Professional Authors

နတ်သျှင်နောင်ဆိုရတုများ (၁) နိဒါန်း

မန္တလေးတက္ကသိုလ်ကျောင်း၊ သုတေသနအဖွဲ့
အုပ်ချုပ်သူ ‘ဦးကိုလေး’ ကျောင်းအုပ်ကြီး
ပုံနှိပ်ထုတ်ဝေပြီး
မောင်ချမ်းမြ (မဟာဝိဇ္ဇာဘွဲ့ရ)‎ တည်းဖြတ်သော
စာစဉ် (၂)‎ … စာအုပ်

တောင်ငူဘုရင်
နတ်သျှင်နောင်ဆိုရတုများ

—————————–

အောက်ပါမူသုံးစောင်ကိုသာ ရွေးချယ်၍ တအုပ်ကို မူရင်းတည်ပြီးလျှင် ကျန်စာအုပ် မူနှစ်စောင်နှင့် တိုက်ဆိုင် ပြင်ဆင်ခြင်း ‎ပြုပါသည်။
‎(၁)‎ ရန်ကုန်မြို့ ဆူးလေဘုရားလမ်း မြန်မာ့ကြက်သရေ စာပုံနှိပ်တိုက်တွင် ၁၉၂၁ – ခုနှစ်က ရိုက်နှိပ်သော စာအုပ်မူ ‎တစောင်
‎(၂)‎ ရန်ကုန်မြို့ ၃၃-လမ်း ဟံသာဝတီ စာပုံနှိပ်တိုက်တွင် ၁၉၂၈ – ခုနှစ်က ရိုက်နှိပ်သော စာအုပ်မူ တစောင်
‎(၃)‎ မန္တလေးမြို့ ဟံသာဝတီ ပိဋကတ်စာပုံနှိပ်တိုက်တွင် ၁၉၂၀ – ခုနှစ်က ရိုက်နှိပ်သော စာအုပ်မူ တစောင်
အထက်ပါစာအုပ်မူ ၃-စောင်တို့အနက် ရန်ကုန် မြန်မာ့ကြက်သရေ စာပုံနှိပ်တိုက်ထုတ် စာအုပ်မူမှာ သတ်ပုံ ကာရန် ‎အနေအထားမှစ၍ အခြားမူနှစ်စောင်ထက် သပ်ယပ်မှန်ကန်သည်ဖြစ်ရကား ထိုမူကို မူရင်းတည်ပြီးလျှင် ကျန်မူနှစ်စောင်နှင့် ‎ညှိနှိုင်းတိုက်ဆိုင် ပြင်ဆင်လိုက်ရပါသည်။
မှာထားချက် – မူကွဲထုတ်ရာ၌ ရတုစာကိုယ်များ၏အောက်ခြေတွင် …‎
‎(၁)‎ ရန်ကုန်မြို့ ဟံသာဝတီ စာပုံနှိပ်တိုက်ထုတ် စာအုပ်မူကို (ရ) အမှတ်အသား။
‎(၂)‎ မန္တလေးမြို့ ဟံသာဝတီ ပိဋကတ်ပုံနှိပ်တိုက်ထုတ် စာအုပ်မူကို (မ) အမှတ်အသား။
‎(၃)‎ ‎(ရ) မူတွင်သာပါ၍ (မ) မူတွင်မပါသော အပိုစာပိုဒ်များကို [ ] ထောင့်ကွင်းတွင်ထည့်သွင်း၍ ခွဲခြား မှတ်သား ‎ထားပေ၏။

မူသုံးစောင်ခြားနားခြင်း
မူတည်ရင်း မြန်မာ့ကြက်သရေတိုက်ထုတ် စာအုပ်မူနှင့် မန္တလေး ဟံသာဝတီပိဋကတ်တိုက်ထုတ် စာအုပ်မူတို့မှာ တမူနှင့် ‎တမူ များစွာ ထူးခြားကွဲပြားခြင်း မရှိလှပေ။ ဤသည်တို့ကို ထောက်လျှင် ထိုမူနှစ်စောင်လုံးသည် ပေမူရင်း တစောင်တည်းမှ ‎ကူးယူကြဟန်တူ၏။ ရန်ကုန် ဟံသာဝတီ ပိဋကတ်စာပုံနှိပ်တိုက်ထုတ် (ရ)မူ ၌ကား အထက်ဖော်ပြပါမူနှစ်စောင်တို့တွင် ‎ပါရှိသည့် အချို့ရတုများကိုပင် မတွေ့ရသည့်ပြင် များသောအားဖြင့် ရတုများ၏ တတိယပိုဒ်ပါ စကားများကိုလည်း အခြား မူ ‎နှစ်စောင်ရှိ ရတုများ၏ ဒုတိယပိုဒ်များ၌သာ တွေ့ရှိရလေသည်။
ရတုစာကိုယ်၏ အရေအတွက်မှာ ၆၇-ပုဒ်စီ အညီအမျှ ရှိကြသော်လည်း မူတည်ရင်းစာအုပ်နှင့် (မ)မူတွင် မပါသော ရတု ‎စာကိုယ် ၅-ပုဒ်ကို (ရ)မူတွင် တွေ့ရပြန်သဖြင့် ထိုစာကိုယ်တို့ကို အခဏ်းသီးခြား၍ နောက်ဆက်တွဲတွင် ဖော်ပြလိုက်သည်။ ‎ထို စာကိုယ် ၅-ပုဒ်တို့တွင် ပြည်နဝဒေးဆို ရတုတပုဒ်လည်း ပါဝင်နေပေသည်။ မူတည်ရင်းစာအုပ်နှင့် (မ)မူ နှစ်စောင်တွင် ‎လည်း နဝဒေးဆိုသည်ဟုအယူရှိသော ရတုနှစ်ပုဒ် (ရာသီဘွဲ့များတွင်ကြည့်) အပြင် တောင်ငူမင်း အငယ် စာ၊ မင်းရဲနရာ ‎စာ၊ မင်းရဲကျော်ထင်စာ၊ ရှင်ဝိစိတ္တာလင်္ကာရ စာ စသည်ဖြင့် မည်သူ့စာဟူ၍ အမှန်ကျနမသိသာသေးသော ရတုပုဒ်ရေ ၄-ပုဒ် ‎ပါဝင်နေသေးသည်။ နတ်သျှင်နောင်ဖွဲ့ဆိုသည့်စာ ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ထိုစာတို့၏ သြဇ အာဘောဂတို့ကို ချင့်ချိန် ‎ထောက်ဆ၍ ပညာရှိတို့ ဆုံးဖြတ်သင့်ကြသည်။

အခဏ်းကဏ္ဍ ပိုင်းခြားချက်
ဤ ‘နတ်သျှင်နောင်ရတု’ များကို ပုံနှိပ်ထုတ်ဝေရာ၌ အမှတ်အသားလွယ်ကူစေခြင်းငှာ အောက်ပါအတိုင်း အခဏ်းကြီး ၆-‎ခဏ်း ခွဲခြား၍ စီစဉ်အပ်ပါသည်။
အခဏ်း (၁) တွင် ဘုရားတိုင်ရတုများ ပုဒ်ရေ (၁၉)‎
အခဏ်း (၂) တွင် ရာသီဘွဲ့ရတုများ ပုဒ်ရေ (၂၆)၊ ထိုရာသီဘွဲ့ရတုများတွင် နွေဘွဲ့ရတုများ၊ မိုးဘွဲ့ရတုများ၊ ဆောင်းဘွဲ့ရတု ‎များကို တပေါင်းတရုံးတည်း ထည့်သွင်းပါသည်။
အခဏ်း (၃) တွင် သစ္စာတိုင်ရတုများ ပုဒ်ရေ (၅)၊ ဤအခဏ်းပါ ရတုတို့တွင် မင်းသားက မင်းသ္မီးအား အမျိုးမျိုး မြှောက်ပင့် ‎ဖွဲ့ဆို၍ သစ္စာထားသော သဘောမျိုးသက်ဝင်သောကြောင့် သစ္စာတိုင်ဘွဲ့ ဟူသောခေါင်းစဉ်ဖြင့် အခဏ်း ‎သီးခြား ခွဲထုတ် ထည့်သွင်းရပါသည်။
အခဏ်း (၄) တွင် စစ်ချီရတုများ ပုဒ်ရေ (၆)၊ ဤစစ်ချီရတုများတွင် စစ်ချီအမျှော်စိုက်၊ စစ်ချီပူပုံဟူ၍ နှစ်မျိုးခွဲခြားရေးသားပါ ‎သည်။ မင်းသ္မီးကမောင်တော်အားစစ်စခန်းမှမပြန်လာနိုင်သည့်အတွက်မျှော်မှန်းစိုက်ခေါ်သည့် မောင်ဘွဲ့ ‎ရတုမျိုးကို “စစ်ချီအမျှော်စိုက်” ဟူ၍လည်းကောင်း၊ မောင်တော်မင်းသားကလည်း မင်းသ္မီး ရပ်ဌာန်သို့ ‎စစ်ရေးစစ်ရာကြောင့် မပြန်နိုင်သေးသည်ဖြစ်ရာ နှစ်မတော် မင်းသ္မီးအတွက် ပူပင်သည့် သဘောမျိုး ‎သက်ဝင်သည့် မယ်ဘွဲ့ရတုများကို “စစ်ချီပူပုံ” ဟူ၍လည်းကောင်း သီးခြားစီစဉ် လိုက်ရ ပါသည်။
အခဏ်း (၅) တွင် ကျေးစေရတုများ ပုဒ်ရေ (၁၁)၊ ဤအခဏ်းတွင် သစ္စာတိုင်ကျေးစေ၊ ထိုးကွင်းဘွဲ့ကျေးစေ၊ ကုလီသဘင် ‎ဘွဲ့ ကျေးစေ၊ အစရှိသည်ဖြင့် ကျေးတမန်စေသည့် ရတုများကို ရုံးစု၍ စီစဉ်ခွဲခြားထားပါသည်။
အခဏ်း (၆) တွင် နောက်ဆက်တွဲရတုများ ပုဒ်ရေ (၅)၊ ဤအခဏ်းတွင် မူတည်ရင်းစာအုပ်နှင့် (မ)မူတွင် မပါဘဲ (ရ)မူတွင် ‎သာ တွေ့ရသော ရတုစာကိုယ်များကို သီးခြားစီစဉ်ထားပါသည်။ ဤအခဏ်းပါရတုများသည် ‎နတ်သျှင်နောင်၏ သြဇ အာဘောဂ ဖြစ်မည် မဖြစ်မည်ကို သုတေသီပုဂ္ဂိုလ်တို့ ချင့်ချိန်စေလိုခြင်း အလို့ငှာ ‎ထည့်သွင်းအပ်ပါသည်။

In: နတ်သျှင်နောင် Posted By: Date: Apr 16, 2010
Comment #1

အစ်ကိုအစ်မတို့ ရေ ဤသို့ကဗျာများစုဖွဲ့၍တင်ပေးထားခြင်းကိုအထူးကျေးဇူးတင်ရှိပါသည်။အကယ်၍ ဖြစ်နိုင်လျှင် နတ်ရှင်နောင်ရဲ့ သစ္စာတိုင်ရတုများရှိပါက တင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည် အစ်ကိုအစ်မတို့ခင်ဗျား ။

commentinfo By: wanhein aung at Aug 27, 2012
Comment #2

ရှိပါတယ် … ဘုရားတိုင်ရတုများ ပြီးရင် ဆက်တင်ပေးပါ့မယ်

commentinfo By: harry at Aug 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment