Professional Authors

အတ္တလွတ်မြောက်ရာနယ်မြေ – ဒီရေလှိုင်း

သူငယ်ချင်း
 မင်း တွေးထင်ကြည့်

တို့ငယ်စဉ်က သင်အံရသည်
အနန္ဒ သူရိယ ရေးဖွဲ့အပ်သည့်
သံဝေဂ လင်္ကာ
ကြားယောင်လာပြီး
စိတ်မှာ စွဲငြိ သတိ သမ္ပဇဉ် အတွေးဝင်ခဲ့

ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ မတ်ပေါင်းရံလျက်
စည်းစိမ်မကွာ မင်းချမ်းသာကား
သမုဒ္ဒရာထက်
ခဏတက်သည့် ရေပွက်ပမာ
တစ်သက်လျာတည်းတဲ့

သူငယ်ချင်း မတည်ငြိမ်ခြင်း
 မမြဲခြင်းကို
ရင်တွင်းငြိအောင် သတိဆောင်ဖို့
ပုံဆောင် ညွှန်ကြား သည်စာသားကို
မင်းလည်း နားလည်
ငါနားလည်ခဲ့

သူငယ်ချင်း မင်း မြင်အောင်ကြည့်
အပုပ်ကောင်က ရုပ်ဆောင် ပြပြီး
ဟုတ်လှပြီထင် လူ့ဘ၀င်ကို ဆင်ခြင်တုံဘိ

ပညာရှိသည် သတိနှင့်ယှဉ်
 ဥာဏ်ဖြင့် မြင်လော့

လူနှင့် လူချင်း ပေါင်းဖော်ခြင်းတွင်
ရင်တွင်းမေတ္တာ
ဂရုဏာထား
ဆက်ဆံငြားမှ
အများလူတွင် ဘ၀င်ငြိမ်းချမ်း ရွှင်ကြည်လန်းလိမ့်

နိမ့်လျှင်လှံစိုက်
 မြှင့်လျှင် ကြိုက်သည့်

စရိုက် ဥာဉ်ဆိုး ရိုက်ပယ်ချိုးပြီး

ကိုယ်ကျိုးစွန့်ကာ လက်တွဲပါမှ

သာယာရွှေပြည်
ရောက်လေမည်မှာ မလွှဲပါတည်း

နန်းခမ်းဖြူ

 

အတ္တလွတ်မြောက်ရာနယ်မြေ


တစ်ချို့များက
မှားနေတဲ့ ပုစ္ဆာတစ်ပုဒ်ကို
အဖြေထုတ် ပရအကျိုးမလုပ်ပဲ
မလှအဆိုးရုပ်နဲ့
ကကြိုးရှုပ်
ဘ၀မိုးချုပ်ခဲ့ရ

လူတစ်ချို့က
ဝါ၀ါမြင်ရင် ရွှေလို့ထင်
အခြေမြင့်သူကိုပင့် ၊ နိမ့်ကျသူကိုအပြစ်ရှာ
မျက်နှာကြီးရာ  ဟင်းဖတ်ပါ
အတင်းဇာတ်နာအောင်
စရိုက်ကြမ်းတွေနဲ့  အမိုက်လမ်းကူး
အော် ရူးသွပ်နေပုံများ
ပုထုဇနော ဥမ္မာတကောရယ်လို့
တို့ဘုရားဟောကြားခဲ့သလို
အလွဲတကယ်မှားလို့
ငရဲတကယ်သွားရမဲ့သူတွေ –

အော် သေချာဆန်းစစ်
ဓမ္မနဲ့ လှစ်လိုက်ပါ
ဆင်းရဲ ချမ်းသာ
ဂုဏ်လွှာ ကြီး ငယ်
အားလုံးက ခရီးသည်တွေပေါ့
သံသရာ စခန်းကွေ့မှာ
အပြစ်အမှားတွေ့နဲ့ မွေ့
အနှစ်တရား   မတွေ့ နိုင်ကြသူတွေ
ဓမ္မအလိုက် လွဲလို့
ဘ၀ မိုက်မဲနေသူတွေ
ပရဟိတ  အလွှာကာချ
အတ္တဟိတ  ပကာသနနဲ့
ငါ့ ဘ၀ကို ၊ လှသဟ လို့ ထာဝရထင်နေတတ်သူ –

သြော်  လူ  လူ  လူ
အသိမမှန်ဘ၀ အမှားကို
သတိပဌာန် ဓမ္မတရားနဲ့ကြည့်
ထိ မှု ရှိမှုလေးတွေကို  သတိပွား
ဝိဆိကိစ္ဆာတရားကိုပယ်ရှင်း
ဘ၀အလင်းနဲ့ အဓမ္မကိုဖယ်ရင်း
ဒီစစ်တလင်းမှာ
အတ္တရန်သူများကို
ဓမ္မတရားနဲ့ အကြံကူ
ပရမြှားနဲ့ ပစ်ခွင်းလို့ အနိုင်ယူကာတည်ဆောက်
လွတ်မြောက်နယ်မြေ မလွဲမသွေ

ရောက်စေအောင်ပေါ့ ။

 

ဒီရေလှိုင်း

 

( ဒီရေလှိုင်း နဲ့ နန်းခမ်းဖြူ ကဗျာသွေးသောက်ဖော်မွန်နှစ်ယောက်ရဲ့ အားထုတ်မှုလေးပါ)


In: ကဗျာ,Others Posted By: Date: Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment