Professional Authors

ငါများစွာနဲ့မေလ (ဇေယျာလင်း)

မေလက မေလကို အသေသာပြန်ရလိုက်တဲ့မေလ……
မောင်ချောနွယ်

ငါတို့အကြောင်းတွေ ငါတို့ဆင်ပြောတဲ့ ငါတို့ပုံပြင်တွေ
ငါနဲ့ငါပေါ် ၊ ငါနဲ့ငါထဲ ၊ ငါနဲ့ငါအောက်
ငါချင်းငါထပ်….
ငြီးငွေ့ပြီ
(ဒါဟာလည်း နောက်ထပ်ပုံပြင်တစ်ပုဒ်လား)
ငါဟာ ငါ့အကြောင်း ငါမပြောဘဲလည်းမနေနိုင်
ပြောပြန်ရင်လည်း ငါဟာ ငါ့ပုံပြင် ငါပဲဆင်ပြောရ
ဒီနေ့ ငါ့မှာ အကြီးအကဲဖြစ်စရာအကြောင်းလဲမရှိ
ဘာသ၀ဏ်လွှာမျိုးမှပို့စရာမရှိ ၊ ရစရာလည်းမရှိ
ငါ့မှတ်သားဖွဟ်ရာမိုးရေချိန်ထဲ ငါဘာမှဆင်းမငုတ်ခဲ့
ငါနဲ့ငါ ငါ အချင်းချင်းလဲလှယ်ဝင်ရောက်ပြီးပြီဆိုတော့
ပြောပြီ……
အိမ်၊ စက်ရုံ၊ အလုပ်ရုံ ၊ ဆေးရုံ ၊ ကျောင်း၊ သုသာန်သုံး
ပစ္စည်းတစ်ခုလို ငါ့ကိုယ်ငါ ဖြုတ်ထုတ်သန့်စင်ပြီးပြီ
၂၄ နာရီ ပိတ်ရက်မရှိတဲ့ ငါ့အမည် ငါပြောင်းဖို့
မင်္ဂလာညစာစားပွဲ အခမ်းအနားမှာ မသင်္ကာစရာဆင်မြန်းမှုနဲ့
ပင့်သက်တွေအကုန်လုံးဆုံးချိန်မှာ လုံးချင်းလချုပ်နဲ့
ကျေးလက်မှာ ကြက်လည်လိမ်လို ကြုတ်ကြတ်လိတတ်တဲ့ရောဂါနဲ့
ရေအရည်အသွေးကို ရေနဲ့ပဲစစ်ဆေးခဲ့သလို
ငါအရည်အသွေးကို ငါနဲ့ပဲစစ်ဆေးပြီးခဲ့လေပြီ
ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ချက်မှာ
ငါတာဝန်ခံ၊ ငါကြီးကြပ် ၊ ငါပါဝင်၊ ငါထူးချွန်ဆုရ
ငါ့အားငါကိုးပြီး ကတ္တရာခင်းလိုက်တာ
ငါမလျှောက်တော့တဲ့လမ်းပဲ
(ငါ့အမှတ်တရလေးထားချင်လို့)
ငါ့မှာ
ဒေသစံတော်ချိန်မှာ ဒေသဆိုင်ရာအထူးအာဏာကုန်လွှဲထားတဲ့
ဒါရိုက်တာနဲ့တွေ့ရန်ရှိတယ်
ငါ့အစီအစဉ်တွေ ငါထုတ်လွှင့်ဖို့ ပြင်ဆင်မှုတွေရှိတယ်
ငါ့ကိုယ်ငါ ဘေးမဲ့ချန်ဖို့ ပညာပေးနှိုးဆော်ချက်တွေရှိတယ်
ငါ့အသံငါထွက်ပြဖို့ အင်အားနည်းငလျင်ရှိတယ်
သို့ပါ၍
အမှည့်လွန်ငါအကြောင်းပြောခြင်းများရှောင်ကြဉ်ပါ
ယင်နားငါများကိုရှောင်ကြဉ်ပါ
ငါကြွင်းငါကျန် အမှိုက်သရိုက်ငါများရှောင်ကြဉ်ပါ
စကားကိုကျိုချက်ပြောပါ
လတ်ဆတ်သန့်ရှင်းသည့် အနက်နှင့်အဓိပ္ပာယ်များကို
ပူပူနွေးနွေးချိတ်ဆက်စားသုံးပါ
ငါသည်ဥတု၊ ငါငူနေကြောင်း အပြောင်းအလဲသတိရှိပါ
အဆိုပါရက်များအတွင်း လှိုက်လှဲပျူငှာစွာ
ကျန်ဒေသများတွင် ငါအသင့်အတင့်ဖြစ်ထွန်းမည်
ငါ့မှာ ထစ်ချုန်းမယ့် အခြေအနေဖြစ်ပေါ်နေပြီ
ဝမ်းဗိုက်နှင့်တင်ပါးရိုးဆက်နေသော ငါနှစ်ဦးအကြောင်း
ငါအောင်မြင်စွာ ခွဲစိတ်သိပြီးပြီ
ကန်တပ်ဖွဲ့ ၁၆၀၀ ကျော် သေဆုံးမှာ ငါမပါ
(ငါကအနေဝေး ရေဝေးမှာ စွန့်လွှတ်ခွင့်ရတော့မယ်.…)
အထိမ်းအမှတ်ရုပ်တု ဆောက်စရာမလိုပါ
ငါ့အတွက်
ဓာတ်ငွေ့ပိုက်လိုင်း သွယ်စရာမလိုပါ
ဗာပီကီးဘေးမဲ့တောမှာ ကျားကောင်ရေကျဆင်းလာနေတာ
ငါ့အတိုင်းပဲစိုးရိမ်ဖွယ်
၄၂ ဒီဂရီစင်တီဂရိတ်နဲ့ ၁၀၈ ဒီဂရီဖာရင်ဟိုက်နဲ့
အဓိပ္ပာယ်တလွဲထင်နိုင်သော ရေးထုံးများ
ဝါကျအိုးခြမ်းပဲ့များ၊ အလင်္ကာကားတာယာစုတ်များ
ဖယ်ရှားပါငါနဲ့တကွ
ကဗျာထဲမှ ပိုးလောက်လန်းများအား
ခက်ဆစ်ဖြင့် ခပ်ထုတ်ပစ်ပါ ငါနဲ့တစ်တပ်တစ်အား
ငါဟောင်းများ အိမ်တိုင်ယာရောက်ဝယ်ပါသည်
ငါနဲ့ငါနှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲပြီးပါပြီ
ငါ့ကိုယ့်ငါအမွေပြတ်စွန့်လွှတ်ပြီးပါပြီ
ဒါကိုလည်း ငါ့ကိုကန့်ကွက်နိုင်ပါသည်
ငါ၏ဘ၀ကူးလက်မှတ် ပျောက်ဆုံးသွားပါသဖြင့်
တွေ့ရှိသူအား ထိုက်ထိုက်တန်တန်
ကျေးဇူးဆပ် ဖတ်ရှုခွင့်ပြုပါမည်
ငါ့မြေသားလမ်းလည်း ပြုပြင်ပြီးပြီ
ငါ့စက်ရေတွင်းလည်း တူးဖော်ပြီးပြီ
င့ါကိုယ်ငါလည်း ရက်သတ္တတစ်ပတ်အပ်နှံပြီးပြီ
ဥကပ်နေတဲ့ ရေချိုပုစွန်ထုပ်ကြီးလို
ငါ့ကိုယ်ငါလည်း ဘေးမဲ့ပေးခဲ့ပြီးပြီ
ဒါပေမယ့်…..
ငါ့ကိုယ်ငါ ဘယ်အအေးတိုက်ကယူပြီး
ငါ့ကိုယ်ငါ ဘယ်သုသာန်ကို ဘယ်လိုပို့ဆောင်ရမလဲ
ငါကွယ်လွန်ကြောင်း ထောက်ခံစာကို
ဘယ်ကငါသွားယူမလဲ
ငါမရေးတဲ့စာတွေမှာ ငါရေးနည်းများ
အဖုံးလုံခြုံစွာ ဖုံးအုပ်ထားပါ
ပတ်ဝန်းကျင်ရှိ ဝေဖန်ရေးဝပ်နိုင်သော
ဉာဏ်နိမ့်များကို ဖို့ပေးပါ
ဤတွင်
ငါ့ကိုယ်ငါ ၀မ်းနည်းကြေကွဲခြင်း ပြီးဆုံးကြောင်း။

ဇေယျာလင်း
(ကဗျာရေးသူကိုထုတ်လုပ်ခြင်း ကဗျာစာအုပ်မှ)

Comment #1

၂၄ နာရီ ပိတ်ရက်မရှိတဲ့ ငါ့အမည် ငါပြောင်းဖို့
စကားကိုကျိုချက်ပြောပါ……

ငါမသိတဲ့ ငါ့အကြောင်းဖတ်ပြီး ၀မ်းနည်းသွားပါကြောင်း
:Sad

commentinfo By: John Moe Eain at Jul 21, 2010
Comment #2

ဆရာ ဇေယျာလင်း ကဗျာတွေ တင်ပေးနေတာ ကျေးဇူးပါ ။

commentinfo By: ထူးဝေ at Jan 21, 2011
Comment #3

ငါတို့အကြောင်းတွေ ငါတို့ဆင်ပြောတဲ့ ငါတို့ပုံပြင်တွေ
ငါနဲ့ငါပေါ် ၊ ငါနဲ့ငါထဲ ၊ ငါနဲ့ငါအောက်
ငါချင်းငါထပ်….
ငြီးငွေ့ပြီ

commentinfo By: nwenyeinaye at Sep 1, 2011
Comment #4

ငါ့ကိုယ်ငါ ၀မ်းနည်းကြေကွဲခြင်း ပြီးဆုံးကြောင်း။…။

commentinfo By: SoFarAwayFromU at Oct 1, 2011
Comment #5

ကောင်းတ.ယ်ဆရာကဗျာကြိုတ်တယ်ဗျာ

commentinfo By: ချစ်မိုးဦး at Dec 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment