Professional Authors

ခြေလှမ်းတစ်စုံ

ယိုင်နဲ့နဲ့ ခြေလှမ်းနဲ့
စည်းချက်မမှန်တဲ့ နှလုံးခုန်သံတွေနဲ့အတူ
ဘ၀တွေထဲလျှောက်မိတဲ့အခါ
ပတ်ထားတဲ့ လက်ပတ်နာရီတောင်
ရပ်တန့်နေပါပေါ့….
သက်ပြင်းတွေအခါခါချ
ပတ်ဝန်းကျင်ကို ဝေ့၀ိုက်ကြည့်မိတဲ့အခါ
ပြုံးပြနေတဲ့ ၀န်းကျင်တစ်ခုလုံးက
ငါ့ကို လှောင်ပြုံး ပြုံးနေတာလား…
အားပေးနှစ်သိမ့်ပြုံးတွေလား…
မရေရာ ဝေခွဲခက်စွာနဲ့
အပြုံးတု အပြုံးစစ်ဆိုတာ
ဘာတွေနဲ့တိုင်းတာမိပါလိမ့်
ကြမ်းတမ်းခက်ထန်
ဘ၀လှိုင်းဒဏ်ကြား
အလူးအလဲခံရင်း
ချော်လဲပြန်ထ အခါခါပြုခဲ့
ငါ့ရခဲ့တဲ့ ဒဏ်ရာ
အမာရွတ်များတောင် ဖြစ်နေခဲ့ပေါ့…..
မသက်သာ ဒီဘ၀မှာဖြင့်
ဟန်ဆောင် မချိပြုံး အခါခါပြုံးရင်း
လောကကြီးထဲ လမ်းဆက်လျှောက်ဆဲ
တစ်ခါတလေ စဉ်းစားမိခဲ့
လေဒဏ်မိုးဒဏ်ခံနိုင်တဲ့
ဝါးပင်ဖြစ်ရရင် ကောင်းမလား
ဒါမှမဟုတ်
ထုသားပေသားကျနေတဲ့
ကျောက်ငရုတ်ဆုံဖြစ်ရရင်ကော
သြော် ဘာပဲဖြစ်ဖြစ်
လူဟာ လူပဲ
သဘာဝတရားက သူ့အလိုလိုဖန်တီးခဲ့
ဘယ်အရာမဆို ကြံ့ကြံ့ခံ ခုခံရင်း
ခံစားချက်နဲ့ ရှေ့ကိုဆက်မယ်
ငါဟာ……
လူသားတစ်ယောက်ဖြစ်တယ်

In: ကဗျာ Posted By: Date: Jun 29, 2010
Comment #1

လူသားတစ်ယောက်ဖြစ်တယ်……………..:D

commentinfo By: lwantaycho at Jun 29, 2010
Comment #2

ဟုတ်တယ်လေ မနည်းအားတင်းထားရတာ 😛

commentinfo By: မနောဖြူလေး at Jun 29, 2010
Comment #3

တစ်ခါက ကော်ဖီခါးခါးအမည်ရတဲ့ ကောင်လေး က
မဲ့ပြုံး မဲ့ပြုံးဆိုပြီ
သီချင်းတပုဒ်ထဲမှာဒါကိုဘဲထပ်ကာထပ်ကာ
မရပ်မနား မတရားကိုအော်သွားဘူးတယ်။
သူပြောမှ အပြုံးကိုသရုပ်ခွဲ
မဲ့ပြုံးပိုင်ရှင်အစစ်က သူလားကိုယ်လား
ခွဲခြားမရခင်မှာ
လ၀င်လို့အမှောင်ရောက်
လမ်းပျောက်သွားဘူးတယ်လေ၊
မစခင်ပြီးသွားတာလေးကို
ဘ၀လို့ကျုပ်ကတော့ ခေါ်လိုက်ချင်တာပါဘဲ။

Leave Comments

Name*

Email*
Website
Email me whenever there is new comment