Professional Authors

“ကြေကွဲ….ရသ”

“ကြေကွဲ….ရသ”

မဆုံနိုင်ခြင်းရဲ့ ဆွဲငင်အားကြောင့်
ကိုယ့်ကမ္ဘာမှာ ကြေကွဲစရာတွေ သက်ရောက်နေကြတယ်။

အလွမ်းတွေ စွန်းတိုင်း
အိပ်မက်တွေ မက်ခွင့်မရှိတော့ကြောင်း တွေးမိခဲ့
ကိုယ့်အတွက်ဆို ဗလာမှန်း သိသိနဲ့
စွန့်မပစ်နိုင်တာကိုက
ကိုယ့်ရဲ့ အမှန်တရားတစ်ခုလိုလို…..။

လှည့်စားခဲ့ခြင်းတွေ အထပ်ထပ်နဲ့ ဆိုပေမယ့်
သူ့အငွေ့အသက်လေးကအစ
ကိုယ့်ကို ပျော်ရွှင်စေခဲ့တာပါ
စိတ်တို့ ရွေ့လျားတိုင်း
သူက ကိုယ့်အနား….စကားများစွာ ဆိုလို့
မမေ့ကောင်း မပျောက်ကောင်း
တဒင်္ဂသာသာတော့ သူ ယုယကြင်နာခဲ့ဖူးတယ်။

ထာဝရဝေးခဲ့တဲ့ သေချာမှုအောက်မှာ
ကိုယ့်ဖြစ်တည်ခြင်းတွေ မချိမဆံ့
သို့ပေမယ့်
ပြိုအက်ခဲ့တဲ့ အနာဂတ်အပိုင်းအစတွေထဲ
ခံစားချက်တွေမှန်သမျှက သူ့ကိုချစ်ရဖို့ ၀င့်ကြွားနေကြသေးရဲ့……။

သူပေးခဲ့တဲ့ ဝေဒနာတွေကြား
နေတာများခဲ့တဲ့ကိုယ်
ဥပေက္ခာခရီး ခြေဆန့်ကြည့်တိုင်းလည်း
သူ့ရင်ဘတ်နဲ့ ပြန် ပြန် နီးခဲ့တဲ့ အဖြစ်မို့
ထုံးစံအတိုင်းပါပဲ…..
…….
………
ထိန်းသိမ်းရခက်တဲ့ မျှော်လင့်ခြင်းတွေနဲ့
တစ်နေ၀င် တစ်နေထွက်
သူ့ကို လွမ်းဖို့ ရှင်သန်နေရုံပေါ့လေ….။ ။

အလွမ်းကေသရီ

In: ကဗျာ Posted By: Date: Oct 30, 2013
Comment #1

သူ့အငွေ့အသက်လေးကအစ
ကိုယ့်ကို ပျော်ရွှင်စေခဲ့တာပါ
စိတ်တို့ ရွေ့လျားတိုင်း
သူက ကိုယ့်အနား….စကားများစွာ ဆိုလို့
မမေ့ကောင်း မပျောက်ကောင်း
တဒင်္ဂသာသာတော့ သူ ယုယကြင်နာခဲ့ဖူးတယ်။
………………………………………..
တစ်ပုဒ်လုံးကောင်းတယ်။ အားပေးသွားပါသည်။

commentinfo By: နွေ at Oct 30, 2013
Comment #2

တပုဒ်လုံးကောင်းပါသည်….အားပေးသွားပါတယ်

commentinfo By: ap at Oct 30, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment