Professional Authors

အစီရင်ခံစာ (မြင့်ဦးဦးမြင့်)

မနက်ခင်းတိုင်း ငှက်သီချင်းများနဲ့အိပ်ရာထ
မျက်နှာသစ်တဲ့အခါ စိတ်ကိုသစ်ဖို့လည်း မမေ့ခဲ့
တွေ့နေကျလေတွေက အောက်သိုးသိုးအနံ့ရတယ်
ပြတင်းပေါက်တံခါးတွေဖွင့်လိုက်တော့။

အဖြစ်အပျက်တွေက မြန်ဆန်လွန်းလှချည့်
ပြောင်းလဲတတ်တဲ့နိယာမတွေက မယုံချင်စရာ
အမှန်တရားကို ငယ်ငယ်တုန်းကလို ချစ်ပစ်လိုက်ချင်တယ်
နောက်ကြည့်မှန်ထဲမှာ
ထောက်ထားစရာတွေ ဘယ်တုန်းက ရောက်နေခဲ့တာလဲ။

ဒီရင်ဘတ်ကြီးက မခုန်တတ်တာ အသားကျနေပြီလား
ဒီအရွယ်ရောက်မှ
လူပြိန်းကြိုက်စကားလုံးလှလှလေးတွေလည်း မတီထွင်ချင်တော့ပါဘူး
အရောင်တင်ဆီသုံးနေကျ မဟုတ်ခဲ့လေတော့
တစ်ခါသုံးမိတ်ဆွေတွေ လွှင့်ပစ်လိုက်ရတာ များပြီ။

ရေလိုက်ငါးလိုက်ပြက်လုံးတွေက လူကြိုက်များတယ်
ရယ်ကာ၊ မောကာ ချောက်တွန်းနည်းက ဈေးကွက်ဝင်တယ်
တွေးခေါ်နည်းအသစ်ကို ဘောလုံးပွဲလောက် စိတ်မဝင်စားကြတော့ဘူး
ရည်စားဦးနဲ့ကွဲတာလောက်ကို စာဖွဲ့မနေပါနဲ့တော့။

သီချင်းတစ်ပုဒ်ကို ထပ်တလဲလဲ ပြန်ဆိုနေကြတဲ့ ခေတ်
ပါးစပ်က အနံ့ထွက်တာချင်းမတူလို့ တော်သေးရဲ့
အသက်ရှုသံကြားရုံနဲ့ စိတ်တွေကို သိတယ်
ဟိတ် … အဲဒီ မျက်လုံးမျိုးနဲ့ လာမကြည့်နဲ့။

ခေတ်အဆက်ဆက် သွေးထွက်အောင် မှန်ခဲ့တယ်
အသိဉာဏ်ဆိုတာ စက်ဘီးလေဖြည့်သလို ဖြည့်လို့ မရဘူး
ရင်ထဲမှာရှိတာ ပြောကြေးဆိုရင်
ကမ္ဘာမဆန်တဲ့ ဦးနှောက်တွေကို ဖွင့်ကြည့်ချင်တယ်။

မြင့်ဦးဦးမြင့်
————————
မြင့်ဦးဦးမြင့်ရဲ့ ပင်လယ်ကိုလရောင်နဲ့မျှားရတယ် ကဗျာစာအုပ်မှ ကဗျာဖြစ်ပါတယ်။ အွန်လိုင်းမှာ မြင့်ဦးဦးမြင့်ရဲ့  ကဗျာတွေ မရှိသလောက်ကိုရှားပါတယ်။ ဒီကဗျာအား ကြိုက်လွန်းတဲ့အတွက် ရိုက်ပြီး တင်ပေးခြင်းဖြစ်ပါသည်။

Comment #1

ကောင်းလိုက်တာာာာ…
ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါ pc ..

commentinfo By: ဖြိုးဖြိုး at Jul 20, 2010
Comment #2

ဟုတ်တယ်..ဖြိုးပြောသလိုပဲ..ဖတ်ခွင့်ရတာကျေးဇူး..
စကားလုံးတွေကိုအားကျလိုက်တာ..။။။။

commentinfo By: Ema Yar at Jul 20, 2010
Comment #3

ရေလိုက်ငါးလိုက်ပြက်လုံးတွေက လူကြိုက်များတယ်
ရယ်ကာ၊ မောကာ ချောက်တွန်းနည်းက ဈေးကွက်ဝင်တယ်
တွေးခေါ်နည်းအသစ်ကို ဘောလုံးပွဲလောက် စိတ်မဝင်စားကြတော့ဘူး…။
——

ကိုယ်တိုင်လည်း ဒီအရသာတွေထဲ နှစ်ဝင်သွားလိုက် ရုန်းထွက်လာလိုက်…!

commentinfo By: John Moe Eain at Jul 21, 2010
Comment #4

ဖတ်လိုက်မိတဲ့အချိန်မှာ တိုက်ဆိုင်မှုရှိတဲ့သူကိုတန်းမြင်မိတယ်။
တချိန်မှာကိုယ်များရွတ်ဆိုနေမိမလား?

commentinfo By: myatmyatthin at Nov 9, 2010
Comment #5

ဒီရင်ဘတ်ကြီးက မခုန်တတ်တာ အသားကျနေပြီလား
ဒီအရွယ်ရောက်မှ
လူပြိန်းကြိုက်စကားလုံးလှလှလေးတွေလည်း မတီထွင်ချင်တော့ပါဘူး
အရောင်တင်ဆီသုံးနေကျ မဟုတ်ခဲ့လေတော့
တစ်ခါသုံးမိတ်ဆွေတွေ လွှင့်ပစ်လိုက်ရတာ များပြီ။ ……………….

ဟုတ်တယ်…….ခုခောတ်မှာတခါသုံးမိတ်ဆွေတွေများတယ်………..

commentinfo By: May Kha at Dec 3, 2010
Comment #6

ကောင်းမွန်တဲ့ကဗျာလေးပါပဲ။ကဗျာဆရာတွေဆိုတာ ရင်ထဲမှာဒဏ်ရာအနာတရတွေများလွန်းတဲ့လူတွေပါပဲ။ဒါပေမဲ့ သူတို့ဒဏ်ရာတွေကို ဖွင့်အန်ပြတဲ့အခါမှာတော့ လှတယ်။

commentinfo By: lighthunter at Jan 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment