Professional Authors

ချစ်သူများနေ့တဲ့လား

sorrower.kl က ဒီကဗျာရွာသစ်မှာ တင်ပေးထားပြီးသားပါ … အောက်က လင့်ခ်မှာ ဖတ်နိုင်ပါတယ်။

**ချစ်သူများနေ့တဲ့လား**

ဒီကဗျာက  Bi-weekly Eleven Journal မှာ ပုံနှိပ်ဖော်ပြထားတာဖြစ်ပါတယ်။ အဲဒီမှာတော့ အကြောင်းကြောင်းသော အကြောင်းကြောင်းများကို အကြောင်းပြုပြီးသကာလ တချို့ စာသားတွေ ဖြုတ်ထားခဲ့ရပါတယ်။ တကယ်တမ်းတော့ ရေးထားတာက ၂၀၀၈-ခုနှစ်ကတည်းက ရေးပြီး ကဗျာရွာဟောင်းမှာ ကျနော် တင်ထားခဲ့ပါတယ်။

Forward mail တွေမှာ စ ပျံ့နေတယ် ပြောလို့ ကြည့်လိုက်တော့ Online Eleven Journal မှာလည်း ဖော်ပြထားပါတယ်။ အောက်က လင့်ခ်မှာပါ ..
(http://www.first-11.com/index.php?option=com_content&view=article&id=1767%3A2010-02-05-04-18-12&catid=76%3Amiscellanous&Itemid=145)
အဲဒီနောက်ပိုင်းမှာ Eleven Media Group က ကျနော့်ကိုဆက်သွယ်ပြီး ပုံနှိပ်ဖော်ပြဖို့ ခွင့်တောင်းခဲ့တာပါ။

ဒီကဗျာလေးကို မနှစ်က ကျနော့် ဘလော့ဂ်မှာ တင်ထားခဲ့ပါတယ်။ အောက်ကလင့်ခ်မှာလည်း သွားဖတ်နိုင်ပါတယ်။
http://harrylwin.blogspot.com/2009/02/blog-post_14.html

အားလုံး အပြည့်အစုံ မူရင်းအတိုင်း ဖတ်ရအောင် ဒီမှာ ပြန်တင်ပေးလိုက်ပါတယ် …
သတိတရနဲ့ အလေးထားပြီး ဒီမှာ တင်ပေးထားတဲ့ sorrower.kl ကိုရော၊ forward mail က ဖြန့်ဝေပေးသူများကိုရော၊ ဖော်ပြပေးတဲ့ Eleven Media Group ကိုရော၊ ထပ်ဆင့်ဖော်ပြပေးကြသူများကိုရော၊ လာရောက်ဖတ်ရှုဝေဖန်အားပေးကြသူများအားလုံးကိုရော ကျေးဇူးအထူးပါ ခင်ဗျာ …

ချစ်သူများနေ့တဲ့လား

ဒီနေ့ ..
ဖေဖေါ်ဝါရီ ၁၄ရက်
”ချစ်သူများနေ့” တဲ့လား
ညီမလေးရေ …
ရင်ခုန်နေသလား
ကဒ်ကလေးတွေ၊ ပန်းကလေးတွေ ..
ချောကလက်လေးတွေ၊
… တွေ၊ …. တွေ
ဟိုက သည်က
အများကြီး အများကြီး ..
မင်းရနေသလား …

လူငယ်တွေလဲ … အုတ်အုတ်ကျက်ကျက်
လူလည်တွေလဲ … ရှုပ်ရှုပ်ယှက်ယှက်
လူလတ်တွေလဲ ကသုတ်ကရက်
လူတတ်တွေကလဲ ဗရုပ်ဘယက်၊
အော် …
တကယ်တော့ …
ဒီနေ့ဟာ …
ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
၄၅ ရက်မြောက်နေ့ …
‘ကလောဒီယပ်စ်’ ဆိုတဲ့
သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်
ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီး
ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့
တာနီမြို့က Saint Valentinus ဆိုတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီး
ရောမမှာ ..
နှိပ်စက်ပြီးခေါင်းဖြတ်ခံရတဲ့နေ့ပါ ….
သူတို့ဟာသူတို့
ဂုဏ်ပြုရင်ပြုပါစေ …
တို့တွေနဲ့ အဝေးကြီးပါကွယ် …

ညီမလေးရယ်
တစ်ခုလောက်
သေသေချာချာ စဉ်းစားပါဦး
မနေ့က …
ဖေဖေါ်ဝါရီလ ၁၃ရက်နေ့လေ
လွန်ခဲ့တဲ့ ၉၄နှစ်ကာလက
နွေအကူး …
လေရူးတွေ ဝေနေတဲ့
အဲဒီနေ့ ….
စနေနေ့ မနက်
အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ ….
‘ထိန်လင်း’ ဆိုတဲ့
ကလေးငယ်ကလေး …
ဟိုး အညာက နတ်မောက်မြို့မှာ ..
မွေးဖွါးခဲ့တယ်
သူက …
စာပေကိုချစ်တယ်
အမှန်တရားကို ချစ်တယ်
ချစ်သူကိုချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး …
တို့တိုင်းပြည်ကို ချစ်သတဲ့

ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ စာဂ
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ ….

နောက်ဆုံး …
အဲဒါတွေအကုန်လုံး
တိုင်းပြည်ကိုပေးပြီး
ဘာမှ ယူမသွားရှာလေတဲ့ ….

ချစ်သူကောင်းတစ်ယောက်
ယောက်ျားကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့ရဲ့ …
မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့
ချစ်ဖို့မေ့နေကြတာ
ရင်နာလိုက်တာကွယ်

‘ဖေဖေါ်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊
မိခင်ဒေါ်စု သား …’

ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး …
အခုတော့ ဘယ်မှာလဲ

ကိုယ်နဲ့ ဘာမှမဆိုင်တဲ့
အီတလီက သူတော်စင်ကို
သူတို့ဟာသူတို့ ဂုဏ်ပြုကြရာက
ဖြစ်လာတဲ့ ‘ဗယ်လင်တိုင်းနေ့’ ဆိုတာထက် ..
အဲဒီနေ့မတိုင်ခင် တနေ့ဟာ
တို့တွေအတွက် ..
ပိုပြီး လေးနက်ပြန့်ကျယ်တဲ့
အဓိပ္ပာယ် ရှိပါတယ်ကွယ် …
ဒီနှစ်တော့ ရှိပါစေတော့
ညီမလေးရယ် ….

ဟယ်ရီ

In: ကဗျာ Posted By: Date: Sep 20, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment