Professional Authors

အဝေးမှ ပို့စ်ကတ်တစ်စောင် (ဇေယျာလင်း)

အဲဒါပြီးတော့ မြိုတော်ဟာ သူ့ခံစားချက်တွေကို
လုပ်ပစ်လိုက်တာ ပွဲလမ်းသဘင်တွေ ဖြစ်သွားတယ်
လူတွေ ၀င်ထွက်သွားလာ လှည့်ပတ်လည်လျှောက်
မေ့ပျောက်လို့ရတဲ့ ရောင်စုံပွဲလမ်းသဘင်တွေပေါ့
လက်ဖျစ်တီးခေါ်လိုက်ရင် ကောင်းကင်တစ်ခွင်လုံးက ငှက်တွေ
ပြုံလိုက်လာနားတဲ့ သစ်ပင်ပန်မာလ်တွေလည်း ရှိခဲ့ပြီ
လိုချင်ရင်(သယ်နိုင်ရင်) အိမ်အရောက် မ,သွားလို့ရတယ်
ဓာတ်ပုံဝင်ရိုက်လို့ရတဲ့ သက်ရှိပန်းချီကားကြီးတွေ
ကိုယ်တိုင်ရိုက် ဗီဒီယိုတွေလည်း အခမဲ့ပါပဲ
ကိုယ်ပဲ မင်းသား မင်းသမီး
ရိုက်ရင်းတန်းလန်း ဇာတ်လမ်းပြောင်းချင် ပြောင်း
နေ့ညဆက်တင်တွေပါ စိတ်ကြိုက်ပြောင်း
အသက်ရှူဖို့ မေ့သွားလောက်အောင် အရာရာဟာ လှချင်တိုင်းလှ
ဘယ်ရောဂါဘယမှ လာချင့်စဖွယ်မရှိတဲ့အထိ
အားလပ်ရက်တွေမှာ ခရီးတွေထွက်ကြ
ဂါလာပါဂို့စ်ကျွန်းမှာ ပင်လယ်လိပ်သွားစီမလား
ရှေ့ဟောင်း အီဂွားနားတွေ အမြီးကကိုင်ပေါက်တမ်း ကစားမလား
တောင်တန်းကြီးတွေဟာ ကုလားအုပ်ကြီးတွေလို
လူတက်လို့ရအောင် ဒူးထောက်ပေးကြတယ်
နေ့တိုင်းနေ့တိုင်းဟာ ချစ်သူများနေ့ပဲ
ဂုဏ်ပြုတဲ့အနေနဲ့ နှင်းဆီရဲရဲတွေ တက်ညီလက်ညီပွင့်ကြ
လမ်းတွေမှာ အနမ်းဟောင်းတွေ သိမ်းမကုန်ဘူးဆိုပဲ
ပင်လယ်ကမ်းခြေတွေကို ငြီးငွေ့နေပြီလား
ဆာဖာရီသွား ကိုယ့်အရပ်ထက်မြင့်တဲ့ မြက်ရိုင်းတောထဲမှာ
ဆင်မကြီး ကလေးမွေးနေတာကို လက်သည်ဝင်လုပ်လို့ရသေး
တိမ်ဖြူဆုပ်ဆုပ်ကြီးတွေဟာ မိခင်မေတ္တာနဲ့ပြုံးလို့
နင်းလိုက်တိုင်းမှာ မြေပြင်ဟာ ပန်းတွေနဲ့ ကျေးဇူးတုံ့ပြန်
ကျည်ဆန်ရထားနဲ့ အတိတ်အနာဂတ်သွားချင်သွား
ဂေါက်ကွင်းကျယ်ကြီးတွေမှာ မိမိကိုယ်ကိုမိမိ
ရိုက်ချင်တိုင်းရိုက်လို့ရတယ်
ကျင်းတိုင်းမှာ အနည်းဆုံး သုံးလေးလုံးလောက်တော့ဝင်ပြီးသား
မတော်တဆ ထိခိုက်ဒဏ်ရာရမှုဆိုတာ
ပျော်ချင်လို့ တမင်တကာလုပ်ယူမှ ဖြစ်တယ်
အားလုံး ရယ်ရယ်မောမောပါပဲ
နေပျော်လွန်းလို့ အိမ်တောင် ပြန်မလာချင်ဘူး
ခင်ဗျားလည်း အဲဒီမှာရှိရင် သိပ်ပေါ်မှာပဲဗျာ
ခင်ဗျားလည်း ပြောစရာတစ်ခုခုများ မေ့ကျန်ခဲ့သလား
ခင်ဗျားပဲ ကြည့်ကြက်ဖြည့်လိုက်ဗျာ
ဒါကို ခင်ဗျားရေးထားတာပဲ ဥစ္စာ။ ။

ဇေယျာလင်း
(ဟန်သစ်၊ဇူလိုင်လ၊၂၀၀၇)

Comment #1

ကြိုက်တယ် ဆရာဇေယျာလင်းရယ်။

ဟုတ်တယ် အဲဒါတွေကျွန်တော်ရေးထားတာပဲ။

commentinfo By: pi at Dec 15, 2010
Comment #2

လေးစားရတယ်ဆရာ

commentinfo By: ချစ်မိုးဦး at Oct 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment