Professional Authors

နင် အင်မတန်ပလီတယ်ဆိုရင်ဖြင့် ခံရမှာပါမလွဲ-(၃)-နေ၀င်းမြင့်

(၃)
မကြည် သူ့ဆီရောက်လို့ ခြောက်လလောက်နေတော့ ကိုမှန်ကင်းအိပ်ရာထဲလဲတယ်၊ အသည်းရောင် အသားဝါ ဖြစ်တာတဲ့။ ဝဝဖိုင့်ဖိုင့်ကိုယ်ခန္ဓာကြီးဆိုတော့ စိန်ခလုတ်နဲ့ တိုက်ချတဲ့ သဘောင်္သီးစိမ်းလိုလုံးပါးပါးသွားလိုက်တာ အရိုးပေါ် အရေတင်ပဲ ကျန်တယ်။ စုဆောင်းထားတဲ့ပိုက်ဆံလေးလည်းဆေးဝယ်သောက်ရတာနဲ့၊ ဆေးထိုးရတာနဲ့ တတိတိနဲ့ ပွန်းလှပြီ။ စုထားတဲ့
ငွေထုပ်ကလေးသည် လျှော့လိုက် လိုက်လာပြီ။ ဖြစ်ခါစ နှစ်ပတ်လောက်တော့ မကြည်ကပြုစုပါသေးတယ်။

 နောက်တော့ ဆရာကြီးက ငွေကုန်မှန်းသိတော့ ကိုတင်ဖေဆိုတဲ့မျက်မမြင်တစ်ယောက်နဲ့ တွဲပေးလိုက်ရော။ မကြည် တစ်နေ့လုံး
ရထားနဲ့လိုက်နေရတော့ အိမ်မှာ ကိုမှန်ကင်း တစ်ယောက်တည်း။ ဖိုးငိုလေးပြန်ခေါ်ပြီး ခိုင်းချင်တာလေး ခိုင်းရတယ်။ မကြည်အတွက် ရလာတဲ့ပိုက်ဆံလေးနဲ့ စားနေရတော့ ကိုမှန်ကင်းလည်း ကြာတော့ အားနားလာတယ်။
သက်သာတယ်၊ နာလန်ထတယ် ဆိုပေမဲ့ နောက်တစ်လလောက်တော့ နားရဦးမှာ သေချာတယ်။

မကြည်ကလည်း တစ်နေကုန် ပင်ပန်းလို့တဲ့။ ပြန်လာတာနဲ့ ရေချိုး၊ထမင်းစား၊ အလှလေးပြင်ပြီး ဘူတာမှာ သွားသွား ထိုင်နေတတ်တယ်။

တစ်ညတော့ မိုးကြီးသာ ချုပ်ရော၊ မကြည်နဲ့ တင်ဖေက ပြန်မလာဘူး။နောက်ဆုံး ရထား သူတို့ ဘူတာရုံကလေးက ထွက်သွားတဲ့ အသံသာ ပျောက်သွားတယ်။မကြည်နဲ့ တင်ဖေပြန်မလာဘူး။တော်တော်လေးမှောင်တော့မှ ဆရာကြီးက လူတွဲကလေးနဲ့ ကိုမှန်ကင်းဆီရောက်လာတယ်။ တင်ဖေက မိန်းမတော့ မရှိဘူး။ ဒါပေမဲ့ ကလေးတွေ ကျန်ရစ်ခဲ့တယ်။
တင်ဖေ့ သားသမီးတွေကလည်း မျက်စိသူငယ် နားသူငယ်နဲ့ ထိုင်နေကြတယ်။

ကိုမှန်ကင်းရဲ့ ဘဝတူ သူငယ်ချင်းတွေကလည်း ဒေါသဖြစ်တဲ့လူကဖြစ်၊မူးတဲ့လူကမူး။ ကိုမှန်ကင်းကတော့ငေါင်စင်းစင်းကြီး၊
ပိုက်ဆံ တစ်ပြားမှ မကျန်တော့တဲ့ အိတ်ရှုံ့ကလေးဘေးချပြီး ငေါင်စင်းစင်းကြီး ထိုင်လို့ ၊ ခဏ နေတော့မှ ဖိုးငိုကို
အရက်တစ်လုံး သွားဝယ်စမ်းတဲ့၊ သူ့နာမည်ပြောခဲ့တဲ့။ အသည်းရောင်အသားဝါရောဂါနဲ့ နာလန်ထစလူက အရက်ပြင်းတွေ သောက်မယ်ဆိုတော့ ဖိုးငိုကကလေးပေမဲ့ တားတယ်။ ကိုမှန်ကင်းကလည်း သွားသာဝယ်တဲ့၊ သေပေစေတဲ့။ ဖိုးငို
ကတော့ ဝယ်မပေးဘူး ငြင်းတယ်။ ဆရာကြီးနဲ့ ကြားလူတွေကလည်း အတင်းတားတယ်။ ဆရာကြီးက ကိုမှန်ကင်းကိုပဲ အပြစ်တင်တယ်။

“မှန်ကင်းရာ၊ မင်းမိန်းမ တင်ဖေနဲ့ တွဲပေးလိုက်တာ မင်းငွေကုန်မှန်းသိလို့ပါကွာ။ စေတနာပါ။ ဘယ်က မိန်းမများ မင်းတွေ့လာတာလဲငါ့ကောင်ရာ။ မျက်စိမမြင်တဲ့ ယောက်ျားကို သေတစ်ပန် သက်တစ်ဆုံး ရှာကျွေးတဲ့မိန်းမတွေ အများကြီးကွ။
ဆင်းရဲပေမဲ့ သစ္စာမပျက် ကြဘူး။ အချစ်မပျက်ကြဘူး။ကလေးတွေ၊ မြေးတွေနဲ့ မင်းအတွေ့ပဲ။ တို့အထဲမှာ မင်းက အကင်းပါးဆုံး။
ဖဲရိုက်မလား၊ ကျားထိုးမလား၊ ဘောကန်မလား၊ မင်းကျမှ ခံရတယ်လို့ကွာ။
အေးလေ…ဘောလုံးက ခြူပါတာကိုးကွ၊ မိန်းမက ခြူမှ မပါတာ”

ဆိုတော့ ကိုမှန်ကင်းက ဘာမှ မပြောဘူး။ အရက်လည်း မဝယ်ခိုင်းတော့ဘူး။ခေါင်းရင်းထရံကို မှီရင်း ထိုင်နေလိုက်တာ လူတွေအားလုံး ပြန်ကြတဲ့ အထိပဲ၊ညဉ့်တော်တော်နက်တဲ့ အထိပဲ။ တော်တော်လေး တိတ်ဆိတ်သွားပြီဆိုတော့မှ
ကိုမှန်ကင်း ပတ္တလားဆီကို ဖင်ရွှေ့ပြီးသွားတယ်။ ပတ္တလား လက်ခတ်ကို ကိုင်ပြီးထင်းခွဲခြမ်း ခွဲသလို တဖြောင်းဖြောင်းနဲ့ ရိုက်ရိုက်တီးတယ်။ နဂိုကအသံကြောင်နေတဲ့ ပတ္တလားကကြောက်စရာ အသံတွေ ထွက်လာတော့မှ သူဆိုနေကျ ခပ်ရှရှ အစ်တစ်တစ်အသံမျိုးမဟုတ်ဘဲ အသံနက်ကြီးနဲ့…..

“နင် အင်မတန် ပလီတယ် ဆိုရင်ဖြင့် ခံရမှာပါ မလွဲ၊ ညည်း အင်မတန်ပလီတယ် ဆိုရင်ဖြင့် ခံရမှာပါ မလွဲ၊ အားလုံး မှန်ကြတာပါပဲ”

လို့ ကျုံးအော်ရော။ ပထမတော့ တဲစုကလေးက မျက်မမြင်တွေရော၊ မိန်းမတွေရော၊ကလေးတွေရော လန့်နိုးကုန်ကြတယ်။
 နောက်တော့လည်း အမှောင်ကြီးထဲမှာ တဲစုကလေးငြိမ်သက်သွားပြန်ရော။   ။

။………………………………………………………………………………။

နေဝင်းမြင့်
(ရင်ခုန်ပွင့်၊၁၉၉၀)

(သီဟရတနာ အုပ်၁၀၀ပြည့်အထူးထုတ် ၊ ၂၀ရာစု မြန်မာဝတ္ထုတို ၁၀၀ စာရေးဆရာ ၁၀၀ စာအုပ်မှ ဆရာနေဝင်းမြင့်ရဲ့ ဝတ္ထုတို ဖြစ်ပါတယ်။)

In: ဝတ္ထု,Others Posted By: Date: Dec 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment