Professional Authors

ဟုတ်တယ်၊ အပိုင်းအစတွေပဲ သိမှု၊ အနုပညာ၊ လူ့ဘ၀ (ဇေယျာလင်း)

ထိုးဇာတ်နဲ့ အရှိတရားပေါ့
ပုံတူလူသားနှစ်ယောက်လို တစ်ယောက်ကို
တစ်ယောက်မျက်နှာချင်းဆိုင်ကြောင်စီစီ
ကြည့်ပြီးဆက်သွားကြ
ဗီယက်နမ်..အို ဗီယက်နမ်
ဘယ်ဗီယက်နမ်ဟာ ဘယ်သူ့အတွက် ဗီယက်နမ်
ငုရင်ဗန်ထရွိုင်း
ဟနွိုင်းကို ညဗုံးကြဲခရီး
စကားလုံးဗုံးတွေ ရုပ်ပုံစစ်ရဟတ်ယာဉ်တွေ
သစ္စာမရှိတဲ့ ငါ့လက်မောင်းမှာ မင်းအိပ်စက်ပါ အချစ်ရယ်
              ၀ ဟ အော်ဒင်
မင်းမှာလည်း အပြစ်ရှိတယ်၊ ငါ့မှာလည်း အပြစ်ရှိတယ်
မျက်နှာဖုံးမခွာရဲ့တဲ့ အူခွေတွေနဲ့ တုပ်နှောင်လို့
နှလုံးသားဗုံးတစ်လုံးနဲ့ (တစ်က်တစ်က်တစ်က်တစ်က်)
အသေခံဖောက်ခွဲရေးသမား ရန်သူ့သေနတ်ပြောင်းဝထဲ
ပန်းဝါလေးတစ်ပွင့် ထိုးထည့်လိုက်တယ်
အကောင်းမြင်ဝါဒနဲ့ သေကြေမှုစာရင်းကွာဟ
ကြည့်သူနဲ့ အကြည့်ခံကြားမှာ
မီဒီယာရဲ့ ဇာတ်အိမ်အကွက်အကွင်း
ကမ္ဘာကြီးက ကြည့်နေတယ်
ကမ္ဘာကြီးက ကြည့်မနေဘူး
ကမ္ဘာကြီးက နေမကြည့်ဘူး
အမြင်အာရုံကြောထဲ ခဲနေတဲ့ပုံရိပ်သေတွေ
ဘုရင့်နောင်ရဲ့ လက်မထိပ်ကနေအဆုံးထိ
စိုက်ဝင်နေတဲ့သံတစ်ချောင်း

လက်တစ်ချောင်းကို နှစ်ချောင်းမြင်တာနဲ့
နှစ်ချောင်းကို တစ်ချောင်းတည်းမြင်တာ
ဘယ်ဟာပို အပြစ်ကြီးလဲ

ငါ့ကို ဒီနေရာမှာပဲထားရစ်ခဲ့ပါ
ငါ့ကို ပစ်မသွားကြပါနဲ့

ရှင် ကျွန်မခံစားချက်တွေကို အသိအမှတ်မပြုတော့ဘူးလား
ကျွန်မခံစားရတာတွေကို ရှင်……..

သာမန်နေ့စဉ်ဖြစ်ရပ်တိုင်းဟာ
သာမန်နေ့စဉ် ဖြစ်ရပ်တိုင်းသာဆိုရင်….

အယူဝါဒတစ်ခုကို ထမ်းပိုးထားတဲ့ ဖွဲ့စည်းမှုလား
အဲသလိုအဆုံးသတ်မျိုးကနေ အခုထိနလံမထူနိုင်အောင်
အမှန်တရားဆိုတဲ့ ငနဲနဲ့ အီစီကလီ
လွတ်လပ်မှုကနေ လွတ်လပ်ခွင့်လိုချင်သတဲ့
ကံကြမ္မာဟာ ကျွန်မအတွက်တော့
ရက်စက်တဲ့ အင်္ဂါတစ်ချောင်းပဲ

မရှိခြင်းထဲ၊ ပယ်ခြင်းထဲမှာ
ကျွန်မလို အရိပ်တွေလိုက်ရှာရ

ကျွန်မဟာ ဟာ ဟာနေတယ်
ဟာနေတဲ့ ကျွန်မဟာ ဘာဟာနေလဲမသိရ

တစ်နေ့နေ့မှာ မြင်းဖြူကြီးစီးလို့
(အဲလေ။ ဟုတ်ပေါင်) ကားဖြူကြီးစီးလို့
ကျွန်မရဲ့ နှလုံးသားခြေတစ်ဖက်ကို
သူ့ဆန္ဒဖိနပ်တစ်ဘက်နဲ့ စွပ်ကြည့်မယ်
အဲဒီ ရွှေမင်းသားလေး…….
အဲဒီ သတိုးသားလေး……..
အဲဒီ သူတို့သားလေး……..

ရှင်ဟာ ယောက်ျားလား
ရှင်ဟာ ယောက်ျားမဟုတ်ဘူးလား
ရှင်ဟာ ယောက်ျားတို့ အလုပ်မစွမ်းနိုင်ဘူးလား

အို….သဘာဝနဲ့ မဆိုင်လိုက်လေ
နို့…သဘာဝဆိုတာဘာလဲ

ဇာတ်လမ်းတစ်ပုဒ်ပြောသလို
ဗျတ်ဝိထံမှ အစီရင်ခံစာပေးပို့ခြင်း

ဤကိစ္စကို သင်ဆက်ဖတ်ရန် စိတ်ဝင်စားပါသလား

လျှပ်တစ်ပြက် ၀င်ရောက်လာတဲ့ ကြော်ငြာကို
မိမိတို့ဘက်မှ ဘာမှမတတ်နိုင်ခဲ့ပါ

မသိရ၊ ကြိုတင်မသိရ
မသိလည်းရတယ်
ရလည်းမသိ
(ဒါဆိုဘာသိသလဲ
ကြိုတင်အသိပေးထား)

သိမှုဗေဒကို ကျောက်ဒိုးတစ်လုံးလိုပစ်ကြစို့
ကျောက်ဒိုးချင်းရိုက်ကြစို့
သိတယ်ဆိုတာဘာလဲ

အမေမသေခင် အမေပဲသိတဲ့
သမီးနဲ့ သမီးပဲ သိတဲ့အမေ့ပုံ
ဓာတ်ပုံရိုက်ချင်လို့
ကင်မရာတစ်လုံး လီဆယ်ယူခဲ့တယ်

“မိန်းမဆိုတာ
မှိန်းနဲ့ ထိုးပြီးမ, ထားတာလား”

ကျွန်မရဲ့ နံကြားကရှင်ထိုးသွင်းတဲ့လှံသွေးနဲ့
ရှင့်ကို ကျွန်မပွေ့ဖက်ချွေးသိပ်ပေးပါ့မယ်

သေချာမှုကို သေချာမှန်းသိတဲ့ရယ်သံနဲ့

တစ်ကိုယ်လုံးပေါက်ကွဲသွားအောင်
အော်ရယ်ပစ်ချင်လိုက်တဲ့ မြူဟာထူထပ်တယ်
စကြာဝဠာဆိုင်ရာသိမှု အမှားများအတွက်

ငါဟာ ငါ့အရေပြားဂြိုဟ်လေးထဲမှာ ပြစ်ဒဏ်ကျခံရမှာလား

လိုချင်ရင်ပြောပေါ့ ကောင်းကောင်းဆိုးဆိုး
စိတ်တိုင်းကျ ထပ်တူထပ်မျှဖြစ်စေရမယ်

သူ့ကို အားလုံးမုန်းကြတယ်
အဲဒီအမုန်းနဲ့ပဲ သူတို့ဘ၀တွေဟာ
အတိုင်းအတာ
တစ်ခုအထိ လွတ်မြောက်သွားကြတယ်

ကိုယ့်ဘ၀မှာ ကိုယ့်ကြမ္မာနဲ့ နေထိုင်ခွင့်အတွက်
ကိုယ့်အင်္ဂါတစ်ခုခုကိုဖြတ်ပစ်ပေးလိုက်ရမှာလား

ငါသေရင်နွေရာသီမှာ ဆီးနှင်းသည်းသည်းကျလိမ့်မယ်

အဲသလိုသေခြင်းမျိုးဟာ ကြည့်သူအတွက်
တောင် (တောင့်) မခံနိုင်ဘူး
အသုဘက ပြန်လာတော့ကျွန်မ၀မ်းနည်း
တာဟာ ကျွန်မကိုယ်ကျွန်မအတွက်
မဟုတ်ပါဘူး
သူရှိတုန်း သူ့အသိထဲမှာကျွန်မ
ကိုကျွန်မ ကျွန်မအဖြစ်ကျွန်မ
မပြနိုင်ခဲ့ခြင်းပဲ

ဘ၀ဆိုတာ အမြဲ
နွမ်းရဲသူအတွက် စမ်းသပ်ပွဲ

အရူးဟာ အများ
သူ့ကို ရူးမှန်းသိအောင်
သူ့စိတ်သူအခြားနည်းနဲ့ ထိန်းရင်းနဲ့

ငိုကြွေးသံဟာ တစ်ချက်ပဲ
ပဲ့တင်ဟာရှည်လျား
……………………………………………

“ကိုယ့်အကြောင်းကိုယ်သိချင်ရင်
မှန်တစ်ချက်ပေးလိုက်ပေါ့” တဲ့

ဒါဟာမထွေပြားတဲ့
ကျွန်တော်/ကျွန်မအတွေး

ဒုတိယခလေး သူမ မ,ရချင်ပဲရသွားတော့
သူမသားအိမ် အ,သွားတယ်
ဘယ်မှာလဲ ဘုရားသခင်
အို……အဲဒါဘုရားသခင်လား….

စပ်ချုပ်ထည်လို ဘ၀မှာရရာနဲ့

ဒါဟာခစ်သမိုင်းလား ဒါဟာ
ဘယ်သူ့ခိုးခိုး ခစ်ခစ်လဲ
လူစစ်စ်(?)တွေကို ယူသုံးပစ်လိုက်တာ
ယူဟာလေ

အမှတ်ရမှုထဲကပတ်
ဘေထုပ်တွေထဲက ဘေတုံ့
ပုံ
“သမိုင်းဟာ ဘာသင်ပေးလဲဆိုတာ ကျွန်မရှင်းပြပါရစေ
သမိုင်းဟာ သင်ပြီးရင်းသင်ရင်းပဲ”
                                         -ဂါးထရုဒ် စတိုင်းန်
“ပစ္စုပ္ပန်အပေါက်ကြီးထဲ ခုန်ချရင်းခုန်ရင်းပဲ”
            -အမည်မသိ

ဧရာဝတီမြစ်ရဲ့ ရိုက်ခတ်သံဟာ
ကျွန်မသားအတွက် အိုအေးအေ့ပဲ

ချောင်းကြည့်သူဟာ မြင်သမျှအပေါ်
ဘာမှမတတ်နိုင်ခဲ့ဘူး

သားလေးဝမ်းက ကျွတ်ကျွတ်ချင်းပဲ
ပစ်လိုက်တဲ့မိုးကြိုးတွေ
ကျွန်မတစ်ကိုယ်လုံးဟီးလို့

သူ့နောက်မှာ အသံတစ်ခု
နောက်ယောင်ခံနေတယ်လို့ အမြဲကြောင့်ကျ
ဒါပေမယ့် သရဲကားပဲကြည့်ကြစို့

ဘ၀တည်ဆောက်မှုဆုံးရှုံးခဲ့တာ
ဘယ်ပေတံလဲ

ဇာတ်လမ်းပြောနည်းအမျိုးမျိုးတွေ
ထိုးဇာတ်ဆင်နည်းအမျိုးမျိုးတွေ
ငါတို့ အ, ခဲ့ကြ ငါတို့ န, ခဲ့ကြ
ငါတို့ရခဲ့ကြ
ဆွံ့အ, နားမကြေား မျက်နှာပြင်တွေ
သူတို့ အခိုင်အမာက တုတ်ကျင်တူးခဲ့ကြ
စာအုပ်ဟာ ပွင့်သွားတယ်

“ရဲသူခုန်ဆင်း”တဲ့
လေထီးရဲ့ အရည်အသွေးဟာ ကိုယ့်သတ္တိပဲ

“နံရံ” ကို “နုံရံ”လို့ ရေးမိသတဲ့
အဲဒါကို မပြင်တော့ဘူးတဲ့
လွှတ်ပေးလိုက်တဲ့ အကြမ်းဖက် (ဖတ်)မှုများရဲ့
နွား(ရိုင်း)မိတ်(လိုက်)ပုံ

မမြင်ရတဲ့ ဆေးမင်ထိုးခြင်း နာကျင်ခြင်းနဲ့ အပယ်ခံ
ရခြင်း
“တောမလိုက်ဘူးတော့ သူ့ကိုသူပဲမိခဲ့တယ်”
        – ရွှေသွေး
အဲသလိုနဲ့ ပီယဆေးဟာ အစွပ်ထဲမှာအဆီအဖြစ်
ပါလာ
သလို
ချက်မြုပ်ဟာ ချက်လက်မှတ်မြှုပ်ဖြစ်သွားပြီ
ဆိုတော့ကာ..ငါ့ဘ၀စတင်ရာဟာ

အမည်မပေါ်တဲ့ရောင်းကုန်ပစ္စည်းလား
သံတူကြောင်းကွဲ ကြေကွဲကြောသံ

စိတ်ဆင်းရဲရခြင်းကို ချစ်ခြင်းနဲ့ အနိုင်
ပိုင်းပစ်လိုက်မယ်
“ဟုတ်ကဲ့ပါရှင်၊ ကျွန်မနာမည်က နန်းခင်တွယ်ပါ
လူကြီးမင်းရဲ့ အလိုကျအတိုင်း..”
ဟယ်………………………………..

သမီးဘ၀ဟာသမီးမတတ်နိုင်တော့ဘူး
သမီးဘ၀ဟာ သမီးကိုဂုတ်ကချီသွားပြီ

နယ်ခြားမျဉ်းကို ဘယ်မှာအလိုတူ
တား/ဖျက်ကြရ
နေ့စဉ်ဘ၀ လွယ်လွယ်ရ
ဘ၀ဆိုတာလဲ လွယ်လွယ်မရ

အဲသလိုတစ်ခါမှ မစဉ်းစားခဲ့ဘူး
ကြာတော့အဲသလို ဆက်မစဉ်းစားတော့ဘူး

စန္ဒာဟာ ဆေးပြဲနေတယ်
နန္ဒဟာ အမွှေးအကြိုင်မရှိဘူး
ဟာ ခင်ဗျားက ဘလိုင်းကြီးပဲ

ဒါပေမယ့် ဘယ်သူဟာအရေပြား
တစ်ထောက်အောက်
ဆင်းကြည့်မလဲ

ငါတို့ဟာရေပဲ
မြောင်းထဲဖြစ်ဖြစ် မြစ်ထဲဖြစ်ဖြစ်
ပင်လယ်ဆိုတာ စကားလုံးပါ
ရေစပ်နားမှာ အရိပ်ငေးရင်း

ခုန်ဆင်းချလိုက်ပြီ အို…ဗီယက်
ဆိုဗီယက်……………….

ဇေယျာလင်း
၁၄၊မတ်လ ၂၀၀၇

/*ကဗျာဆရာ ဇေယျာလင်း ရဲ့  “၂၀၀၇ ဇေယျာလင်း” ဆိုတဲ့ ကဗျာစာအုပ်ကပါ။*/

Comment #1

(ရှင်ဟာ ယောလား
ရှင်ဟာ ယောမဟုတ်ဘူးလား
ရှင်ဟာ ယောတို့ အလုပ်မစွမ်းနိုင်ဘူးလား)

ရှင်ဟာ ယောက်ျားလား
ရှင်ဟာ ယောက်ျားမဟုတ်ဘူးလား
ရှင်ဟာ ယောက်ျားတို့ အလုပ်မစွမ်းနိုင်ဘူးလား

(“နံရံ” ကို “နံရံ”လို့ ရေးမိသတဲ့)

“နံရံ” ကို “နုံရံ”လို့ ရေးမိသတဲ့

စာလုံးပေါင်းလေးတွေ ပြန်ပြင်ပေးပါလား ခင်ဗျာ ။
အရမ်းကောင်းပါတယ် ။

commentinfo By: ထူးဝေ at Jan 21, 2011
Comment #2

ဟုတ်ကဲ့.. ပြင်လိုက်ပါပြီ.. အတည်ကို sorry ပါ.. ရိုက်နေတုန်းက အိပ်ငိုက်နေခဲ့လို့.. sry par..

commentinfo By: ဖြိုးဖြိုး at Jan 21, 2011
Comment #3

ကျေးဇူး ကျေးဇူး .. ။

commentinfo By: ထူးဝေ at Jan 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment