Professional Authors

ပိုင်ဆိုင်ခွင့်

မတိုက်ခင်ကတည်းက ရှုံးမယ်မှန်းသိရက်နဲ့
ဒီတိုက်ပွဲကို ငါဝင်တိုက်ခဲ့တယ် ။

ဒဏ်ရာတွေ ရခဲ့တာတောင်
ငါ နောက်မဆုတ်ခဲ့ပါဘူး ။

ငါလိုချင်တဲ့ ရလဒ်ဟာ ဒဏ်ရာတွေမဟုတ်သလို
ငါလိုချင်တဲ့ ရလဒ်ကို
ငါကိုယ်တိုင်တောင် မသိနိုင်ခဲ့ဘူး

သေရင်မြေကြီး ရှင်ရင်ရွှေထီး ဆိုလို့သာ
ကြိုးစားပြီး တိုက်နေရတာ
အောင်လံက သူများလက်ထဲမှာ . . .

သူများလက်ထဲက အလံကို
လုယူဖို့မကြိုးစား ပါဘူး
အလံလေး နာသွားမှာ စိုးလို့ . . .

မြှားကုန်နေတဲ့ လေးကြီးကိုပဲ ပိုက်ပြီး
မိုက်ရူးရဲစွာနဲ့
ငါရှေ့ဆက်တိုးခဲ့တယ် ။

အချိန်တွေ ကြာမြင့်စွာ တိုက်စားခဲ့တဲ့
တိုက်ပွဲ တစ်ခုဟာ
ဘယ်တော့များမှ ပြီးဆုံးတော့မှာလဲ ။

အားတင်းပြီးသာ ဆက်တိုက်နေပေမယ့်
ငါ့ရဲ့ သူနာပြုလေးကတော့ လှည့်မကြည့်သေးဘူး ။

သိခဲ့ရင်လဲ . . .
သူ . . မသိချင်ယောင်ဆောင်နေခဲ့တယ် ။

ငါ့မှာတော့ နာကျင်လွန်းလို့
ရင်ခုန်တိုင်းတောင် တဆစ်ဆစ်နဲ့

ငါ့ နှလုံးသားထဲမှာ သွေးမရှိတော့ဘူး
ပုံရိပ် တစ်ခုပဲ ကျန်နေခဲ့တယ် ။

ဒါတောင် မိုက်ရူးရဲ ဆန်စွာနဲ့
ငါ . . . ရှေ့ဆက် တိုးနေတုန်းပဲ ။

In: ကဗျာ Posted By: Date: Aug 1, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment