Professional Authors

အိန်ဂျယ်တမ်းချင်း (၆)

(၁)

ဘယ်များမှာလဲ …
အိန်ဂျယ်

ဒဏ္ဍာရီတွေသာ မှန်မယ်ဆို
ဒီနေရာမှာ …
မျှော်လင့်ချက်လေး တခုတော့လိုနေမယ်

နှုတ်ဆက်ခြင်းတွေ
ခပ်တိုးတိုးပဲ ဆိုကြပါစို့ …
နှလုံးသားဟာ အသားပိုတစ
ရင်ခုန်သံတွေ ပြန်လည် မြိုချလိုက်ပါ့မယ်

တိတ်ဆိတ်ခြင်းတွေ ရွတ်အံရင်း
ပဲ့တင်သံတွေဟာ …
သူစိမ်းသူရံ ဆန်ခဲ့

အိန်ဂျယ်ရယ် …
ငါ့ရင်ခွင်မှာ သက်ပြင်းကာရံတွေ မို့လို့နေတယ်

အနမ်းလေး တတို့နဲ့
ချို့တဲ့ ခဲ့ လို့

အဲ့ဒီ့ညက …
မှိုင်းညှို့နေတဲ့ တိမ်ညိုတွေမှာ
မိုးခိုခွင့်လေး တောင်းဆိုနေမိတယ်

(၂)

ဒီမှာ …
အိန်ဂျယ်
ဆည်းဆာနံနက်က …
ညပျော်ငှက်တွေ အိပ်တန်းတက်ဖို့
ဘယ်တုန်းကများ ဘွာခတ်ခဲ့လို့လဲ

” ငါလည်း …
ချစ်တတ်ပါတယ် ”

အလံဖြူတလက်နဲ့ …
စစ်တိုက်ထွက်ခဲ့သူရဲ့ စကားမို့
ဘယ်သူကမှ ယုံလို့မရခဲ့

သူမိုက်တို့ရဲ့ ဖတ်စာ …
တ ဘ၀လုံးလောင်းကြေးထပ်ခဲ့တာ
ငါ တယောက်ထဲပါ
အိန်ဂျယ်ရယ်

သံယောဇဉ် တဲ့ …
သစ်စိမ်းရောင် လွင်ပြင်ရဲ့
အလေ့ကျ ပေါက်ပင်တွေ …
ရိတ်သိမ်းချိန်က
မခေါ်သေးပဲ ၀င်လာလေတယ်

သြော် …
အိန်ဂျယ်ရယ်
စုတ် တသတ်သတ်နဲ့ …
အလွမ်းပန်းခင်းတွေ ထွန်ယက်ခဲ့တဲ့
မင်းလေးအတွက်တော့ …
ငါဟာ
ခေါင်းငြိမ့်ရခက် …
ခေါင်းခါရခက် …

(၃)

ခ၀ါသည်တယောက်ရဲ့
အဖြူရောင် မာနကို
ဆေးခြယ်ပါ
အိန်ဂျယ် ….

ယုံကြည်မှုတဲ့ …
နှလုံးသားကန်းခဲ့သူရဲ့
လောကအတုလား …
မိန်းမတယောက်ရဲ့
သဲပွင့်လေး တခုလား …

ဒီဓမ္မဓိဋ္ဌာန်မှာ …
ကွက်လပ်လေးကို ချန်လို့
အချိန်မစေ့ခင် ငါပြန်ခဲ့တယ်

လှည့်ကြည့်ပါ …
အိန်ဂျယ် …
ငါသိနေတဲ့ ထောင်ချောက်တွေမှာ
ငါဟာ အကြိမ်ကြိမ်ပြန်မိ  …
တခုတည်းသော နှောင်ကြိုးက ညှိလို့မရတော့ဘူး

ဒဏ်ရာ ဒဏ်ချက်တွေ
ရင်ခွင်တခုလုံးမှာ ရေတွက်မလို့ မရနိုင်ခဲ့ …
ငါဟာ မင်းအတွက်တော့
ခတ်ကျွဲတကောင်တဲ့လား

ထားခဲ့ပါတော့ …
အိန်ဂျယ်ရယ် …
ချိန်းဆိုသံမဲ့တဲ့
နှုတ်ဆက်အနမ်း မှာ
အစားထိုး ပေးလျော်စရာမရှိပါဘူး

ငါကလည်း …
ငါပါပဲလေ …
မင်းပြောနေတဲ့ ” အပျော် ” မှာမှ
လောကွတ်တွေ ချော်ခဲ့ တာပါ…

night^

In: ကဗျာ Posted By: Date: Jun 15, 2009  
Comment #1

အဟတ်.. ဘတ်ဘတ်ကဗျာတင်ပါပြီ.. အဟတ် အဟတ်.. ဘတ်ဘတ်ကွ..
ပုံမှန်အတိုင်း လန်ထွက်နေတာပေါ့နော်.. ကဗျာက.. (၃) ကိုတော့ အကြိုက်ဆုံး.. မိုက်တယ်ဂျာ… 😀

commentinfo By: Kitty Yang at Jun 15, 2009
Comment #2

လန်တာကတော့ ၀ါသနာပါလို့ လှန်ထားတာပေါ့နော် (ဆံပင်ကို ပြောတာပါ) … အဟိအဟိ … ကျေးဇူးပါ မြှောင်မြှောင်ရေ

commentinfo By: nightbird at Jun 15, 2009
Comment #3

အဟတ်အဟတ်.. လှန်စရာရှိတယ်ပေါ့?? ဆံပင်ပြောပါတယ်.. ဟီးဟီး ..

commentinfo By: Kitty Yang at Jun 15, 2009
Comment #4

ကိုနိုက်ဘတ်ရေ ကဗျာလာဖတ်တယ်ဗျ
နောက်ထပ်ကဗျာတွေကိုလည်း စောင့်မျှော်နေကြောင်းပါဗျာ

commentinfo By: ညိမ်းညို at Jun 19, 2009
Comment #5

ကဗျာလာဖတ်တယ်ဗျို့…။ အိန်ဂျယ်လေးကတော့ ခဏခဏ ခလုပ်တိုက်နေမှာပဲနော်…။ ဟီ ဟိ။

စကားမစပ် ဆိုက်ဒ်အသစ်လေးက လှသားပဲဗျ။

commentinfo By: ဟန်သစ်ငြိမ် at Jun 24, 2009
Comment #6

ကဗျာတွေ ရေးပါဦးဗျာ. . . .
ကျွန်တော် မျှော်နေပါ့မယ် . . . . ။

commentinfo By: fridayofpoem at May 15, 2010
Comment #7

လှတယ်ရှင် ကဗျာတွေက… အားကျပါတယ်…

commentinfo By: sawkaythwe at Dec 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment