Professional Authors

မျှော်လင့်ခြင်းဆီသို့ . . .

မျှော်လင့်ခြင်းတစ်စုံတရာ
ပြတင်းပေါက်အပြင်မှာ ကစဥ့်ကလျား
သော့ခတ်ထားအိမ်ထဲ
အထီးကျန်ခြင်းကို အဖော်ပြုရင်း
ကြမ်းပြင်ပေါ်လဲကျသူ လူတစ်ယောက်အတွက်
နှစ်သိမ့်ပေးမယ့် မျက်နှာကျက်မရှိ . . .

လွတ်မြောက်ချင်လည်း
ထွက်ပေါက်မပေးတဲ့ နံရံ
ပိတ်ထားတဲ့ တံခါး
ထင်းမရှိတဲ့ မီးလင်းဖို
မမြင်ရတဲ့ ခေါ်သံတွေကြား
သံယောဇဉ်ကြိုးတစ်မျှင်အတွက်
ငါဟာဒီလောက်မိုက်ရသလား . . .

လွတ်လပ်ခြင်းဟူသောလွင်ပြင်
ပျော်ရွှင်ခြင်း အစိမ်းရောင်မြက်ခင်း
ချစ်ခြင်းဟုဆိုအပ်သော ကောင်းကင်ပြာ
နွေးထွေးခြင်း နေခြည်ဖြဖြမှာ
ငါဟာ အနှောင့်အဖွဲ့ကင်းစွာနဲ့
ကမာ
္ဘဦးလူသားတစ်ယောက်လို
အပူအပင်မဲ့ ပြေးလွှားနေချင်ပါရဲ့ . . .

အခုတော့များ
မာယာပိုက်ကွန်ထဲက နှလုံးသား
အချစ်ဟူသော နတ်ဘုရားနှင့်
ယင်းကို ကိုးကွယ်သူလူသား
ချစ်သူ့နှုတ်ခမ်းမှ ပစ်ခွင်းသော
ရင်မှာစူးစိုက်ခဲ့ မြှားချက်များ
ဂရုဏာမဲ့
ရယ်မောသံများရဲ့အဆုံးမတော့
အတိတ်ခါးခါးကို ဆေးကြောဖို့ရာ
ဘယ်မှာထွက်ပေါက် ရှာမရခဲ့ဘူး . . .
မျှော်လင့်ချက်က
တံခါးပေါက်အပြင်မှာ
ငါ့မှာတော့
နံရံလေးဘက်ကြား
တိတ်ဆိတ်ခြင်းကို ရူးမိုက်စွာခံစားရင်း
ရင်းနှီးပြီးသားကြမ်းပြင်မှာ လဲလျောင်းလို့
ငါ့ဝိညာဉ်ကို လွတ်မြောက်စေတော့မယ် . . .

ခေါ်သံတွေရဲ့အဝေးကို
ရယ်မောသံများရဲ့ အဝေးကို
မျက်နှာကျက်ရဲ့အဝေးကို
နံရံတွေရဲ့ အဝေးကို
တံခါးများရဲ့အဝေးကို
ကျိန်စာများရဲ့အဝေးကို ပြေးထွက်လို့
ပြတင်းပေါက်အပြင်က
မျှော်လင့်ချက်တို့ စေစားရာ
ကောင်းကင်ပြာ လွင်ပြင်တစ်ခုဆီ
ငါ့လိပ်ပြာလေး
လွတ်လပ်စွာပျံသန်းခွင့်ပြုပါတော့ . . . . . . . .

# Lynn Eain Thin <>

In: ကဗျာ Posted By: Date: Mar 7, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment