Professional Authors

အခါလွန်မိုး – နရီထက်

စိတ်ကူးစဉ်မှာ မိုးတွေ တဖွဲဖွဲရွာနေတယ်
အတွေးကောင်းစဉ် မိုးတွေက သည်းလို့…
ခဏလေးနော်လို့ ပြောနေချိန်မှာလည်း မစဲသေးပါဘူး။

တရေးနိုး အိမ်မက်တွေကို ဖက်တွယ်နေစဉ်
ပြတင်းပေါက်တံခါးကို ပိတ်ထားမိတယ်
မိုးကျသံလေးကို မျှော်လင့်နေတယ်…
တစက်စက်တော့ ကျလောက်ရဲ့လို့
အိပ်နေရင်း နားထောင်မိတယ်…

ပျိုးပင်လေးတွေကို ဖက်တွယ်ယုယရင်း
မြေမချခဲ့ဘူး…
မိုးတွေ ရွာနေတုန်းလို့ ထင်နေမိတယ်
ရာသီစက်ဝန်းကြားမှာ ဖြစ်နိုးနိုးတွေက
လိမ့်ပတ်လည်နေတော့ အလိုက်တင့်နေလိုက်မိတယ်

အရွယ်ရောက်စ ပင်ပျိုးလေးတွေကို
မြေချစမ်းသပ် ယုယချိန်မှာတော့
မိုးတိမ်တွေက မိုးကို မခေါ်လာတော့ဘူး..
တိမ်ညိုချိန်မှာလည်း လျှပ်လက်သံလေးတွေတောင် မကြားရတော့ဘူး
ရာသီတစ်ပတ်လည်နေပြီးမို့…။

အဝေးက မျှော် အတွေးက ခေါ်လို့
ငါ လှမ်းမိစဉ်မှာ မိုးတွေက ငါ ဆီ မလာတော့ဘူး
နောက်တစ်ခေါက် လာခဲ့မယ်လို့ ကတိတွေ ပေးဘူးသလို့ပဲ
အခုမှာတော့ ကတိတွေ ပျက်ဘူး မေ့ဘူး သလို့ပဲ…။

တစ်ရက်ရက်မှာ အပြေးလေးရောက်လာ
မမျှော်ပဲ ရွာချလိုက်မယ့် မိုးပြေးလေးတွေ
အခါလွန်မိုးရယ် တနေ့က အိမ်မက် …
ဆက်မက်ခွင့် ပေးလိုက်ပါ…။    ။

နရီထက်
( ၁၂ ၊ ဇန်န၀ါရီလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Jan 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment