Professional Authors

အကြောင်းမသိလို့ရေးမိတဲ့ အယ်လ်ဘမ်တစ်ချပ်

 

အကြောင်းမသိလို့ရေးမိတဲ့ အယ်လ်ဘမ်တစ်ချပ်

 

မြစ်တစ်စင်းလား ပုံရိပ်က မကြည်မလင် အလင်းတန်းတစ်ခုလို

အူရားဖားရားစီးဆင်းလာတဲ့ မြစ်တစ်စင်းပဲ ကြားတယ် ယုံပါ

မလိမ်ညာတတ်တဲ့ အိပ်မက်ဟာ ခပ်ရှည်ရှည် မဆုံးဖြတ်သရွေ့

ယဉ်ကျေးမှုအပိုင်းအစ အတ္တုပတ္ထိ ကရုဏာ သက်ပြင်းချသံ လှမ်းအကြား

မျှော်နေသူ မျှော်လို့ ခေါ်နေသူ ခေါ်နေရော့မယ်

 

အရိပ်အယောင်ဟာ ဘယ်မြို့တစ်ဖက်မှာ ကွန်းခိုနေသပေါ့

တွေးရင်းတွေးရင်းနဲ့

မိတ်ဆွေ ဘာဖြစ်ခဲ့လို့ မျက်ရည်တွေ တတွေတွေ စီးကျနေတာလဲ

 

ကံအကြောင်းမလှသရွေ့ မိဝေး၊ ဖဝေး ကြမ္မာထဲ အိပ်မောကျလျက်ရှိတယ်

မေးရင်းဖြေကြ၊ ဖြေရင်းမေးကြ ၀င်္ကပါအလှည့် ဘာတတ်နိုင်မှာလဲ

ဘ၀ကပြောတဲ့ ပုံပြင်တစ်ပုဒ်

အလူးလူး၊ အလဲလဲ ကုန်းထခွင့်တောင် နည်းနည်းလေးမှ ပေးသနားခွင့်မရခဲ့

ကံ … တဲ့

ကြမ္မာ … တဲ့

မေးပါများ စကားဟာ လုံးဝ … လုံးဝ မရခဲ့ဘူး

 

မြို့ဆန်တဲ့ မြို့ထဲ မြို့မဆန်တဲ့ မြို့က ဖြတ်သန်း တယောတစ်လက်က လက်ထဲ

မြို့မဆန်တဲ့ မြို့ထဲ မြို့ဆန်တဲ့ မြို့က ဖြတ်သန်း တယောတစ်လက်က လက်ထဲ

မိုးလား မြေလား ရေလား လုံးဝလာမပြောကြပါနဲ့

မပြောကြပါနဲ့

ကံမကောင်း အကြောင်းမလှသူရယ်မို့ ခပ်ပါးပါးလေး ငိုပါရစေ လောက

 

ကန့်လန့်ကာ စစဖွင့်ချင်း

အလွမ်းလား ဒေါသလား

သားချော့သံဟာ ကမ္ဘာအေးချမ်းသာယာမယ့်အသံဖြစ်ဖို့ လိုလိမ့်မယ်

အသံအထပ်ထပ်ကြားမှာ တကယ်ကြားခဲ့တာလား တကယ်မကြားခဲ့တာလား

အေးအေးချမ်းချမ်းချိုးရမယ့် မိုးရေစက်တစ်သန်းမက

ဘယ်နေ့ကစပြီး ရွာသွန်းပါ့မလဲ

တစ်ဦးတစ်ယောက်အတွက် မဖြစ်ဖို့ ပိုအရေးကြီးတယ်

မိုးသားတွေ မှောင်မဲလျက်ရှိတယ် တစ်ကိုယ်ရေ တစ်ကာယသတင်း

တောင်တန်းတွေ ဂုဏ်သွေးလျက်ရှိတယ် တစ်ကိုယ်ရေ တစ်ကာယသတင်း

မသိလို့ရေးမိတဲ့ကဗျာကောင်းတစ်ပုဒ်ကို နားလည်မယ့်လူသား ဘယ်နေ့မွေးပါ့မလဲ။

ကလင့်(မန္တလေး)

အဇ္ဈတ္တအယ်လဘမ် ကဗျာစာအုပ်ပေါင်းချုပ်မှထုတ်နုတ်သည်

 

 

In: ကဗျာ Posted By: Date: Sep 10, 2011
Comment #1

ကံမကောင်း အကြောင်းမလှသူရယ်မို့ ခပ်ပါးပါးလေး ငိုပါရစေ…..
(ဆက်တင်ပေးပါ…….အမြဲအားပေးနေမယ်)

commentinfo By: May Kha at Sep 12, 2011
Comment #2

လူ့ဘ၀ကြီးမှာ တစ်ခါတစ်ရံ ငိုချင်တာတောင် ကျယ်ကျယ်မငိုရဲတာမျိုးတွေလဲရှိပါ.

Leave Comments

Name*

Email*
Website
Email me whenever there is new comment