Professional Authors

အစာအိမ်ဂီတ (မြင့်ဦးဦးမြင့်)

ပျောက်ရှတာတွေထဲမှာ
ကိုယ့်ကိုကိုယ်  ပြန်ရှာရတာ အခက်ဆုံး
ပြက်လုံး ငေါင်းငေါင်းစင်းစင်းတွေနဲ့
သေတွင်းကိုခပ်နက်နက်တူးခဲ့မိပေါ့။

သြဝါဒကထာကို  မုန်းခဲ့
ဆုံးမစာကို  ရွံခဲ့
အရေခွံဟောင်းဟောင်းကြီးနဲ့
အမြည်းတွေပေကျံနေတဲ့ နောင်တ
ဘဝကို စနစ်တကျသောက်ပစ်လို့။

မိုးကောင်းကင်အပြဲထဲက
ခဏ ခဏ ထွက်ကျ
ဒလိမ့်ခေါက်ကွေးမာန
သွေးဆာနေကြတဲ့ကံကြမ္မာဆိုးရှေ့ကျ
ရိုးရိုးကြီး နူးညံ့ပြနေတော့တာပဲ။

တစ်ခါတလေ
ကျေကျေနပ်နပ်ကျွေးတဲ့
ကျေးဇူးတရားတစ်ချို့
(အောက်မကျို့မိတာလေး တစ်ခုနဲ့ပဲ)
ပါးစပ်ကြီးထဲသိမ်းကျုံးထည့်
“အား”
စကားလုံးတွေ မှန်တာလည်း ခံခဲ့ရ။

မကျေနပ်တဲ့အခါ
တံတွေးထွေးတာတောင် အသံမြည်
“ထွီ”
မသဒီစရာရိုးဖြောင့်မှု
ဒါ … လူ့ဂုဏ်သိက္ခာလား
အသားကျနေတဲ့တံတွေးခွက်မှာ
ငါ့မျက်နှာကို ငါ နှစ်လိုက်မိရဲ့။

ဒီလိုနဲ့
ငါ့နာမည်ပေါ်မှာ
ခြေတော်ရာတွေလည်း များခဲ့ပြီ။

မြင့်ဦးဦးမြင့်

“ပင်လယ်ကို လရောင်နဲ့မျှားရတယ်” စာအုပ်မှ ရိုက်၍တင်ပါသည်။

Comment #1

ပျောက်ရှတာတွေထဲမှာ
ကိုယ့်ကိုကိုယ် ပြန်ရှာရတာ အခက်ဆုံး
(: (:
/* ကဗျာဆရာ မြင့်ဦးဦးမြင့်ရဲ့ ကဗျာတွေကို pc မှာ စပြီးဖတ်ဖူးတာ. အရင်က ဖတ်ဖူးဘူး။ ကျေးဇူး */

commentinfo By: ဖြိုးဖြိုး at Aug 2, 2010
Comment #2

တစ်ခါတလေ
ကျေကျေနပ်နပ်ကျွေးတဲ့
ကျေးဇူးတရားတစ်ချို့
(အောက်မကျို့မိတာလေး တစ်ခုနဲ့ပဲ)
ပါးစပ်ကြီးထဲသိမ်းကျုံးထည့်
“အား”
စကားလုံးတွေ မှန်တာလည်း ခံခဲ့ရ။

မှန်တယ်…….ကျေးဇူးပြုခံရတဲ့ခါ သူများဖက်ကမှားလဲပြောခွင့်မရဘူးးးး ……..ကျေးဇူးတွေကိုထောက်ထားရတယ်လေ……….ကျေးဇူးပြုပီးတိုင်းစော်ကားလို့ရရင် င်ါလဲ စော်ကားချင်လို့ ကျေးဇူးပြုအူုံးမယ်………….

commentinfo By: May Kha at Dec 3, 2010
Comment #3

မသတီစာရိုးဖြောင့်မှ ဒါလူ့ဂုဏ်သိက္ခာလား။ဟုတ်ပါတယ်။ရိုးဖြောင့်မှုတွေမသန့်စင်နိုင်တော့တဲ့ ခေတ်ရဲ့ထောင့်ချိုးတစ်ခုမှာ ရိုးသားမှုဆိုတာလဲ စောင့်ကြည့်ရမဲ့အရာတစ်ခုပါလား။

commentinfo By: lighthunter at Jan 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment