Professional Authors

ယဉ်တကိုယ် မာယာ

ရင်တခြမ်းကို
ဖြန်းခနဲကွဲအောင် ကုတ်သွားတဲ့
ငါ့ရဲ့ ကြောင်မစုတ်လေးရေ
တာရာမင်းဝေရဲ့ ထိပ်ထား
နီကိုရဲရဲ့ မကြည်ပြာ
မြင့်ဦးဦးမြင့်ရဲ့ မြင့်မြင့်ဦး
ငါလည်း သူတို့လို ရူးခဲ့ဖူးတာပါပဲ

အခုတော့ ငါတစ်ယောက်တည်း
ညရဲ့အလှ ဖြူလွနေချိန်
မြစ်ကမ်းဘေး လမ်းမှိန်မှိန်လေးမှာ
ဂစ်တာကို သီချင်းနဲ့မြည်း
ရင်ထဲမှာ နေတွေ သီးတယ်။

အဲဒီနေသီးတွေ ကြွေတာတောင်မှ
ငါဆိုတဲ့ကောင်က
နှုတ်ခမ်းဆိပ်တွေ မူး
အလွမ်းမြို့က ထ မပြန်နိုင်ခဲ့ဘူး။

ဝေးပြီ ပူစီမရေ
ဝှက်ထားတဲ့ မျက်ဝန်းအရောင်က
နက်မှောင်နေခဲ့မှန်း
ရင်ကွဲခန်း မရောက်ခင်အထိ
ငါ မသိခဲ့တာ
မင်းရဲ့ မာယာတွေ
ယဉ်သာလွန်းလို့ ဖြစ်မှာပါ။

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: May 14, 2011
Comment #1

ကောင်းပါ့

commentinfo By: MyoZin at Jul 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment