်သေခံလျက်ရှိ၏။ “တသောင်း ရှစ်ပြန်” ‎ချီ “တသောင်းရှစ်မည်” ချီ စာပြိုင်ရတုများတွင် အနက်အဓိပ္ပာယ်မှာ ထပ်တူပင်ဖြစ်သော်လည်း စကား အသုံးအနှုန်းမှာ ‎စာကိုယ်တခုနှင့်တခု မတူစေရဘဲ တမျိုးတဖုံစီ ဖွဲ့နွဲ့သုံးစွဲသည်။ ကုလီသဘင်ဘွဲ့ကျေးစေရတု စာပိုဒ်တွင် လည်း ‎ရွှေနန်းတည်မင်း၏ သားတော် (၄)ပါးတို့ကို …‎
‎”ကြီးထွေတန်ခိုး၊ ရင့်နိုးသမ္ဘာ၊ ရဲကျော်စွာ”‎
‎”သတိုးဓမ္မ၊ ရဲနေကျ”‎
‎”စက်ဝါနေထူ၊ သီဟသူ”‎
အစရှိသည်ဖြင့် ဘွဲ့အမည်များနှင့် ဂုဏ်ပုဒ်ကို တွဲဖက်၍ တဦးနှင့်တဦး မတူရအောင် ဖွဲ့ဆိုထားပေသည်။
မိုဃ်းဘွဲ့ရတုများကို ဖွဲ့ဆိုရာ၌လည်း မည်မျှများပြားလှသော်လည်း အဖွဲ့တခုနှင့်တခုတို့၏ စကားအသုံးအနှုန်း၊ အနက် ‎အဓိပ္ပာယ်များကို ထပ်တူမရှိရလေအောင် ဖွဲ့ဆိုနိုင်သည်မှာ များစွာချီးမွမ်းဘွယ်ရာဖြစ်ပေသည်။ ထို့ပြင်လည်း ထိုမိုဃ်းဘွဲ့ ‎ရတုများမှာ အချစ်ကိုအရင်းခံထား၍ ဖွဲ့ဆိုရသည်ဖြစ်သောကြောင့် သာမညမိုဃ်းဘွဲ့ရတုများထက်ပင် ယဉ်ကျေးသိမ်မွေ့လှ ‎ပေသည်။
စာဆိုသည် ရတုဖွဲ့ဆိုရာ၌ အချီအချညီ မင်္ဂလာပိုဒ်စုံရတုမျိုးကိုသာ ဖွဲ့ဆိုလေ့ရှိသည်။ တခါတရံ ယမကချီ၊ ယမကချနည်း ‎ဖြင့်လည်း ဖွဲ့ဆိုတတ်သည်။ ယတိဖြတ် စပ်ဆိုနည်း ကိုလည်း နှစ်ခြိုက်ဟန်တူသည်။ ဖွဲ့ဆိုအပ်သည့် ရတုများ၏ ပဒ အရေ ‎အတွက်မှာလည်း မယုတ်မလွန်သင့်တော်ရုံမျှသာဖွဲ့ဆိုတတ်သဖြင့် လိုရင်းလည်းရောက်အဓိပ္ပာယ်လည်းပေါက်လှပေသည်။ ‎အဖျားချနည်းတွင် စာဆိုသည် ခိုင်ညွန့်ခက်ဖြာ အဖျားချနည်းကို အသုံးပြုတတ်သည်။ “ခုနစ်တောင်စွန်” ချီ ကုလီသဘင် ‎ဘွဲ့ ကျေးစေရတုတွင်ကား “မြင်းဆက်ခွ အဖျားချနည်း” ကို သုံးစွဲထားသည်။
မင်္ဂလာပိုဒ်စုံရတုများ၏ အချို့အဖျားချများတွင် နတ်သျှင်နောင်သည် ဉာဏ်ကွန့်မြူး၍ တထူးတဆန်း ဖွဲ့နွဲ့သီကုံး ထားလေ ‎သည်။
‎”အာကာအသွန်” ချီ မိုဃ်းဘွဲ့ရတု စာကိုယ်၏ အဖျားချတွင် …‎
‎”ရွာဘိသည်လည်း ဟန်သာမိုဃ်း”။‎
‎”နွှဲလာသည်လည်း တရေးနိုး”။
‎”မရွှင်သည်လည်း ရှုညွှတ်ဖြိုး”။
အစရှိသည်ဖြင့် ရတုချဘွယ် ကြိယာခြောက်ဆယ်ကိုလည်း မလွန်ဆန်ဘဲ ကဗျာဉာဏ်ဆန်းပြား၍ အခြားရတုစာဆိုများနှင့် ‎မတူရလေအောင် ဖွဲ့နွဲ့ခဲ့သည်ဖြစ်ရာ သီဆိုရာ၌လည်း သဒ္ဒါလင်္ကာရနှင့် များစွာမှပင် ပြည့်စုံလေသည်။ ရွာသွန်းအံ့သော ‎မိုဃ်းကိုပင် ဟန်ချီ၍သာ ရွာမယောင်ပြုနေသော မိုဃ်း ဟူ၍ အနက်အဓိပ္ပာယ်ပေါ်လွင်အောင် ဖွဲ့ဆိုထားပြန်ရာ အတ္ထာ ‎လင်္ကာရဘက်တွင်လည်း အပြစ်ဆိုစရာမမြင်ပေ။
‎”နတ်လကျွန်း၌” ချီသော ဆောင်းဘွဲ့ရတုတွင်လည်း အဖျားချတွင် …‎
‎”စေဘိသည်လည်း အိုဘဲ့နှင်း။”‎
‎”တင့်ဘိသည်လည်း ညိုလဲ့ဝင်း။”‎
‎”ရွှန်းဘိသည်လည်း ပျိုနွဲ့ရှင်း။”‎
အစရှိသည်ဖြင့် ဆန်းကျယ်စွာ ဖွဲ့နွဲ့သီကုံးထားခဲ့လေသည်။ ထိုကဲ့သို့ ဆန်းသစ်သော အဖွဲ့မျိုးကို တောင်ငူခေတ်အတွင်းက ‎နဝဒေးကြီးသည် ဖွဲ့ဆိုခဲ့ဖူးလေပြီ။ ထိုကဲ့သို့ ဖွဲ့ဆိုခဲ့ဖူးသည်ကိုထောက်လျှင် နတ်သျှင်နောင်သည် နဝဒေးကြီးထံမှ နည်းနာ ‎များကို အတုယူလေသလောဟု ထင်မှတ်ဘွယ် ရှိလေသည်။
ရတုဖွဲ့ဆိုရာ၌ နတ်သျှင်နောင်သည် ဆီလျော်သော နေရာတွင် အလိုက်သင့် ထင်ရှားပေါ်လွင်သော ဥပမာစကားကိုသုံးနှုန်း ‎၍ ဖွဲ့ဆိုတတ်လေသည်။ မောင်တော်မင်းသားသည် မင်းသ္မီးကလေး၏အပေါ်၌ ကတိသစ္စာမတည်ကြည်ဘဲ စကားပျက် ‎ကွက်၍ ဝေ့လည်ဝေ့လည် ပြောဆိုတတ်သည့်အကြောင်းကို ပေါ်လွင်စေချင်သောကြောင့် …‎
‎”ပြဆန်းမဆင်” ချီ ရတုတွင် “ဆိုသရွေ့မူ၊ ပယ်တွေ့ညာကူး၊ ပုံမထူးသည်။ ။ တန်ခူးလေနှင့်လျော်တော့၏” ဟူ၍ တန်ခူးလ ‎တွင် တိုက်ခတ်သော လေရူးပမာ ပုံတင်၍ ရေးသားဖွဲ့ဆိုခဲ့၏။ ကုလီသဘင်ဖွဲ့ ကျေးစေရတုတပုဒ်တွင်လည်း ကျေးတမန်က ‎စကားမမှန်ဘဲ နှစ်မျိုးနှစ်တန်ရှုံးနိုင်ဟန်ကို လျှောက်ကြားရာတွင် မောင်တော်ဘုရားအတွက် ရတက်မအေးလှသော မင်းသ္မီး ‎က …‎
‎”ဆင့်ကဲပြန်ခေါက်၊ ဖွတ်လျှာလျှောက်သည်” စသည်ဖြင့် နှစ်ခွရှိသော ဖွတ်လျှာကဲ့သို့ နှစ်မျိုးနှစ်ဖုံစကားဖြင့် မမှန်မကန် ‎လျှောက်ကြားသည်ဟု အပြစ်တင်သည့်အနေမျိုး ပြောပုံဆိုပုံကို နိုင်နင်းစွာဖွဲ့ဆိုထားလေသည်။
နတ်သျှင်နောင်သည် သတ်ပုံသတ်ညွှန်းကိုလွန်စွာဂရုစိုက်သည်။ စာဆို၏ခေတ်တွင်သတ်ပုံသတ်ညွန်းကျမ်းများ ပေါ်ပေါက် ‎ဟန် မရှိသေးသော်လည်း စာဆိုသည် သူ၏ရတုများတွင် ခွဲထားသတ်ပုံများကို အဦးဆုံး ထည့်သွင်းဖွဲ့နွဲ့ခဲ့လေသည်။
‎”မှာခဲ့ရက်လျှင်” ချီရတုတွင် … “ခြောက်ယောက်နတ်နှောင်း၊ ပြာနွဲ့နောင်းသည်။
၎င်း ဒုတိယပုဒ်တွင် … “ကြာသရွေ့ကို၊ ချေ၍ကျေခက်။
‎”ဘဝဂ်ရှည့်ဝေ” ချီတွင် … “နယုန်သို့လျှင်၊ ရောက်မည်လျင်ဟု။”‎
၎င်း ဒုတိယပိုဒ်တွင် … “တုံ့ပြန်သောလျောက်၊ လျှောက်သ၍လည်း။”‎
‎”ဆက်ဒန်အိုင်သာ” ချီတွင် … “မိုးခြည်တိမ်ခြေ၊ ပြန်နှင့်ချေလော့။”‎
၎င်း ဒုတိယပိုဒ်တွင် … “စည်ရိုက်ပြိုလည်း၊ လက်နက်လှည်းမှ။”‎
‎”တင့်လှပေဟန်” ချီတွင် … “ရင့်မြရွှေကျန်၊ ရွက်မပွန်တည့်၊ ဝါကြန်နီမောင်း။”‎
‎”ဝေယန္တာတွင်” ချီတွင် … “မြော်မှတ်သာတွေ၊ မျှော်ရှုနေသား။”‎
‎”မထိုက်ရပ်ရာ” ချီတွင် … “ထပ်မျှဖန်လဲ၊ ကျွန်သာလှဲ၍၊ ဆကဲချစ်ဝန်။”‎
‎”ရှုတိုင်းထွေလည်” ချီတွင် … “မိုးလည်းပြောင်းသော်၊ လွမ်းပျောင်း စဟန်၊ ပြန်လာတော့မည်၊ ‎လွန်လာသည်ဟု …”‎
ဤသို့ဖြင့် သတ်ပုံခွဲထားကို ထည့်သွင်းစပ်ဆိုထားသည်မှာ သတ်ပုံကျမ်းပြုဆရာတို့၏အထဲတွင် အတော်အတန်ခေတ်ဦး ‎သည် ဟု ဆိုရပေမည်။
ဘုရားတိုင်ရတုများကို ဖွဲ့ဆိုရာ၌ တောင်ငူမြို့နယ်နိမိတ်အတွင်းရှိ ဘုရားစေတီများကို စေ့ငှအောင်ပင် စပ်ဆိုသည်။ ‎ထိုကြောင့် တောင်ငူရာဇဝင်အတွက် အထောက်အပံ့ရသည့်အပြင် ဗဟုသုတလည်းဖြစ်ဘွယ်ပင်။ ဘုရားတိုင်ရတုများကို ဖွဲ့ ‎သည့်အခါ စာဆိုသည် ဘုရားသမိုင်းနှင့် ဘုန်းတော်ဘွဲ့ကိုအကျယ်တဝင့် ဖွဲ့ဆိုလေ့မရှိ၊ လိုရင်းအချက် ဖြစ်သော မောင်မယ် ‎တို့၏ တိုင်ကြားမှု၊ တိုင်တည်မှု အကြောင်းအရာမျိုးစုံကိုသာတခမ်းတနားဖွဲ့ဆိုသည်။ ဘုရားတိုင်ရတု ဟုပင်ဆိုရသော်လည်း ‎ချစ်မေတ္တာကို အရင်းခံထား၍ ဆိုသည်ဖြစ်ရကား စကားအသုံးအနှုန်းမှာလည်း မယ်ဘွဲ့၊ မောင်ဘွဲ့၊ သစ္စာတိုင် တို့မှာ သုံးစွဲ ‎ဖွဲ့နွဲ့သကဲ့သို့ ယဉ်ကျေးသိမ်မွေ့သည်။
ဘုရားသမိုင်းချုပ်ကို အမွှမ်းတင်ရာ၌ “တသောင်းရှစ်ပြန်၊ လေးထောင်လွန်သား၊ ယုဂန်လှည့်သွား၊ လရထားနှင့်၊ ‎နတ်သားနီးကြ၊ သောကာလတွင်၊ သောကဓမ္မာ၊ ဌာပနာသား၊ သစ္စာဉာဏ်ပေါင်း၊ မရှုတောင်းသည်၊ ညီနှောင်းနောင်စော ‎မြတ်မုဋ္ဌော” ဟူ၍သာ သာမညစကားလုံးဖြင့်သာ သုံးနှုန်းဖွဲ့ဆိုထားသဖြင့် ထူးထူးခြားခြားကောင်းမွန်သည်ဟု မဆိုနိုင်ပေ။ ‎ဘုရားတိုင်ပင်ဖြစ်သော်လည်း မေတ္တာပိုင်းသို့ ကျရောက်လာသည့်အခါများတွင် အရှင်ဘုရား … မောင်တော်သည် ‎‎”အလွန်အကျူး၊ ဆိုစဦးက၊ ဖြည့်ဖြူးသည်သော်၊ နာသူပျော်မျှ၊ မတော်ဘဲပင်၊ တော်ရုပ်ဆင်၍၊ မကြင်လတုံ၊ ကြင်လတုံနှင့်၊ ‎မယုံကြည်သာ၊ လေပြေလာသို့” နားဝဝယ် တလုံးချင်း ရိုက်သွင်းပန်ကြား မိန့်ဆိုသည့်စကားများကြောင့် ဘုရားကျွန်တော်မ ‎မှာ မိုက်မှားမိပါတော့သည် အရှင်ဘုရား … ဟူ၍ သနားစဘွယ် တိုင်တည်၍နေတတ်လေသည်။
လွန်စွာမှ ရုန့်ရင်းကြမ်းတမ်း၍ နားမချမ်းဘွယ်သော အဖြစ်အပျက်ကိုပင်လျှင် ဂါမ္မဒေါသ တည်းဟူသော ဝါကျတ္ထအပြစ်မှ ‎လွတ်ကင်းအောင် သာယာနာပျော်ဘွယ်ရာစကားဖြင့် ဖွဲ့နွဲ့သီဆို၍ ချောင်းမမွေတော်ဘုရားကို တိုင်ကြားလိုရကား …‎
‎”ထားပြည့်ဝန်းရုံ၊ ဆင်ပုံမြင်းထွေ၊ စောင့်နှင့်နေလျက်၊ ရဝေခန်းချောင်၊ သလွန်ညောင်ဝယ်၊ ‎သုံးမြောင်ရံကာ၊ နေလှည့်ရာကို၊ စကြာလက်ရုံး၊ ကြိုးပြီးဆုံးမှ၊ နှလုံးဖောက်ပြန်၊ မတော်ဟန်ကို၊ ‎ရွှေဉာဏ်သခင်၊ သိစေချင်၍၊ ရွှေစင်ရောင်နွယ်၊ တင်ဆက်ရွယ်ကာ” လျှောက်ကြားရပါသည် ‎အရှင်မြတ်ဘုရား … ဟူ၍ ရေးသားထားလေသည်။
မိုးဘွဲ့ရတုများတွင်ကား မိုးနတ်ပဇ္ဇုန်အား ကြိမ်းမောင်း၍တမျိုး၊ တိုးလျှိုးတောင်းပန်၍တဖုံ၊ အပြစ်တင်၍တတန်၊ ယဉ်နွဲ့ဟန် ‎မူယာနှင့် ပျူငှာဆန်းပြားစွာ ဖွဲ့ဆိုတတ်လေသည်။ မိမိ၏ အလွမ်းမီးဒုက္ခကို ပိုမိုထန်သည်းအောင် ဖန်တည်းတတ်သည့် မိုး ‎နတ်သားအား ကြားသိအောင် ညည်းညူလိုသောကြောင့် …‎
‎”ဆွတ်ပျံ့ဘွယ်အောင်၊ ယုဂန်တောင်က၊ ဝေမှောင်အုံ့ပျ၊ နွေနှောင်းလကို၊ ခြိမ့်မျှသံလေး၊ ရင့်ရူကြွေးက၊ ‎နီးဝေးပတ်ကုံး၊ တိုင်းအလုံးဝယ်၊ ညွှတ်ရုံးကြာတူ၊ ဘော်နည်းသူကို၊ သည်းအူပြတ်ခေါင်၊ ‎ကြေလွယ်အောင်လျှင်၊ လေဆောင်ပြင်းထန်၊ ကြောက်ဘွယ်လွန်စွ၊ မြဟန်ရောင်ချိပ်၊ မှိုင်းတိရိပ်လျက်၊ ‎သုံးထိပ်တောင်ချာ၊ ဆီကသာလျှင်၊ လျှပ်ဝါပြက်သန်း၊ တိမ်ညိုတန်းသည်။ ။ ‎မထွန်းနေခြည်ရီတော့သည်” … စသည်ဖြင့် ဖွဲ့ဆိုတတ်လေသည်။
တခါတရံ စာဆိုလုလင်သည် မိမိ၏ အတွင်းသဘောဓာတ်အရင်းခံကို ဖွင့်လှစ်၍ပြတတ်လေသည်။ ‘စကားတွင်းက ဇာတိပြ ‎တတ်သည်’ ဟူသည်နှင့်အညီ နတ်သျှင်နောင်၏ အတွင်းစိတ်မာနသဘော လောဘဇောတို့သည် မကြာခဏ သူ၏ရတုများ ‎အတွင်းမှ ထွက်ပြူလာတတ်ပေသည်။ နတ်သျှင်နောင်သည် မင်းဧကရာဇ်အဖြစ်ကို မျှော်မှန်းပြီး လောဘဇောသန်းနေ ‎ကြောင်းကို ပြသည်။ ထို ဆွတ်ပျံ့ဘွယ်အောင် ချီ ရတုမှာပင် …‎
‎”တိမ်ရိပ်ချာက၊ ပတ်ညာပတ်ချုပ်၊ ရွာစရုပ်နှင့်၊ မှိုင်းအုပ်လှည့်ကာ၊ မလင်းကြာသော်၊ ရွှေသာပြောင်ဝင်း၊ ‎နန်းပြတင်းက၊ လေညင်းမြူးရွှင်၊ ကြည့်စဉ်တွင်၌၊ ဘုန်းအင်ကြီးလှ၊ ဆင်ထိုက်ရသား၊ မမျှပန်းချင်း၊ ‎မွှေးတုကင်းကို၊ မယွင်းသတိ၊ ရှုမိမိသည်၊ မျက်စိမူးလည် သီတော့သည်။”‎
စသည်ဖြင့် ပန်းထွတ်ချာဖြစ်သော မင်းအဖြစ်ကို မျက်စိထဲ၌ မြင်မိယောင် ဖြစ်နေသည်ဟု ရှင်ဥက္ကံသမာလာနှင့် ရကန်ဆရာ ‎ဦးတိုး တို့က ယူဆသည်။
စစ်ချီရတုများတွင် စစ်မြေတာမှ ချိန်းဆိုထားသော ရက်နေ့ကို ခန့်မီအောင် မပြန်နိုင်သဖြင့် မောင်တော် မင်းသားက ပူပုံနှင့် ‎မင်းသ္မီးက အမျှော်စိုက်ပုံမျိုးကို ရေးဖွဲ့လေ့ရှိသည်။ မင်းရေးမင်းရာ မကုံငသေးသည့်အတွက် စစ်မြေတာမှ မပြန်နိုင်သည်ကို ‎ဝမ်းနည်းရမည်ထက် နှမတော်မင်းသ္မီးကလေးက သူ့အပေါ် အထင်မှားပြီး မောင်တော်ဘုရားသည် …‎
‎”မှာခဲ့ရက်လျင်၊ ဆောင်းထက်မယွန်း၊ နွေမဆန်းတည့်၊ မဝန်းလေပြည်၊ မီလမည်ဟု၊ ဆိုသည်နှင့်ညီ၊ ‎ရောက်တန်ပြီလျက်၊ လွမ်းသီရစ်ခွေ၊ မဆင်လေဘဲ၊ ဖျော်ဖြေစရာ၊ စစ်မြေတာဝယ်၊ ပစာပျော်ဘွယ်၊ ‎ပျော်ကြောင်းချယ်၍၊ တို့ဝယ်ဆွတ်လွတ်၊ မေ့ကျန်တတ်ဟု၊ ထင်မှတ်စိတ်ဝယ်” ‎ဆွေးရတက်ဗျာပါကြွယ်ပြီးလျှင် အားငယ်တော် မူပေလိမ့်မည် … ဟူ၍ဆန်းပြားအောင် ‎ဖွဲ့ဆိုထားလေသည်။
ထို့ပြင်လည်း မောင်တော်ဘုရားသည် နှမတော်နှင့် မဖူးတွေ့ရသည်မှာ ကြာတောင်းကြာလှပြီဖြစ်၍ အချစ်ငွေ့ကို ခိုလှုံတော် ‎မူပြီး ပျော်ရွှင်ကာမခွဲမခွာနေချင်လှပါသော်လည်း မင်းရေးမင်းရာကြောင့်စစ်မှာကြာခဲ့ရပါသည်ဟု မောင်တော်မင်းသားလေး ‎က မင်းသ္မီးအား ပြောလေဟန်ကို ဆန်းဉာဏ်ထွေပြား ဂါမ္မဒေါသတည်းဟူသော လင်္ကာအပြစ်များမှ ကင်းစင်အောင် … ‎
‎”ရာသီပေါ်မှန်း၊ ထွေထွေပန်းကို၊ ထူးဆန်းစီယှက်၊ လှရာဖက်၍၊ မယ့်လက်စီရင်၊ ပန်ရဆင်အံ့၊ ‎သို့စင်မြင့်ကြာ၊ စစ်မှာလွမ်းမဲ့၊ နေလေခဲ့ဟု” စသည်ဖြင့် ရေးဖွဲ့ခဲ့ပြန်သည်။
သစ္စာတိုင်ရတုများတွင် နတ်သျှင်နောင်သည် ချစ်သူမင်းသ္မီးကလေး၏ လှပသော ရူပါရုံကို ရှေးဦးစွာဖွဲ့ဆိုလေ့ရှိသည်။ စွမ်း ‎ဆောင်သော ပန်းချီဆရာသည် မိန်းမပျိုတဦး၏ပုံကို ရိုးရိုးနှင့် နှစ်သက်စဘွယ်ဆေးရောင်စုံဖြင့် ခြယ်လှယ်မွမ်းမံနိုင်သကဲ့ သို့ ‎နတ်သျှင်နောင်သည်လည်း လူတို့၏ စိတ်မျက်စိပဿာဒကို ဟဒယရွှင်မြူး ဘဝင်နူးအောင် ပုံကူးရေးဖွဲ့ ရတုဖြင့်လည်း နွဲ့ ‎တတ်ပေသေးသည်။ ဇင်းမယ်ဘုရင်နှမ ရာဇဓာတုကလျာမင်းသ္မီး၏ လှပကြော့ရှင်းသော ရူပါရုံကို ရုတ်ခြင်း ဖွဲ့ဆိုတော်မူပုံ ‎အား … ကြွ
‎”တင့်လှပေဟန်၊ ဘက်မရန်တည့်၊ ခြောက်တန်နတ်ရွာ၊ ဘုံကလာသို့၊ ပြာပြာလတ်လတ်၊ ‎မွတ်မွတ်ညက်ညက်၊ ရွှန်းရွှန်းစက်မျှ၊ ဝန်းလက်ရောင်ရွှေ၊ အခေါင်ပေတည့်၊ တောင်နေနတ်ဟန်၊ ‎မြတ်သစ်ကြန်နှင့်၊ ပန်းမာလ်ရေးချေ၊ ထုံးနေမကြော၊ ပတ်လျောဆံကြာ၊ ကျတိုင်းသာလျှင်၊ ‎ရွှေဝါပိတ်ရှင်း၊ တည်ချင်းစံပယ်၊ နံ့ကြွယ်လှိုင်ကြူ၊ မဉ္ဇူမျက်မည်း၊ ပေါ်ထပ်စည်းနှင့်၊ မရည်းမထင်၊ ‎ဖြုတ်ချည်းမြင်က၊ နတ်ပင်ယိုးမှား၊ ဝိုးဝါးတွေးချွတ်၊ ကိုယ်လုံးညွှတ်သည်။ ။ ဘုံထွတ်နန်းတောင် ‎ပေတို့လော”‎
စာဆိုလုလင်တွင် ထူးခြားသော အချက်တခုကား ရတုများရေးရာ၌ မိမိဝမ်းတွင်း၌ စိတ်ကူးနှင့်မဟုတ်ဘဲ လှိုက်လှိုက်လှဲလှဲ ‎ဖြစ်ပေါ်လာသော အတွင်းသဘောဓာတ်က တဖျပ်ဖျပ်လှုပ်နှိုး၍ စိတ်ကြိုးစုံကသည့်အခါ၌သာ ရေးသားဖွဲ့နွဲ့လေ့ရှိသော ‎ကြောင့် သူရေးသောစာတို့သည် အကယ်စင်စစ် ဘတ်သူတို့၏ စိတ်ဓာတ်ကို ထိခိုက်လေသည်။ အကယ်၍ နတ်သျှင်နောင် ‎သည် အချစ်နှောင်ကြိုး၌သာ မငြိတွယ်ဘဲရှိခဲ့ပါလျှင် သူ၏စာတို့သည်လည်း ယခုတွေ့ရသလောက် ကောင်းချင်မှကောင်း ‎မည်။ ထိုကြောင့် နတ်သျှင်နောင်အား ရတုတံခွန်စိုက်ဖြစ်အောင် ဖေးမနေသူကား စာဆိုလုလင်၏ချစ်မေတ္တာ ကျင်လည် ‎ကျက်စားရာဖြစ်သည့် ရာဇဓာတုကလျာမင်းသ္မီးပင်ဖြစ်ပေသည်။
ချစ်သူကို မြှောက်ပင့်ဖွဲ့ဆိုရာ၌လည်း မြေမိုးမတန်အောင် ဖွဲ့ဆိုတတ်သဖြင့် စာဆိုလုလင်ကို တုပြိုင်ဖွဲ့ဆိုနိုင်သူပင် မရှိ ‎သလောက် ဖြစ်တော့သည်။ လုလင်၏မြှောက်ပင့်ခြင်းခံရသူ မင်းသ္မီးတို့သည် အဘယ်မျှပင် ကျောက်စာတိုင်သို့ မယိမ်း ‎မယိုင် စိတ်ခိုင်စေကာမူ လုလင်၏ ကဗျာအမှု စာအညုကြောင့် ပြုသမျှ နုရမည့် ဘဝသို့ ရောက်ရတော့သည်။
ခြောက်ရပ်သော နတ်ပြည်က ရုပ်ရည်မှာတုမရှိသော မိဖုရားတောင်ညာတင်တို့သော်မှ နှမတော်မင်းသ္မီးနှင့်ပြိုင်လာလျှင် ‎အကုန်ရှုံးပြီး လူ့တဘုန်း နတ်မက သူကလေးသည် မိုးဝဘုံသာ ငွေသော်တာကို ကြယ်တာရာ ဝန်းရံသလို တင့်ရွှန်းစံပြီး နေ ‎ပါလိမ့်မည် ဟု မြှောက်ပင့်လိုသဖြင့် …‎
‎”တူခန့်ဘက်ပြိုင်၊ စံသာတိုင်သား၊ ခြောက်ဆိုင်မြင့်ခန်း၊ လှတဝန်းဝယ်၊ တောင်စွန်းညာဖျား၊ ‎ထွတ်တင်ထားနှင့်၊ နှစ်ပါးနှိုင်းရှည့်၊ နှုန်းလာလှည့်လည်း၊ ဖြိုးပြည့်လလျှံ၊ ကြယ်နှယ်ရံလိမ့်၊ ‎ဘယ်လံခြားဝေး၊ မုလေးညွန့်ဖူး၊ စပယ်ဦးသို့၊ အကျူး အလွန်၊ ဆယ်ပြန်ဆယ်တက်၊ ဆယ်ဆသက်ကို၊ ‎နှစ်ချက်မထင်၊ ဆက်ပါချင်၏။”‎
စသည်ဖြင့် ဖွဲ့ဆိုထားလေသည်။
နတ်သျှင်နောင်၏ကျေးစေရတုများသည် ဗဟုသုတ များစွာပေးပေသည်။ ဤရတုများကိုဖွဲ့ဆိုရာ၌ စာဆိုသည် အဖွဲ့အနွဲ့ ‎ယဉ်ကျေးဆန်းပြားပုံကို များစွာ ဂရုမပြုတော့ဘဲ ကုလီသဘင်ဘွဲ့၊ ထိုးကွင်းဘွဲ့ အစရှိသော ခေတ်ပေါ်အပြုအမူမျိုးကို ‎တခမ်းတနား ဖွဲ့ဆိုထားသည်။
ထိုးကွင်းကို ဖွဲ့ဆိုရာ၌ ထိုခေတ်၊ ထိုအချိန်၊ ထိုအခါက ယောက်ျားများသည် အရွယ်ရောက်လျှင် ထိုးကွင်းထိုး၍ ကျားကျား ‎ယားယား ရှိရမည့်ပုံ၊ မိန်းမသားများကဲ့သို့ ယဉ်နွဲ့ဟန်မူယာနှင့် ကညာမဆန်ထိုက်ကြောင်း သိသာပေါ်လွင်အောင် ရေးသား ‎ထားသည့်ပြင် ထိုးကွင်းမရှိသော မင်းသားများကိုပင် မင်းသ္မီးများက မကြိုက်မနှစ်သက်ကြကြောင်း၊ ထိုးကွင်းရှိသူကိုမှ ‎အရေးပေးကြကြောင်း ရေးသားထားလေသည်။ နတ်သျှင်နောင်၏ ညီတော်တပါးဖြစ်သော မင်းရဲကျော်စွာသည် လူလား ‎မြောက်ချိန်တိုင်အောင် ထိုးကွင်းမရှိသေးသဖြင့် ချစ်သူ မင်းသ္မီးကလေးက …‎
‎”မောင်တော်ဘုရားသည် ကေသရာဇာခြင်္သေ့မင်းကဲ့သို့ ရဲရင့်တည်ကြည်သည့် နှလုံးပင်ရှိပါသော်လည်း ထိုးကွင်းမင်ကြောင် ‎မရှိသေးသည့်အတွက် မောင်တော်၏ မေတ္တာကို တုံ့ပြန်သင့်၊ မတုံ့ပြန်သင့်နှင့် တွေးချင့်ဝေခွဲမရနိုင်ဘဲ ရှိပါသေးသည်” ‎စသည်ဖြင့် မောင်တော်မင်းသားအား ပြက်ရယ်ပြုလိုသောကြောင့် …‎
‎”ကြံ့ခိုင်ရုပ်ဝါ၊ ကေသရာသို့၊ နန်းလျာအလတ်၊ ခါးမပတ်က၊ လေးမြတ်ခြင်းရာ၊ မိန့်တော်စာနှင့်၊ ‎မေတ္တာချစ်ကြည်၊ ရစ်လာသည်ကို၊ ရှိရည်မချန်၊ လျှောက်လိုက်ဟန်မူ၊ ပျို့အန်ဘွယ်အောင်၊ ‎သလင်းတောင်နှင့်၊ မြရောင်တဝက်၊ နန်းပွင့်ဆက်ကို၊ နှစ်ချက်ကြံစည် တွေးသေးသည်” ဟူ၍ ‎ဖွဲ့ဆိုထားလေသည်။
ထိုအခါ မောင်တော်မင်းသားက သူ့မှာ ယခုအခါတွင် ထိုးကွင်းရှိပြီဖြစ်၍ နှမတော်၏မေတ္တာကို ခံယူရပါမည့်အကြောင်းနှင့် ‎ကျေးစေလိုက်သည်မှာ …‎
‎”နှစ်တွေးရိပ်မှောင်၊ မရှိအောင်ကို၊ မြရောင်လွှမ်းရစ်၊ ပတ်သည်ဖြစ်ကို၊ ကျစ်လျစ်ထွေထွေ၊ ‎လျှောက်ချေစေ၍၊ စေ့ရေပြန်ခေါက်၊ ကျွန်ုပ်လျှောက်ရှင့်၊ ချစ်ဖောက်မလွဲ၊ သစ္စာမြဲသည်၊ မင်းရဲကျော်စွာ့ ‎တမန်သော”‎
ဟူသော စကားလက်ဆောင်ဖြင့် ကျေးတမန်ကို စေလွှတ်၍ လျှောက်ကြားစေသည့်အဟန် ရေးဖွဲ့ထားပြန်သည်။
ကျေးစေရတုများတွင် စာဆိုသည် ကျေးတမန်၏အမျိုးအမည်နှင့် ဂုဏ်ထူးဝိသေသများကို အထူး အရေးယူ၍ ဖွဲ့ဆိုလေ့ ‎ရှိသည်။
‎”အထွတ်ထက်မှာ၊ တောင်တကာလည်း၊ သီတာခုနစ်၊ နေလရစ်၍၊ ကသစ်ရှိရာ၊ ဝတိံသာဝယ်၊ ‎သုဝါသုရ၊ ရာဇနွယ်မြတ်၊ စဉ်မပြတ်တည့်၊ ပျံ့ဆွတ်နွယ်မှည့်၊ ဖြေဖြည့်ဖျော်ဖြား၊ နတ်နှစ်ပါးလျှင်၊ ‎ဘုန်းအားနှင်းသ၊ ရောက်သည်ကပင်၊ နုတ်စဆိုင်ကျွေး ရွှေချိုင့်မွေး။”‎
စသည်ဖြင့် ကျေးခေါ်အာလုပ်ကိုပင် တခမ်းတနား တန်ဆာဆင်ကာ ဖွဲ့နွဲ့တတ်သည်။
ကုလီဘွဲ့ ကျေးစေရတုများကိုလည်း နတ်သျှင်နောင်သည် ဗဟုသုတဖြစ်ဘွယ်ရာ စပ်ဆိုခဲ့သည်။ ကုလီဘွဲ့ဆိုသည်မှာ ယခု ‎အခါ အနောက်နိုင်ငံသားတို့ ပိုလိုရိုက်ကစားနည်းမျိုးပင်ဖြစ်ဟန်တူသည်။ ဤကုလီရိုက်နည်းမျိုးကို ပေါ်တူဂီ လူမျိုးများထံမှ ‎အတုယူသည်ဟု ဆိုကြကုန်သည်။ အချို့ကမူ ဤကစားနည်းမျိုးသည် မဏိပုရ ကသည်းမြင်းစစ်သည်တို့၏ ကစားနည်း ‎ဖြစ်သည်ဟု ဆိုကြသည်။ စာဆိုလုလင်သည် ကုလီပွဲကို များစွာစိတ်ဝင်စားဘွယ်ရာကောင်းအောင် ရတုကဗျာဖြင့် ဖွဲ့ဆို ‎နိုင်သည့်အတွက် များစွားချီးမွမ်းဘွယ်ရာဖြစ်သည်။ ရတုကဗျာနှင့်ပင် မဆိုထားနှင့်ဦး၊ ရိုးရိုးစကားပြေဖြင့်ပင် ကစားပွဲတခု ‎အကြောင်းကို ဘတ်ရှုသူတို့ စိတ်ဝင်စားဘွယ်ဖြစ်အောင် ရေးနိုင်ရန် လွန်စွာမှ ခဲယဉ်းသည်။
‎”သို့သည်ခတ်ချက်၊ ငါတို့ဘက်က၊ လျှပ်ပြက်သောဟန်၊ ကြိုး၍လန်လှည်း၊ လက်မြန်သူက၊ ‎စက်မီးကျသို့၊ စကြာ့သခင်၊ ဘဝရှင်လည်း၊ ကျင်လျင်စဟန်၊ လက်မြန်လက်ကောင်း၊ ‎မတင့်ကောင်းတည့်၊ နန်းလောင်းပွင့်လျာ၊ ရဲကျော်စွာလည်း၊ မာန်ပါခတ်သံ၊ မိုးကြိုးချွံသို့၊ နှိုင်းစံမဲ့ထွေ၊ ‎တင့်လှပေ၏၊ ပွဲရေလည်လည်၊ အတည်တည်သည်။ ။ နိုင်မည်ကိုပင် ရည်းကြထင်။”‎
စသည်ဖြင့် ကုလီပွဲတွင် အားကြိုးမာန်တက်ကစားကြပုံကိုဖော်ပြပြီး ကစားနည်းကိုလည်း စိတ်ဝင်စားဘွယ်ရာဖြစ်အောင် …‎
‎”သတိုးမင်းကျော်၊ ဘက်တော်ကိုပင်၊ သူထင်မိလျက်၊ လိုက်လံဖျက်သော်၊ တောင်ဘက်ပို့မြဲ၊ မပို့ဘဲနှင့်၊ ‎မင်းရဲကျော်စွာ၊ ရိုက်တုံပါလည်း၊ မြောက်မှာစက်ပါး၊ တဖန်ခြားခဲ့၊ ကြိုးစားပန်းရှူ၊ သီဟသူလျှင်၊ ‎ဘမ်းယူမြှောက်ချီး၊ ကုလီသီးကို၊ မြေကြီးတွင်သာ၊ ယာလိုက်ကာတည့်။”‎
စသည်ဖြင့် ကျေးတမန်က နှမတော်မင်းသ္မီးကလေးအား ပြန်၍လျှောက်ကြားဟန်အနေမျိုးဖြင့် ရေးသားထားလေသည်။ ဤ ‎ကျေးစေ ကျေးပြန်ရတုများကိုထောက်ရှုခြင်းအားဖြင့် ရှေးခေတ်ရှေးအခါက မိန်းကလေးများပင်လျှင် ကုလီပွဲကို စိတ်ဝင်စား ‎ကြကြောင်းနှင့် ယောက်ျားပီသမှသာလျှင် သဘောနှစ်ခြိုက်ကြကြောင်း သိရှိရလေသည်။
ဤသို့အားဖြင့် နတ်သျှင်နောင်သည် အဘက်ဘက်က အလစ်အလပ်မရှိရအောင် နေရာနှင့်နေရာ ဆန်းပြားစွာ ဖွဲ့ဆို ‎ရေးသားတတ်သည့် ကဗျာ့ပါရဂူဖြစ်သောကြောင့် တောင်ငူခေတ်စာဆိုတို့အနက် နတ်သျှင်နောင်၏အမည်သည် လွန်ကဲ ‎တင့်ရွှန်းစွာ ပွင့်လန်းခြင်းဖြစ်ခဲ့ရပေသတည်း။
———-

In: နတ်သျှင်နောင် Posted By: Date: Apr 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment