Professional Authors

သုညတစ်ဖြစ်လဲ တစ် ဖြစ်ချင်ကြသူများ – နရီထက်

သုညဆိုတာ
တစ်ဦးတည်းပဲ နေနေ
သုညတွေ အများကြီးရှိရှိ
အရောင်လက်ဖို့ဆိုတာ
ဝေးနေခဲ့ဖို့အတွက် ဟုတ်ခဲ့လို့လား။

သုညတွေကို
အပြာရောင်လေးလည်း ခြယ်ကြတယ်
မျှော်လင့်ခြင်း အတွက်ရယ်
အစိမ်းရောင်လည်း ရေးဆွဲကြတယ်
ကမ္ဘာမြေကို  ငြိမ်းချမ်းဖို့ကွယ်
အနီရောင်ကို ထပ်ကြသေးတယ်
ရဲရင့်ပေးဆပ်မှုအတွက်နှင့်
ခရမ်းရောင်လည်း အုပ်ခဲ့ကြတယ်
ခါးသီးမှုနေ့စွဲတွေကို ဖြတ်ကျော်နိုင်ဖို့ရယ်။

တိုးတက်မှုဆိုတာ
ရှာကြည့်ခဲ့တယ်
အခြားကမ္ဘာက သုညတွေက
တစ်ဖြစ်လို့ လွန်းတောင် လွန်းနေကြပြီး
အဖျက်မခံချင်တဲ့ သုညဆိုတဲ့
မျှော်လင့်ချက်တွေက
တန်ဘိုးဆိုတဲ့ ရယူပိုင်ဆိုင်ခွင့်တွေ
ထပ်တိုးလာမယ့် ကိန်းဂဏာန်းတွေကို
မျှော်ကိုးတစ်ကြီး စောင့်နေကြတယ်။

ပေါင်းနုတ်မြောက်စား
ပုံသေနည်းတွေအလယ်
သုညက တစ် မဖြစ်သေးတော့
ရလာဒ်တွေက နဂိုဘ၀ပဲ ထပ်ရခဲ့တယ်
ရင်နာလို့မဆုံးသေးရယ်
သုညတွေက များများလာတော့
တန်ဘိုး ထပ်မြင့်ချင်တဲ့
ပုံသေနည်းတွေကို
ထပ်မထွင်ခဲ့သေးလို့လား
လက်ကျန်အနေနှင့် သိမ်းထားနေကြတာလား။

တခြားကမ္ဘာက သုညတွေက
သူတို့ရဲ့မျိုးဆက်သစ်တွေတောင်
အရောင်တွေလက်လို့
တန်ဘိုးမြင့်တဲ့ တစ်တို့ နှစ်တို့နှင့်
ရာ ထောင် တန်ဘိုးတွေနှင့်
သူတို့ ဘ၀ကို ရှေ့ပြေးနေကြပြီး
ငါတို့နှင့် ငါတို့ရဲ့ မျိုးဆက်တွေ
သုညဆိုတဲ့ အရောင်မပြောင်ခြင်း
နိယာမတွေကြား
ပန်းသီးတွေ ကြွေကျလာတာ
ကမ္ဘာကြီး ဆွဲအားကြောင့်ပါလို့
သက်သေပြခဲ့ကြပေမဲ့
သုညတွေကို တစ် ဖြစ်ဖို့အတွက်
ဂါထာ မဌာန်တွေတောင်
လိုက်မှီခဲ့မယ် မထင်ပါဘူး
မျှော်လင့်ခြင်းများစွာနှင့်
ရာစုသစ်နှစ်များကို ဖြတ်ကျော်လာတဲ့
သုညဘ၀များရယ်. . .။      ။

နရီထက်
(၂၅ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment