Professional Authors

ဆိပ်ကမ်း ၂၅

ဆိပ်ကမ်း ၂၅

ည!

မတူညီတော့တဲ့

အလွမ်းပြန့်ကျဲည။

လ ရှိ မရှိလည်း မသိ

ကြယ် ရှိ မရှိလည်း ငါ မသိ

ညဟာ ညအဖြစ်တော့ အစစ်အမှန်

အတွေးကသာ အစစ်အမှန်မှန်း

ငါ ကိုယ်တိုင် မသေချာတာပါ…။

ည!

ဝန်းကျင်ဟာ လင်းလင်းကျင်းကျင်းနဲ့

အရိပ်တွေလည်း မစောင်းလည်း

ပတ်ဝန်းကျင်က အရောင်တွေပြောင်းခဲ့သလို

ခင်းကျင်းလိုက်တဲ့ အိပ်မက်တစ်ချို့

အလိုက်အထိုက် နေရာတွေပြောင်းတယ်။

ည!

မိုင်တိုင် ၂၄ ညတွေမှာ

စိတ်ကူးခြင်း

တမ်းတခြင်း

မျှော်တွေးခြင်း

ရေးဖွဲ့သီကုံးခြင်း

ဆန္ဒဘောင်အတွင်း ကိုယ့်အမြီးကိုစွပ်

လမ်းလျှောက်တတ်စ ကြွက်တစ်ကောင်လို

ဘ၀ကို ငွေ့ရည်ဖွဲ့တယ်….။

ည!

ဆိပ်ကမ်း ၂၄.၅ ညတွေမှာ

စီးမျှောနေတဲ့ လှေလည်း

တောရောက် တောင်ရောက်

ဖြတ်သန်းနေတဲ့ ခရီးလည်း

တောမှောက် တောင်မှောက်

ပြန်သွားလို့မရတဲ့ ဆိပ်ကမ်းအစဆီက

ထပ်တူမကျနိုင်တဲ့ ဆန္ဒတစ်ချို့ရယ်

ဖြုတ်သိမ်းလိုက်ရတဲ့ အိပ်မက်တွေရယ်

မေ့ထားခဲ့တယ်…။

ည!

မိုင်တိုင် ၂၅ ညတွေမှာ

ဘ၀ဟာ နေ့မှာဆို

ယန္တရားဆန်ဆန်ဇာတ်ကွက်တစ်ချို့ ဖန်တီးပြီး

ညရောက်တဲ့အခါ

စိတ်ကူးတစ်ချို့နဲ့အတူ လေထုထဲကနေ ထိုးထွက်တယ်။

ဒီည!

မိုးကြိုတေး တစ်ပုဒ်ကိုဆိုချင်တဲ့

ဖားတစ်ကောင်လိုပဲ

ကိုယ် ဖြတ်သန်းမယ့်

မိုင်တိုင်တစ်ခုကို လှမ်းကြည့်မိတယ်

ဘာမှတော့ မမြင်မိဖူး

ဆုပ်ကိုင်ထားတဲ့ အိပ်မက်ကတော့

ဆိပ်ကမ်းတစ်ခုဆီ စီးမျှောဆဲပဲ……။

 

(စကားချပ်။….။ ၂၅ နှစ်ပြည့်မွေးနေ့မှာ အမှတ်တရ စိုက်ဖြစ်တဲ့ မိုင်တိုင်တစ်ခု )

In: ကဗျာ Posted By: Date: Jun 18, 2010
Comment #1

ကျွန်တော်တို့လည်း ဘယ်လို ဆိပ်ကမ်းတွေ………….ကို ဘယ်လို အင်အားနဲ့
ကျော်ဖြတ်ရဦးမလဲမသိဘူး…ဗျာ..။

commentinfo By: အငွေ့ at Jun 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment