Professional Authors

အချစ်မရှိသည့်ကိုယ် ဖြစ်လိုပါကြောင်း – ဒီရေလှိုင်း

အချစ်မရှိသည့်ကိုယ်ဖြစ်လိုပါသည်…..
——————————————–
အော်ဒါအချစ်တဲ့လား
ကုထုံးမှားနေတဲ့
ဆေးခါးခါးကြီး တစ်ခွက်ကို
တစ်ရက်ပြီးတစ်ရက်မြိုချ
အလိုမကျလို့
ငိုရမတတ်ခံစားနေရတာများ —-


အော် ဒါအချစ်မြှားတဲ့
ပစ်ထားလိုက်တာဆူးတွေ
စူးနေလိုက်တာများ
မူးဝေလို့ ၊ ရူးစေမတတ်
ဘ၀မှာ မနေတတ်အောင် အသေသတ်နိုင်ပုံများ –


အော် ဒါအချစ်ရုပ်ရှင်တဲ့
အဟုတ်မထင်နဲ့ဗျ
အရှုပ်အသွင်နဲ့
လုပ်ချင်တာတွေလုပ်ကျ
ဒုက္ခ ဆိုတာအချစ်တဲ့လား –


အော် – အချစ်ဆိုတာ?????
စာတစ်အုပ် ၊ ကဗျာတစ်ပုဒ်မဟုတ်
မာယာအထွေထွေနဲ့
ညာနေတာတွေများ
အခါခါလေ အတိတ်ဆိုးတွေက
အရိပ်မိုး ၊ အဆိပ်အမျိုးမျိုးရွာချသလို
မကြာမကြာ ခံရ
ကံကြမ္မာမလှတာကိုများ
အချစ်တဲ့လား —–


အချစ်ဆိုတဲ့ နတ်ဆိုး
အထပ်ထပ်တိုးလို့နှိပ်စက်
ငါ့နှလုံးသွေးစက်တွေထဲတောင်
အဆိပ်တက် ၊ အိပ်မက်ထဲမှာတောင်
ခက်ခက်ခဲခဲ အသက်ရှု
ရတက်အပူတွေသိုင်းဝိုင်း
ရိုင်းစိုင်းနေတဲ့ဘဝ
သမိုင်းမလှတဲ့ ရာဇ၀င်မှာ
စာတင်ရလေမလား ။


အို လောကတန်ခိုးရှင်
မောလျတဲ့ အချစ်
သောကနဲ့ အပြစ်
ဒေါသနဲ့ အညစ်ကင်းရာ
အဟောဝတနဲ့ အသစ်လင်းဖြာအောင်
အချစ်ဆိုတဲ့ ဒီစကားလုံးကို
အဘိဓာန်ထဲမှာ မသုံးချင်အောင်
မုန်းနေမိပြီမို့ –
အချစ်မရှိသည့် ကိုယ် ဖြစ်ပါလိုကြောင်း
ကျွန်ုပ် အခါခါဆုတောင်းမိပါရဲ့ ။    ။


                                               – ဒီရေလှိုင်း  Tide

In: ကဗျာ,Others Posted By: Date: Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment