Professional Authors

နတ်သျှင်နောင်၏ အတ္ထုပ္ပတ္တိ (၃) – စာဆို စစ်ဘုရင်

စာဆို စစ်ဘုရင်

သီဟသူရ ဘွဲ့မည်ရင်းခံ တောင်ငူဘုရင်နတ်သျှင်နောင်သည် မြန်မာစာပေလောကတွင် ရတုဖွဲ့ဆိုခြင်း၌ အထူးထင်ရှားသော ‎စာဆိုတော်ကြီး ဖြစ်ပေသည်။ စကားလုံးကြွယ်ဝသူဖြစ်သောကြောင့် အဓိပ္ပာယ်တူသော်လည်း၊ စကားလုံးချင်းမထပ် ‎တူရအောင် သုံးစွဲနိုင်သဖြင့် ထူးခြားသည်။ အနုပညာဖြစ်သော စာဆိုမှု၊ တီးမှုတ်မှုတို့၌သာ လိမ္မာတတ်မြောက်သည် ‎မဟုတ်၊ ဆင်စီး၊ မြင်းစီး၊ ဓားခုတ်၊ လှံထိုး စသော လက်ရုံးရည်၌လည်း ကျွမ်းကျင်လေသည်။

နတ်သျှင်နောင်။ ။ မြန်မာစာပေလောကတွင် ရတုဖွဲ့နွဲ့ရာ၌ တံခွန်စိုက်ခဲ့သော နတ်သျှင်နောင်သည် သက္ကရာဇ် ၉၆၄-‎ခုနှစ်တွင် တောင်ငူဘုရင် ရွှေနန်းကို သိမ်းမြန်းအုပ်စိုးတော်မူသော မဟာဓမ္မရာဇာဘွဲ့ခံ တောင်ငူရွှေနန်းတည်မင်း၏ ‎သားတော်ဖြစ်သည်။ သက္ကရာဇ် ၉၄၀-ပြည့်နှစ်တွင် ဖွားမြင်၏။ ဘွဲ့မည်ရင်းမှာ သီဟသူရဖြစ်သည်။ သက္ကရာဇ် ၉၇၁-ခုတွင် ‎သီဟသူရဟူသောဘွဲ့ဖြင့်ပင် တောင်ငူရွှေနန်းကို ဆက်ခံသိမ်းပိုက်သည်။
နတ်သျှင်နောင်ငယ်စဉ်ကပင် အတီးအမှုတ်အဆိုတို့တွင် ဝါသနာပါတော်မူသည်။ တောင်ငူရွှေနန်းတွင် စောင်း၊ ငြင်း၊ ‎ပတ်သာ တူရိယာ တတ်သူတို့ကို မွေးမြူချီးမြှောက်၍ ကိုယ်တော်တိုင်ကလည်း ထိုအတတ်များကို ကောင်းစွာ ‎ကျွမ်းကျင်သည်။ သို့ဖြစ်ရကား၊ ရတုကဗျာဖွဲ့နွဲ့ရာတွင် ထို ဂီတပညာ၏ အထောက်အပံ့ကို များစွာရခဲ့၏။ အနုပညာဖြစ်သော ‎ဆိုမှု တီးမှုတ်မှုတို့၌သာ လိမ္မာတတ်မြောက်သည်မဟုတ်၊ ဆင်စီး၊ မြင်းစီး၊ ဓားခုတ်၊ လှံထိုး စသည့် လက်ရုံးရည်၌လည်း ‎ကျွမ်းကျင်တော်မူ၏။ ဝါသနာလည်း များစွာ ပါသဖြင့်၊ နှစ်စဉ်နှစ်တိုင်း ပေါင်းလောင်းမြစ်၏ အနောက် သာယာလှသော ‎မြေပြင်တွင် ဆောင်းလရာသီတိုင်း ဆင်ခင်း မြင်းခင်းပွဲကို ကျင်းပ၍၊ ဆင်မြင်းတို့၏ အရည်အချင်းကို စမ်းစေသည်။ ‎ဦးရီးတော် ဟံသာဝတီဘုရင် စစ်ချီတိုင်း နတ်သျှင်နောင် မလိုက်မပါရသည့်အခါဟူ၍ မရှိ။ ထိုမျှသာမကသေး၊ ကိုယ်တော်၏ ‎စိတ်ပျော်ရွှင်မှုကို အလေးပြုကာ သိုးဆောင်း တို့က ပိုလိုဟုခေါ်သော ဂူလီ (ကုလီ)သဘင်ကိုလည်း၊ မကြာခဏ ညီတော် ‎ဦးရီးတော်တို့နှင့်အတူ ကစားတော်မူတတ်၏။ သာဓကပြဆိုရသော် နန်းတော် မြောက် ဈေးလမ်းကို အညီ ညှိစေ၍၊ ‎မင်းညီမင်းသား မှူးမတ်အပေါင်းကို ဂူလီ ကစားပျော်ရွှင်စေသည်။ မိမိကိုယ်တိုင်လည်း ကစားပျော်ရွှင်တော်မူသည်။ ‎ထို့ကြောင့်ပင်၊ ‘နေမင့်နွယ်ရင်း၊ မင်းထက်မင်းလျင်၊ သလင်းအုပ်စီ၊ နန်းမြေဝယ်၊ ကုလီသဘင်၊ မြင်းနှင့်ရွှင်၏။’ ဟု ‎‎’ဝေယန္တာတွင်’ ချီရတုတွင် ကုလီသဘင်ကစားပျော်ရွှင်ဟန်ကို စပ်ဆိုခဲ့ခြင်းပင်ဖြစ်သည်။
ရတုကဗျာစပ်ဆိုမှု၌ သူမတူအောင် လက်စွမ်းထက်သည့်ပြင်၊ စကားလုံးလည်း ကြွယ်ဝသူ ဖြစ်သည့်အလျောက် ‎အဓိပ္ပာယ်တစ်မျိုးတည်းကို စကားလုံး အမျိုးမျိုးပြောင်း၍ ရေလဲနှင့် သုံးသွားနိုင်သူ ဖြစ်လေသည်။ တနည်းကား၊ ‎ကြိယာတခုတည်းကို အဓိပ္ပာယ်အမျိုးမျိုးပေါက်အောင် အခြားအကူအညီ မယူဘဲ ရေးသားဖွဲ့နွဲ့တတ်သည်ဟူ၏။ ‎အကြောင်းအရာတခုတည်းကိုလည်း စကားပရိယာယ် အမျိုးမျိုးဖြင့် ဖော်ပြတတ်သည်။ ပုံစံအားဖြင့် ‘တသောင်းရှစ်ပြန်’ ချီ ‎ရတု၌ အခံပိုဒ် အလိုက်ပိုဒ်များကို အဓိပ္ပာယ်သဘောချင်း ထပ်တူဖြစ်သော်လည်း၊ စကားလုံး မထပ်ရအောင် သုံးစွဲခဲ့ပုံမှာ – ‎
‎’တသောင်းရှစ်ပြန်၊ လေးထောင်လွန်သား၊ ယုဂန်လှည့်သွား၊ လရထားနှင့်၊ နတ်သားနီးကြ၊ သောကာလတွင်၊ သောကဓမ္မာ၊ ‎‎ဌာပနာသား၊ သစ္စာဉာဏ်ပေါင်း၊ မရှုတောင်းသည်၊ ညီနှောင်းနောင်စော ‎မြတ်မုဋ္ဌော။ ။ ကြာမောနေ့ရက်၊ ‎သက်ဆက်သည်ချည်း၊ မနည်းကုံးသီ၊ များလေပြီတည့်၊ နွှဲမှီတူစုံ၊ ဘုန်းချင်းဆုံကို၊ ကြေးမုံအသွင်၊ ‎ရှုမြင်နေကျ ၊ ပါချင်လှ၍၊ ‎ထိန်းယရွှေဘော်၊ လျှောက်ပါသော်လည်း၊ နားတော်မညွတ်၊ ဆင်းကြာနတ်သည်။ ။ နှုတ်လွှတ်မပါ ‎မြွက်သောကြောင့်။’ ‎ဟူ၍ အခံရတု တပိုဒ်ကို စပ်ဆို သီကုံးပြီးလျှင် -‎
‎’တသောင်းရှစ်မည်၊ လေးထောင်တည်ကို၊ ရစ်သည်လှည့်ပတ်၊ လပြာသာဒ်နှင့်၊ ရန်နတ်နီးခိုက်၊ သောစဉ်ကြိုက်ဝယ်၊ ‎‎ထိန့်ရိုက်သပြေ၊ အာဏာမွှေသား၊ သရေဓမ္မ၊ သောကရွှေမှောက်၊ တည်ခဲ့မြောက်သည်၊ ကျောက်ဆောက်လျှံပြောင် ‎‎(ကျောက်ဆောင်လျှံပြောင်)၊ ‎မိတည်းနောင်။ ။ ရည်စောင် လနှစ်၊ အသစ်အသင့်၊ ကြားဆင့်လေသံ့၊ မပျံ့စဘူး၊ အမူးအမော်၊ ‎ကြိုးသည်သော်ကား။ ‎နားတော်ပျံ့ညောင်း၊ ညွတ်ချင်ကောင်းဟု၊ ရွေ(ရွှေ)ပေါင်းလှည့်ဖြား၊ လျှောက်ပါငြားလည်း၊ ‎ရွှေသားမြလျှံ၊ ‎မွတ်ညက်စံသည်။ ။ ချစ်သံမြွက် မခြည်သောကြောင့်။’ ဟူ၍ အလိုက်ရတုကို စီကုံးခြင်း ဖြစ်လေသည်။ ချစ်သူ ‎ဓာတုကလျာ၏ ရူပါရုံကိုဖွဲ့နွဲ့သော ‘လှခေါင်ငြိမ့်’ ‘လှမျိုးကြွယ်’ ဟူသော အာလုပ်အခေါ်အဝေါ်ကလေးများသည် ‎နတ်သျှင်နောင်၏ ကဗျာတို့တွင် အမျိုးမျိုးသော ဝေါဟာရကြွယ်မှုကို ပြပေသည်။ ဓာတုကလျာကား ‎ဟံသာဝတီဆင်ဖြူများရှင် မင်းတရားကြီး၏ သမီးတော် ဖြစ်သည်။
ယင်းသို့ အဆင်းအင်္ဂါနှင့် ပြည့်စုံလှသော ဓာတုကလျာအား စွဲမက်နေရကား၊ စာအညုကဗျာကလေးများမှာ ‎အဆန်းတကြယ်ထွက်ခဲ့၏။ ‘ရှစ်ဆိုင်ရွက်ကြာ’ ချီ စာတော်တွင်၊ ‘နှစ်ပြိုင်ဘက်ရာ(ရှာ)၊ ဝတိံသာမှ၊ စံရာစံထား၊ ရွေးခဲ့ခြား၍၊ ‎သိကြားတမျှ၊ ပြိုင်လှာသလည်း၊ သော်တာ့ရောင်တွင်၊ ‎‎ကြယ်နှယ်ထင်ဟု‎’ ဟူ၍ ကွင်းကွင်းကွက်ကွက်ပေါ်လွင်စွာ ‎စပ်ဆိုခဲ့၏။ မယ်ဘွဲ့ မောင်ဘွဲ့ ရတုများအပြင်၊ ဘုရားဘွဲ့ စစ်ချီရတု မိုးဘွဲ့ ရာသီဘွဲ့ စသည်တို့ကိုလည်း စပ်ဆိုခဲ့သေး၏။ ‎အထူးသဖြင့် မယ်ဘွဲ့ မောင်ဘွဲ့ရတုများ၌ နတ်သျှင်နောင်၏ စာသည် မင်းနဝဒေးကြီး၏စာထက် သာလေသည်။ သို့ရာတွင် ‎ဘုရားတိုင်ရတု ၌မူ နဝဒေးကြီးက နတ်သျှင်နောင်ထက် ဗဟုသုတသာကြောင်း ထင်ရှား၏။ (နဝဒေးကြီး-လည်းရှု။)‎
သက္ကရာဇ် ၉၇၄-ခုနှစ်တွင် သံလျင်မြို့စား ကုလားငစင်္ကာနှင့် မုတ္တမမြို့စား ဗညားဒလတို့ တောင်ငူသို့ချီတက်တိုက်ခိုက်ရာ၊ ‎သံလျင်သို့ ပါသွားလေသည်။ အင်းဝဘုရင် မဟာဓမ္မရာဇာမင်းမြတ်သည် ထိုအကြောင်း ကြားတော်မူသဖြင့်၊ ထိုနှစ်တွင်ပင် ‎သံလျင်မြို့ကို ချီတက်တိုက်ခိုက်ရာ အောင်မြင်သည်။
အောင်မြင်ပုံမှာ ဤသို့ဖြစ်၏။ သက္ကရာဇ် ၉၇၄-ခုနှစ် တန်ခူးလပြည့်နေ့တွင် မြန်မာသူရဲကောင်းတို့သည် ‎အရှေ့မျက်နှာတံခါး၌ အစောင့်ထားသည့် ပေါတုဂီ ၁၂-ယောက်ကို ညဥ့်တချက်တီးကျော်တွင် ထိုးခုတ်သတ်ဖြတ်၍၊ ‎မြို့တံခါးကို ဖွင့်ပေးသည်နှင့် မင်းမဟာဓမ္မရာဇာ၏ ရဲမက်တို့သည် တဟုန်တည်း ဝင်ကြသည်။ မြို့လေးမျက်နှာကလည်း ‎တညီတညွတ်တည်း တက်ကြသည်နှင့် မခံမရပ်နိုင်ဘဲ၊ ထိုနေ့ မိုးလင်းတွင် သံလျင်မြို့ပျက်လေသည်။ သံလျင်ပျက်လျှင် ‎ဗိုလ်မှူးငစင်္ကာနှင့် နတ်သျှင်နောင်ကို လက်ရဖမ်းမိသည်။ ထိုနောက် မဟာဓမ္မရာဇာက ငစင်္ကာအား-‎
‎”ငါအကြိမ်ကြိမ် စာပေးမှာထားသည်။ ငါ့ရန်သူကို အပ်ရမည်ဆိုသည်ကို မပေးမအပ်နေသည်မှာ ယခုငါ့လက်သို့ ရောက်ပြီ။ ‎‎အသနားခံ၍ တောင်းပန်လျှင် ချမ်းသာပေးမည်” ဟု မိန့်တော်မူလေသည်။
ပေါတုဂီဗိုလ်မှူးကလည်း “ကျွန်ုပ်တွင် အပြစ်မရှိသည်ကို အဘယ်ကြောင့်တောင်းပန်ရမည်နည်း၊ အရှင်မင်းကြီး၏ ရန်သူ ‎ဖြစ်ခဲ့လျှင် ခပ်သိမ်းသောသူအပေါင်းတို့၏ ရန်သူဖြစ်ရတော့အံ့လော၊ ‎ကျွန်ုပ်အား မိတ်ဖွဲ့လာလျှင် ကျွန်ုပ်၏ မိတ်ဆွေ ‎ခင်ပွန်းဖြစ်သည်။ မိတ်ဆွေခင်ပွန်းကို အမှန် မချွတ်မယွင်း စွမ်းဆောင်ရမည် ‎ဖြစ်၍ စွမ်းဆောင်ပေသည့်ဓမ္မတာအတိုင်း ‎တနေ့မွေးလျှင် တနေ့သေရမြဲဖြစ်သည်။ ယခု အရှင်မင်းကြီး၏လက်သို့ရောက်၍ ‎ပြုလိုရာပြုနိုင်မည်ပင်ဖြစ်တော့သည်။ ‎သို့ရာတွင် ကျွန်ုပ်နှင့်တောင်ငူမင်းမှာ သေလျှင်သေချင်း၊ ရှင်လျှင်ရှင်ချင်း၊ သစ္စာကတိ ‎ကြီးစွာရှိသည်။ သေလျှင်လည်းအတူ၊ ‎ရှင်လည်း အတူတူဖြစ်လိုသည်” စသည်ဖြင့် မတုန်မလှုပ် လျှောက်ကြားသည်။ (ဒီဗရစ်တို-ရှု။)‎
တဖန် တောင်ငူမင်းကို စစ်မေးပြန်လျှင်လည်း “ငါ့အကြောင်းကို စစ်မေးလျှင် ငါ့အကြောင်းကို သိပြီးပင် ဖြစ်တော့သည်။ ဤ ‎‎ပေါတုဂီအမျိုးသားတို့နှင့် ပေါင်းယှက်၍ တသွေးတည်းတသားတည်းဖြစ်ပြီးရကား၊ သေဘေးကို ကြောက်သာတော့မည် ‎‎မဟုတ်၊ ဓမ္မတာတမ်း ဖြစ်မြဲပျက်မြဲပင်။ ငါတယောက်တည်းသာ ဖြစ်ရပျက်ရသည် မဟုတ်၊ လက်သို့ရောက်သည်ဟု သတ် ‎‎သော်လည်း ကိုယ်ကာယ အကောင်သာ သေမည်၊ အသက်ကို စိုးပိုင်သည်မဟုတ်၊ ပြုလိုရာ ပြုလေ၊ ခံမည်” ဟူ၍ မိန့်တော် ‎‎မူလျှင် တောင်ငူမင်းနှင့် ငဇင်ကာတို့ကို သက္ကရာဇ် ၉၇၄-ခု၊ တန်ခူးလပြည့်ကျော် ၃-ရက်၊ စနေနေ့တွင် သံလျင်မြို့ ‎‎ဈေးလယ်၌ ကားကြက်၍ ကွပ်မျက်သည်။ သံလျင်တွင် အနိစ္စရောက်ရသည်ကို အကြောင်းပြု၍ နတ်သျှင်နောင်ကို သံလျင် ‎‎ရောက် မင်းတရား ဟူ၍ တွင်သည်။‎ နတ်သျှင်နောင်သည် ကွယ်လွန်သည့်အခါ၌ အသက် ၃၅-နှစ် အရွယ်မျှသာ ‎ရှိသေးသည်။

မြန်မာ့စွယ်စုံကျမ်း။ အတွဲ-၆ (နီ-ပစ်) စာမျက်နှာ ၁၃၃-၁၃၅ မှ …‎
———-

In: နတ်သျှင်နောင် Posted By: Date: Apr 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment