Professional Authors

ရေးသူနှင့်လက်ခံသူ တစ်ဦးတည်းဖြစ်သော Notice စာ – နရီထက်

ရယ်စရာတွေ့ရင်
ပျော်ရွှင်စရာ ရပြီးဆိုပြီး
မှတ်ယူကြတယ်
တစ်ခါတစ်ရံမှာတော့
ဒုက္ခတွေကို
လှောင်ပြောင်နေတာလည်းဖြစ်နိုင်တယ်

ငိုစရာတွေ့ရင်
ပူဆွေးလွမ်းဆွတ်ကျရှုံးခြင်းလို့
တွက်ဆကြတယ်
တစ်ခါတစ်ရံမှာတော့
ပိုင်ဆိုင်ခြင်းကို
နားမလည်နိုင်လို့ ပျော်လွန်းလို့ ငိုနေတာပါ

ဝေးကွာခြင်းဆိုတာ
သတိရခြင်းလို့
ဆိုတတ်ခဲ့ကြပေမဲ့
တစ်ခါတစ်ရံမှာတော့
မေ့ပစ်ဖျောက်ပစ်ခဲ့ကြတာတွေလည်း ရှိကြတယ်

ပေးဆပ်ခြင်းဆိုတာ
ရယူခြင်းမှ မဟုတ်ဘဲလို့
ငြင်းတတ်ခဲ့ကြပေမဲ့
တစ်ခါတစ်ရံမှာတော့
ထောင်လိုလို့ ရာစွန့်ခဲ့တာတွေလည်း
မနည်းတော့ပါဘူး

အပြင်မီးက ရဲတောက်လို့
အပူလှိုင်းတွေကို တိုးဝှေ့ခွင့်
အနားကပ်ခွင့်မရှိတဲ့အခါ
တစ်ခါတစ်ရံမှာတော့
ကိုယ့်သွေးကြောထဲ
အပူမီးလှိုင်း
ဒေါသ မီးဖြာတွေ
အတ္တ မီးခဲရည်တွေ
ထွက်ခွင့်မရှိအောင်
ပိတ်လှောင်နေခဲ့တာ
ကမ္ဘာကြီးကို ပိုင်ခွင့်ရတော့မယ့်
လူသားတွေအတိုင်း ဖြစ်တည်နေကြတယ်

မှန်တယ်လို့ တစ်စက္ကန့်လေး အထင်မှာ
မှားတယ်လို့ နောက်စက္ကန့်တစ်ခုက
အဖြေထုတ်လာတယ်
တစ်ခါတစ်ရံမှာတော့
အမှားတွေ မှန်နေတတ်သလို
အနက်တွေကလည်း အဖြူရောင်တွေ
ဝတ်ဆင်ထားနေသလိုပဲ မဟုတ်လား။

စက္ကန့်တိုင်း မိနစ်တိုင်း
ရက်စွဲ နေ့ရက်တွေကြား
ကျွန်ုပ်တို့ရဲ့
စိတ်အိမ်ကလေးကို
နှလုံးသား တံခါးကနေတဆင့်
ဦးနှောက်စာပုံးလေးထဲသို့
တစ်စုံတစ်ဦးက
ပုံမှန် ပုံမှန်
အချိန်မှန်
Notice စာတွေ ပို့ပေးနေကြပါ။     ။

နရီထက်
( ၂၄ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 24, 2010
Comment #1

စက္ကန့်တိုင်း မိနစ်တိုင်း
ရက်စွဲ နေ့ရက်တွေကြား
ကျွန်ုပ်တို့ရဲ့
စိတ်အိမ်ကလေးကို
နှလုံးသား တံခါးကနေတဆင့်
ဦးနှောက်စာပုံးလေးထဲသို့
တစ်စုံတစ်ဦးက
ပုံမှန် ပုံမှန်
အချိန်မှန်
Notice စာတွေ ပို့ပေးနေကြပါ။ ။
…………..
ကောင်းတယ်ဗျို့

commentinfo By: အသဲကွဲမိုး at Nov 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment