Professional Authors

ဂိလာန

ငါအကြိမ်ကြိမ် ဆာလောင်ဖူးတာ
ခြေစုံ လက်စုံမေတ္တာတရားပါ။

မှောင်ပြီးရင်းမှောင်နေတဲ့
တေလေတစ်ကောင်ရဲ့ အနာဂတ်
ရနံ့ပြတ်လပ်နေတဲ့ ပန်းတွေပဲ
………………ဝေပြီးရင်းဝေ
မေမေရေ…
လမင်းတစ်ထောင်စာ မေမေ့အလင်းနဲ့
ကျနော့်အသိမ်အနုတ်တွေရှင်းလှည့်ပါဦး။

ဟော့ဒီကောင်ရဲ့ ရင်ခွင်တဲစုတ်မှာ
ပြဿဒါးတံဆိပ် ဖဲတစ်ထုပ်ပဲရှိတာမို့
ဘယ်လိုနှုတ်ခမ်းပါးက သခင်လာလုပ်ချင်မှာတဲ့လဲ။

သက္ကရာဇ်များစွာတိုင်အောင်
စုတ်ပြတ်နေတဲ့ အတောင်နဲ့ပျံသန်း
သံသရာကို ကန့်လန့်ထမ်းထားရတာ
အခု ပခုံးသားတွေတောင်ကြမ်းပေါ့။

မညီညာလွန်းလှတဲ့
ကံကြမ္မာထောင့်စွန်းမှာရပ်တန့်
ကိုယ့်ရင်ဘတ်ကိုယ် မတ်မတ်ဆန့်ဖို့
ခပ်ညံ့ညံ့သီချင်းတစ်ပုဒ်လောက်ဖြစ်ဖြစ်
စီးကရက်နဲ့ရောပြီး ဟစ်လိုက်ချင်တယ်။

In: ကဗျာ Posted By: Date: Dec 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment