Professional Authors

“ချစ်ခြင်း” ရဲ့ ကမ်းတစ်ဘက်

ကွဲကွာခြင်းကရတဲ့
ဆွေးမြည့်ခြင်းဆိုတဲ့ သောက၊
ကြောက်ရွန့်ခြင်း ဆိုတာရဲ့ ဟိုးအဝေးတစ်နေရာ၊
ပူလောင်ခြင်းရဲ့ အရိပ်
မျက်ရည်ပူတို့မရှိတော့တဲ့ ဟိုးတစ်ဘက်။

အဲဒီဘက်ကို မင်း…….
မင်းသွားချင်တယ် ဆိုရင်တော့
ပိုင်လိုခြင်းဆိုတဲ့ လောဘနဲ့
စွဲလန်းခြင်းဆိုတဲ့ မောဟတို့ကို
မင်း…. မင်းစွန့်လွှတ်နိုင်မှာလား။

လူတွေခေါ်ကြတဲ့
“ချစ်ခြင်းတရား” ဆိုတဲ့အရာရဲ့
ဟိုကမ်းတစ်ဘက်မှာလေ၊
နွေးတွေးခြင်း ဆိုတဲ့မေတ္တာတရားနဲ့
အေးမြသိမ်မွေ့တဲ့ ကရုဏာတစ်ရပ်၊
ပူလောင်တဲ့ သောကဝေဒနာအစား
ချမ်းမြေ့တဲ့ “ပီတိ” ဆိုတာကို
မင်းတွေ့ရလိမ့်မယ်။

ဟိုး….မိုးကုတ်စက်ဝိုင်းဆီကလို
အဆုံးမရှိတဲ့ လွတ်လပ်ခြင်းမျိုး၊
ဒီလွတ်လပ်မှုကို ပေးနိုင်တဲ့
သတ္တိဆိုတဲ့ လက်ဆောင်တစ်ခု။

ကြည်နူးလို့ကျရတဲ့ မျက်ရည်တစ်ပေါက်နဲ့
“ဝမ်းသာသော ဝမ်းနည်းခြင်း” ဆိုတဲ့ အဓိပ္ပာယ်တစ်ရပ်
အေးချမ်းလို့ပြုံးရတဲ့ အပြုံးတစ်ပွင့်နဲ့
ပျော်ရွှင်ခြင်းရဲ့ အမှတ်တရရယ်သံတစ်ချို့
ဒါတွေကိုပဲငါ…… ငါမင်းကိုပေးပါရစေ။

မောင်ပိုင်

In: ကဗျာ Posted By: Date: Jan 11, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment