Professional Authors

အိမ်မက်ရဲ့ ခရီးသည် – နရီထက်

မနက်ဖြန်ဆိုတဲ့ နေ့ရက်
အိမ်မက်မက်ခဲ့ကြတယ်
များစွာသော မနက်ဖြန်တွေရယ်
ငါ ခရီးဆက်ခဲ့တယ်
ငါ နှင့် ခရီးသည်တွေလည်း လိုက်ပါခဲ့ကြတယ်

မက်ခွင့်ရှိတဲ့ မျှော်လင့်ခြင်းတွေထဲမှာ
ရစ်နှောင်ထားတဲ့ မမြင်မသာ
ပီပြင်မလာတဲ့ ၀ိုးတ၀ါးအိမ်မက်တွေကို
ခေါင်း ကလေး ကုတ်လို့ စဉ်းစားခဲ့ကြတယ်
နောက်အိမ်မက် ထပ်မမက်ခင်အထိပေါ့

အိမ်မက်က ပေးတဲ့ ယုံကြည်ခြင်းထဲ
နှစ်ဝင်အိပ်စက်ရင်း ရှေ့ဆက်လှမ်းတဲ့အခါ
ပျော်ရွှင်စရာ နေ့ရက်တွေလည်း တွေ့ခဲ့တယ်
ငိုရှိုက်သံတွေလည်း ယဲ့ယဲ့သဲသဲကြားရပြန်တယ်

အမှတ်မထင် ပြေးလွှားယှက်လုးခတ်
ဖြတ်ပြေးသံ အမှောင်ရိပ်တွေကြား
အလင်းပြောက်ကလေးတွေက
အိမ်မက်ထဲမှာ ခရီးသည်တွေကို နေထိုင်ခွင့်ပြုခဲ့ကြတယ်

ကျရှုံးခြင်းဆိုတဲ့ နတ်ဆိုးအပါး
အောင်မြင်ခြင်းဆိုတဲ့ နတ်ကောင်းလေးက
အပြုံးမျက်နှာနှင့် ငဲ့စိုက်ကြည့်နေတယ်
ဒုက္ခဆိုတဲ့ ကျောက်ဆောင်နံဘေးနား
သုခဆိုတဲ့ စမ်းရေစီးသံကြားနေရတယ်

သတ္တိဆိုတဲ့ ခွန်အားလမ်းကလေးကြား
ကြောက်စိတ်ဆိုတဲ့ ဆူးငြှောင့်ခလုတ်တွေက
တဂိုကတည်းက ရှိနေပြီးသားတဲ့
အိမ်မက်တွေက စေခိုင်းထားကြတယ်

အပြစ်ကင်းစင်ခြင်း အဖြူရောင်နားမှာ
ဖုံးကွယ်လိမ်ညာခြင်း အနက်ရောင်က
ယှဉ်လျက်ရှိနေပြီးတာပါ
နောက်ကွယ်က စိတ်တွေကို
ဘယ်သူသိနိုင်မှာလဲ . . .
အို . . အိမ်မက်ခရီးသည်တွေရယ်

လွတ်မြောက်ခြင်းကို လိုချင်ကြပေးမဲ့
ပိတ်မှောင်နက်ကျတဲ့ ဂူလှောင်ထဲမှာ
နေနေကြတယ်
အိမ်မက်က မျှော်လင့်ခြင်း တစ်ချို့တစ်ဝက်နဲ့ရယ်

မနက်ဖြန်ဆိုတဲ့ ခရီးသည်တွေကြား
အိမ်မက်ဆိုတာ နောက်တစ်ခေါက်
မက်ခွင့် ရှိနေပြီးထားပါ. . .
မျှော်လင့်ခြင်း မနက်ဖြန်များစွာ. . .။     ။

နရီထက်
( ၀၂ ၊ ဒီဇင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Dec 2, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment