Professional Authors

“ချစ်ခြင်းမိုး”

“ချစ်ခြင်းမိုး”

အတားအဆီးမဲ့ ရွာသွန်းချလိုက်သော မိုးရေစက်တွေကို
ငေးမောကြည့်ရင်း…..ကျွန်မရင်ထဲ တစ်စုံတစ်ယောက်၏ မျက်ဝန်းများကို
လွမ်းဆွတ်တမ်းတနေမိသည်…။ “ဒီအချိန် သူဘာများ လုပ်နေမလဲ ” ဟူသော
အစောဆုံးဝင်လာသည့် အတွေးတချို့ကို “အို သူ့ဘာသာ ဘာလုပ်လုပ် ငါနဲ့
ဘာဆိုင်လို့လဲ” ဟူသော မာနရောင်လွှမ်းနေသည့် အသိစိတ်တို့က
ဖျောက်ဖျက်ပစ်နေကြသည်…။ “မသိစိတ်က ငါ အခုချိန်ထိ လွမ်းနေတုန်းပါလား ” ဟု
ကိုယ့်ကိုယ်ကို ကောက်ချက်ချမိပြန်တော့ “အဲဒါ နင် လွမ်းနေတာ မဟုတ်ဘူး
အရူးထနေတာပါ” ဟု လက်ရှိဖြစ်ရပ်ကို ပြန်အမှတ်ရစေဖို့ သူတို့(၂)ယောက်ရဲ့
ဓါတ်ပုံလေးကို ထောင်မတ်ပေးထားသည့် photo stand လေးက သတိပေးနေပြန်သည်။
ကိုယ့်ချစ်သူက တခြားမိန်းကလေးတစ်ယောက်နှင့် ပြုံးပျော်မြူးနေသည့်
ထိုဓာတ်ပုံကို ကျွန်မ၏ စာရေးစားပွဲပေါ်၌ နေရာပေးထားသည်ကိုပင်
သူငယ်ချင်းတချို့ က တအံ့တသြမှင်သက်လျှက် ကျွန်မအား နားမလည်သော
မျက်လုံးများဖြင့် ကြည့်ရှုတတ်ကြ၏…..။ ထို photo stand လေးကြောင့် ကျွန်မ
အရာရာကို ပြောင်းလဲပစ်နိုင်ခဲ့သည်….။ ထို photo stand လေးကြောင့်
ပျော့ညံ့ အရှုံးပေးခဲ့လွန်းသော ကျွန်မ မာကြောခက်ထန်လာခဲ့သည်….။ ထို photo
stand လေးသည်….ကျွန်မ၏ မျက်ရည်များကို အငိုတိတ်စေသည့်
အသုံးအ၀င်ဆုံး…..အထောက်အပံ့ဖြစ်

သည်မှာ…မည်သူကိုမှ
ရှင်းပြနေဖို့လိုအပ်မည်မထင်တော့ပါ….။ ကျွန်မအမြင်အာရုံရှေ့တွင် ရှိနေသော
ထို photo stand လေးသည်….သူ့အား ကျွန်မ ဘ၀ထဲမှ
အပြီးအပိုင်ထွက်ခွာခွင့်ပေးဖို့ နေ့ရှိသရွေ့….
တိုက်တွန်းနေသည်ဆိုတာကိုရော မည်သူတစ်ဦးတစ်ယောက်က သိရှိမည်နည်း….။
ဘာပဲဖြစ်ဖြစ် သူ့ကို ကျွန်မ အနာဂတ်ထဲမှာ နှတ်ပယ်ခဲ့ပြီးသည့်နောက်…..အခြား
အခြား….ဘယ်အကြောင်းအရာဖြင့်မဆို….သတိမရမိစေဖို့ ခုချိန်ထိ….ကျွန်မရဲ့
သံယောဇဉ်တွေကို ဆိုဆုံးမနေမိဆဲပါလေ….။
ဒါပေမယ့်……
   မိုးရေစိုသည်နှင့် ဖျားနာလွယ်သော သူ့ကို ရေစိုအ၀တ်များဖြင့်
ကြာကြာမနေမိဖို့ သတိပေးချင်ပါသေးသည်။ သို့သော် မိုးသည်းသည်းထဲ
ထားခဲ့ခံရခြင်း ခံစားချက်တွေ ပြန်ဝင်ရောက်လာလျှက် ခေါင်းကို
အကြိမ်ကြိမ်ရမ်းခါပစ်ရင်း မရှိသင့်တော့ဘူး ဟုတွေးကာ ဆံပင်တို့ကို
အခါခါထိုးဖွမိပြန်သည်…..။ သူ့ကို ကျွန်မဘ၀ထဲက အပြီးပိုင်
နှင်ထုတ်ပစ်ခဲ့ပြီးပြီ……။ (၄)နှစ်ဆိုသော သံယောဇဉ်သက်တမ်းအားလည်း
နှမြောတွန့်တိုခြင်းမရှိဘဲ မိန်းကလေးတစ်ယောက်နှင့် သူ…..
လဲလှယ်ခဲ့ပြီးပြီ…..။ အမှန်ကို အမှန်အတိုင်း လက်ခံပေးမိသည့်တိုင်…….
ပင့်သက်တို့ရှိုက်လိုက်တိုင်း ဆွေးမြည့်ခြင်းလား နာကျည်းခြင်းလား
ဝေခွဲမရတဲ့ စို့နင့်မှုတို့အား ကြုံတွေ့နေရဆဲ……။

လွန်ခဲ့ပြီးသော ကာလတစ်ခုမှ ဒီမိုးစက်တွေကြား သူနဲ့ ကျွန်မ ချစ်သူဘ၀ စခဲ့ဖူး၏…..
   “မျိုး နင်ကလေ ဘယ်တော့မှ ထီးမဆောင်းဘူး ဖျားရင် ဘယ်လိုလုပ်မလဲ………
လူကောင်ကသေးသေးလေးနဲ့ ရော့….ထီးယူ…..ပေး အဲဒီ့ ဂစ်တာ…..မိန်းကလေးဖြစ်ပြီး
ဂစ်တာကလည်း မက်ပ”
ဒါ လွန်ခဲ့သော ၄နှစ်က စကားသံတွေ……မှတ်မှတ်ရရ သူ့ကို အဖြေပေးမည့်
ကျွန်မအား တွေ့လျှင်တွေ့ခြင်း စိုးရိမ်တကြီး ရန်တွေ့ခဲ့တာပေါ့……။
” မဟုတ်ဘူးဟ ဒီဂစ်တာထဲမှာ အဖြေရှိတယ်….”  ကျွန်မရဲ့ စကားကိုကြားတော့
သူ့မျက်ခုံးထူထူလေးတွေ ပင့်တက်သွားရင်း ဂစ်တာတစ်ခုလုံး လှန်မှောက်၍
စစ်ဆေးခဲ့တာကိုလည်း မှတ်မိပါသေးသည်….။( ကျွန်မ သူ့ရဲ့ ထိုပုံစံကို
အင်မတန်မြတ်နိုးခဲ့ဖူးသည်…..။)
 သူ့အား သဘောကျစွာ ရယ်မောကြည့်လျှက်
” ဟဲ့ မိုး…..ငါပြောတာ ဒီဂစ်တာနဲ့ နင့်ကို သီချင်းဆိုပြမှာကို ပြောတာ ……”
ကျွန်မရဲ့ စကားကိုကြားတော့ သူက မျက်နှာလေးရှုံ့မဲ့ပြရင်း
” မျိုး …….နင်က အသံမှ မကောင်းတာကို”
သူက ဒီလိုပဲ ပွင့်လင်းပါသည်….။ တခါတလေ….သူ့ရဲ့ ထိုအကျင့်ကို ချစ်မိသလောက်
တခါတလေ ထို့ကြောင့်ပင်  ကျွန်မ သိပ်နာကျဉ်ခဲ့ရဖူးသည်….။
“ကဲ ……. ကိုမိုးကောင်းကင် ငါက နင်အဖြေတောင်းထားတဲ့ မိန်းကလေးနော်
အဲဒီ့လောက်ထိ မနှိပ်ကွပ်နဲ့ ” ဟု ကျွန်မ ခပ်စွာစွာလေးပြောလိုက်မှ သူက
သူ့လက်ထဲမှ ဂစ်တာကို ကျွန်မအား ၀ပ်တွားခယစွာ လက်နှစ်ဖက်ဖြင့်
ကမ်းပေးလျှက်…..
” ကဲပါ ဦးမျိုးဇော် သမီးရယ်….ဆိုပြပါ ငါ ကလေးတွေ ကဗျာရွတ်သံ မကြားရတာ ကြာပြီ”
(ကျွန်မ သူ့နာမည်အရင်းကိုခေါ်တိုင်း ကျွန်မရဲ့ ဖခင်နာမည်ကို အစားသုံးလျှက်
ဦးမျိုးဇော်သမီးဟု ပြန်ခေါ်ဆိုတတ်သည်)
ကျွန်မလည်း သူ့ရဲ့ ထိုစကားကို
တုံ့ပြန်မနေတော့ပဲ……မျက်စောင်းသာထိုးပြလျှက် ဂစ်တာကြိုးစခက်လိုက်၏…။
(ထိုအခါက သူ့ကို အဖြေပေးဖို့ သီချင်းရွေးချယ်ရာမှာ တော်တော်
ခက်ခဲလွန်းခဲ့ဖူးသည် နောက်ဆုံးတော့ သူ့အကျင့်စရိုက်တွေကို သိထားတဲ့
ကျွန်မ….သိပ်မကြာတော့တဲ့ လပိုင်းလေးမှာ ပြည်ပသို့ ပညာသင်သွားမည့် သူ့အား
အဆိုတော် ၀ိုင်ဝိုင်းရဲ့ လက်ခံမှာလား သီချင်းကိုသာ သီဆိုပြဖြစ်ခဲ့သည်….။)
ကျွန်မ ဂစ်တာ လက်ကွက်စခက်လိုက်ပြီး စက္ကန့်(၃၀)လောက်အကြာတွင် သူ့နှုတ်က “
ဟာ….. မျိုး နင် ” ဟု အာမေဋိတ်အသံထွက်လျှက် တစ်ဆက်တည်းမှာပဲ “ဟေး……..”
ဟု ကန်တော်ကြီး ကျောက်တုံးဥယျာဉ်တစ်ခုလုံးလွှမ်းသွားအောင် သူ
အော်ဟစ်ခဲ့သေးသည်…..။ သူ့အပျော်တို့ ကျွန်မဆီ ကူးစက်လာလျှက်….
သီချင်းအပြီးတွင် ဂစ်တာကို ဘေးချပြီး သူ့လက်မောင်းကို လက်သီးဖြင့်
ခပ်ဖွဖွလှမ်းထိုးလိုက်တော့ သူက ပြုံးရွှင်လျှက်
 ” ငါကလေ…… နင် ဆိုမယ့် သီချင်းက ငါ မင်းကို သတ်ချင်တယ် ဖြစ်နေမလားလို့
နင်က မထင်ထားတာတွေ လုပ်တတ်တာကို မျိုးရ ငါ အခုတော့ သေပျော်ပြီ “
သူက အဲဒီလိုပါပဲ ပေါက်ကရ အရမ်းတွေးတတ်တာ ဘယ်မိန်းကလေးက မချစ်ဘူးဆိုတဲ့
အဖြေကို ပေးဖို့ ဂစ်တာကိုသယ်ပြီး ကန်တော်ကြီးထိ အရောက်လာခဲ့ပါ့မလဲနော်……

” နေပါ မိုးရာ နင်သိရဲ့သားနဲ့ …….ဟိုရောက်ရင် ငါ့ကိုမမေ့နဲ့နော် နင်
စိတ်ညစ်စရာတွေ ရှိလာတိုင်း ငါ့ဆီ ဖုန်းဆက် စာရေးနော်”
” အင်း မျိုး ငါ ဘယ်တော့မှ နင့်ကို မေ့မသွားဘူးလေ ဒါ ငါ့သစ္စာပဲ
ဒီသစ္စာမှန်ရင် ခု မိုးသည်းသည်းကြီး ရွာချလိမ့်မယ် “
သူထိုသို့ ပြောပြီး မကြာခင်မှာပဲ မိုးတို့ သည်းထန်စွာ ရွာချခဲ့၏။
မိုးတွင်းမို့ မိုးရွာသည်ကိုပင် သူ့သစ္စာအမှန်ထင်လျှက် ကျွန်မ အလွန်အမင်း
ရင်ခုန်ကြည်နူးခဲ့ဖူးပါသည်…..။ ထို တိုက်ဆိုင်မှုကြောင့်ပင် သူသည်
ကျွန်မဘ၀ထဲ နှစ်ပတ်လည်များစွာထိ သံသယ တစ်စိုးတစိမျှ
ထင်ကျန်ခံရခြင်းမရှိဘဲ ရှင်သန်ခဲ့ဖူး၏။

” မိုး ငါ နင့်ကို ချစ်တယ် ” အကြောင်းမသက်ဆိုင်ပါဘဲ ရုတ်တရတ်
ပြောချလိုက်သည့် ကျွန်မစကားကြောင့် သူ အနည်းငယ်တော့
မှင်သက်သွားခဲ့သည်…..။ ဒါပေမယ့် သူက လူလည်……” ချစ်ရင်
အခေါ်အဝေါ်တွေပြောင်းကြမယ်ကွာ…..” ဟု ဆိုကာ သူအလိုရှိသော
အသုံးအနှုန်းတို့ကို တောင်းဆိုပါတော့သည်…..။ ကျွန်မက ” ဟာ မိုး နင်ကလည်း
အထက်တန်းကတည်းက ဒီလိုပဲ ခေါ်လာကြတာကို ” ဟု ပြောတော့
” မရဘူး မျိုးရာ ပြောင်းခေါ်ပါဟာ ငါ့ကို “မောင်” လို့ခေါ်ပါလား”  သူ့ဘက်က
လိုလားတောင်းခံလာသော ထိုနာမ်စားကို ကျွန်မ စိတ်ထဲပ
အခါပေါင်းမရေမတွက်နိုင်အောင် ခေါ်ဆိုနေခဲ့ဖူးတာ သူ မသိခဲ့ပါ…..။
သို့ရာတွင် ကျွန်မ သူ့ကို မောင်ဟု နှုတ်ဖျားက တစ်ခါဖူးမျှ
မခေါ်ဖြစ်ခဲ့ပေ…..။ ၁၀ တန်းတက်စတုန်းက သူ့ guide မမကပင် သူ့ကို
ထိုသို့ခေါ်တွင်ခဲ့ဖူးသည်…။ ကျွန်မက မခေါ်ပါဘူး….ဒါ နင့်မမကြီး ခေါ်ဖူးတဲ့
နာမ်စားကြီး ငါ နင့်ကို မောင်လို့ ခေါ်တိုင်း သူ့ကို နင် သတိရနေမှာပေါ့
လုံးဝ မခေါ်ဘူး
“ဟာ မျိုး…. နင်ကလည်း သူက သူလေဟာ….ခေါ်ပါ မျိုးရာ နော်…နင် ငါ့ကို
မောင်လို့မခေါ်ရင် ငါကလည်း နင့်ကို မျိုး လို့ ဆက်ခေါ်မှာပဲ…..။”
ဒါ သူ တမင် အကြပ်ကိုင်ခြင်းပဲပေါ့လေ….။ ကျွန်မရဲ့ ရှည်လျားသော
နာမည်တွေထဲမှ မျိုး ဟူသော နာမည်ကို သူတစ်ယောက်သာ ခေါ်ခဲ့ဖူးသည်….။
သူ့အကြောင်းပြချက်က…..ရှေ့က နာမည်တွေက လူတိုင်းခေါ်နေကြတာလေ….ငါက
မျိုးလို့ပဲ ခေါ်မှာ ဘယ်သူနဲ့မှ မတူအောင်…..နင်က ငါ့ကို မိန်းမ နာမည်
မိုးလို့ခေါ်တာကို…..
ကျွန်မနှင့်သူ….ဒါတော့ စိတ်သဘော တိုက်ဆိုင်ခဲ့သည်…ကျွန်မကလည်း
သူကဲ့သို့ပင်….သူ၏ မိုးကောင်းကင်ဆိုသော နာမည် ၃ လုံးထဲမှ မည်သူကမှ
မခေါ်သော မိုးကို နှစ်နှစ်ခြိုက်ခြိုက်ကြီးခေါ်ဝေါ်ခဲ့သောအခါ….အစ ပထမ
…သူစိတ်ဆိုးခဲ့သေးသည်….။ သို့ရာတွင် သူ့နှုတ်ဖျားမှ ကျွန်မအား မျိုးဟူသော
ခေါ်သံကို ကျွန်မ အချိန်တိုင်းကြားချင်မိခဲ့သည်…။ သူသည်လည်း
ထိုအချိန်အခါတုန်းက မိုး ဟူသော တောင်းတသံကို တဘ၀စာ
သိမ်းဆည်းထားချင်သည်ဟု….. မကြာခဏပြောခဲ့ဖူးသည်…..။
ဒီလိုနှင့်…… ထိုနေ့က နာမ်စားတွေ သတ်မှတ်လဲလှယ်ကြရင်း…… Black Sky Coffee
ဆိုင်လေးထဲမှာ ကျွန်မဘ၀ရဲ့ ပထမဆုံးသော နာမ်စားလေးဖြစ်သော ….မောင် ဆိုသည့်
စကားလေးပေါက်ဖွားလာတော့သည်…..။ ကျွန်မ နှုတ်က မောင် ဟူသော
အဦးဆုံးရေရွတ်သံတိုးတိုးလေးကို
သူကြားတော့…..ပါးချိုင့်သေးသေးလေးတွေပေါ်အောင် သူက ပြုံးရယ်ခဲ့သေးသည်….။
သူ့နှုတ်က သဲ ဟူသော ခေါ်သံကို ကျွန်မကြားတဲ့အခါ စားနေသော
ပူတင်းအပိုင်းသေးသေးလေးက လည်ချောင်းဝမှာ စို့နင်လို့…..။
နာမ်စားခေါ်ခံရတာချင်းတူပေမယ့် သူက ပြုံးရယ်နိုင်သည်…ကျွန်မက ……
ဘယ်တူပါ့မလဲနော်….သူက “မောင်” ဟူသော နာမ်စားကို ကျွန်မဆီက
ဒုတိယမြောက်ကြားခဲ့တာ…ကျွန်မအတွက်က “သဲ”ဟူသော စကားက တကယ်အစိမ်းသက်သက်….။
ချစ်သူတွေကို ကိုယ်စားပြုသော နာမ်စားနှင့် မိတ်ဆက်ခြင်းက
ဒါ….အဦးဆုံးဆိုတော့…..ကျွန်မ…. ရှက်ကိုးရှက်ကန်းနဲ့ပေါ့လေ……။
ဘာပဲဖြစ်ဖြစ် ကျွန်မ ထိုနေ့တွေကို ဖြစ်နိုင်လျှင် ဘ၀စာမျက်နှာတွေထဲက
ပိုင်းဖြတ် ဖျောက်ပစ်လိုက်ချင်သည်…။
Black Sky Coffee ဆိုင်ရှေ့သို့ရောက်တိုင်း…….ထို Conversation
တို့ဝေဆာခဲ့ဖူးသည့် နေ့လေးကိုသာ ကျွန်မ အမြဲတစေ ပြန်လည်
ပွေ့ဖက်ထားမိနေသည်….။
ကျွန်မလေ….ဆုတောင်းတိုင်းသာပြည့်မည်ဆိုလျှင်….အတိတ်ကနေရာတိုင်းကို….သူ့အားသတိရမှုကင်းစွာဖြင့်
လျှောက်လှမ်းနိုင်သူဖြစ်ပါစေဟုသာ….ဆုတောင်းမိမှာပါ…..။

သူနဲ့ကျွန်မ….ငယ်သူငယ်ချင်းတွေမို့လားမသိ….
မည်မျှပင် မောင်နဲ့သဲဟု အပေးအယူတည့်တည့် ခေါ်ပြောနေကြပါစေ….တကယ်တမ်း
ငြင်းခုန်ကြတော့ မိုးနဲ့မျိုး…နင်နဲ့ငါ ဘ၀သို့…..မကြာခဏ
ရောက်ရှိတတ်ခဲ့ပြန်သည်….။
ဥပမာ-ဆူဒိုခု ကစားကြတဲ့အခါ…..။
Casper ဇာတ်လမ်းခွေတွေ ၀ယ်ဖို့ အခွေရွေးကြရင်း ဒါကတော့ ကြည့်ပြီးပြီ
ဒါကတော့ မကြည့်ရသေးဘူးဟု ဇဝေဇ၀ါ မှတ်ဥာဏ်တွေဖြင့် ကိုယ်ထင်ရာကို
ကိုယ်ပြောကြတဲ့အခါ…..ကဗျာရေးခြင်းကို ၀ါသနာထုံလွန်းသော ကျွန်မ
ခံစားချက်တွေကွဲထွက် အသည်းကွဲကဗျာတချို့ရေးမိတဲ့အခါ…….
ည(၉)နာရီကျော်လို့မှ….. သူ့အိမ်ဖုန်းဖြင့်မဟုတ်ဘဲ……hand phone ဖြင့်သာ
Good night ဟူသော message ပို့ပေးသောအခါ……လက်သည်းတွေညှုပ်ပေးကြရင်း တခါတလေ
အသားကိုပါ ညှုပ်မိတဲ့အခါ……..ထို အချိန်မျိုးတွေတွင် မောင်နဲ့သဲဆိုတာ
ခပ်ဝေးဝေး…….ငယ်ကျိုးငယ်နာတွေ အစဖော်ပြီး
ရန်ဖြစ်တတ်ကြသည်…..။တစ်ယောက်နှာခေါင်းတစ်ယောက်
ဆွဲချင်ဆွဲသည်…….တခေါင်းလုံးမှ ဆံပင်တွေ ရှုပ်ပွသွားအောင်
ဖွချင်ဖွကြသည်…..။ ကျွန်မထက် ၅လက်မ သာသာ အရပ်မြင့်သောသူသည်….ကျွန်မအား
ထိပ်ခေါက်လာလျှင် ကျွန်မက သူ့ခြေထောက်တွေကို ရစရာမရှိအောင်
ပြန်တတ်နင်းဖြစ်ခဲ့ဖူးသည်…..။ သူငယ်ချင်းတစ်ဖြစ်လဲ
ရည်းစားဘ၀သို့ရောက်ရှိကြခြင်းသည်…..သူနှင့်ကျွန်မအတွက် သိပ် သိသာလွန်းသော
ပြောင်းလဲမှုကြီးတစ်ခုမဟုတ်ခဲ့ပေ……။ အချစ်ကဗျာတွေရေးတတ်သော ကျွန်မ သူ့ကို
ကဗျာဆန်ဆန်မချစ်ခဲ့ဖူးပါ……။
(ချစ်သူ ရည်းစားသဘာဝ ကဗျာဆန်ဆန်ချစ်ချင်ပေမယ့်…..တခါတလေတွေမှာ သူ့ရဲ့
ရယ်သံတို့ကို မုန်းခဲ့တာလည်းပါ ပါလိမ့်မည်…..)
သူ့စကားအလုံးစုံ ကျွန်မအတွက် နူးညံ့မှုမရှိသလို ကျွန်မရဲ့
ဂရုစိုက်မှုတွေကလည်း ပျော့ပျောင်းမှုမရှိခဲ့….။
.ဂရုစိုက်တတ်ခြင်းတွေကို သူ အထင်ကရဖြစ်သွားအောင် ရသမြောက်စွာ
မခြယ်မှုန်းတတ်ခဲ့……။ အချစ်မှာ ချစ်နေဖို့ပဲလိုသည်ဟု ကျွန်မ ရိုးရှင်းစွာ
တွေးခဲ့မိသည်….။
“နင် ကျန်းမာရေးကို ဂရုစိုက်နော် မောင်” ဟူသော စကားတွင်  “ ငါ နင့်ကို
စိတ်ပူတယ်…. နေကောင်းအောင် နေနော်” စသည့် အဓိပ္ပါယ်တို့ပါဝင်ပြီးသားဟု
ကျွန်မ ထင်ခဲ့မိ၏။

 နေ့စဉ်နေ့တိုင်းနီးပါးမြင်တွေ့နေရသော သူနှင့် တကယ်တမ်းဝေးရတော့မယ့်
အချိန်ကို ရင်ဆိုင်လာရတော့ ရင်ထဲက တစ်စုံတစ်ခု ဆွဲနှုတ်ယူခံလိုက်ရသကဲ့သို့
လစ်ဟာမှုကြီးကြီးမားမား ခံစားမိခဲ့၏။
“သဲ ငါ ပြန်လာမှာပါကွာ အဲလိုပုံကြီးနဲ့ မမှိုင်နေပါနဲ့…..ငါ
ဘယ်လိုထားခဲ့ရတော့မလဲ….ငါလေ နင့်မွေးနေ့ရယ် ငါတို့နှစ်ပတ်လည်တိုင်းရယ်
အရောက်ပြန်လာခဲ့မှာပါ…….သဲ နင့်လို ကောင်မလေးမျိုးနဲ့ ငါလည်း
ဘယ်ဝေးချင်ပါ့မလဲကွာ…..။”
 မနက်ဖြန်ဆိုရင် သူနဲ့ခွဲရတော့မယ်ဆိုတဲ့ အသိနဲ့ မလှုပ်မယှက် နှုတ်ဆိတ်လျှက်
မျက်ရည်ရစ်ဝဲနေသော ကျွန်မအား သူ ထိုသို့နှစ်သိမ့်ခဲ့ဖူးသည်……။
ကျွန်မရဲ့လက်ဖ၀ါးကိုနမ်းရှိုက်ရင်း
“ငါ မပြောတတ်လို့သာမပြောတာ ရင်ထဲမှာ နင့်ကို အချစ်ဆုံးပဲ သဲရ…….”
ဟုပြောခဲ့ဖူးသည်…..။ သူပြောသမျှ အရာရာကို ကျွန်မ ရင်ဘတ်ဖြင့်သာ
နားထောင်တတ်မှန်းသူ မသိရှိခဲ့တာ လွန်မည်မထင်…. ကျွန်မကိုယ်တိုင်ကလည်း
တခါတလေ သူ့ကို ရင်ထဲကနေသာ စကားတို့ပြောနေခဲ့ဖူးသည်ကိုလေ……။

“ငါလေ နင်နဲ့ မဝေးချင်ဘူး မောင်… နင်နဲ့နေ့တိုင်း
မတွေ့ရတော့မှာကြောက်တယ်……။ ငါ့ဘေးကိုကြည့်လိုက်ရင် နင်ရှိမနေတော့မှာ
တွေးမိရုံနဲ့ ရင်ထဲက ကျဉ် လာတယ်……” စကားတို့ဆက်မပြောနိုင်တို့ဘဲ
အသံတိမ်ဝင်သွားသော ကျွန်မအား သူက သူ့ရင်ခွင်ကို မှီစေရင်း……
“.ငါတို့(၂)ယောက်ရဲ့ဘ၀အတွက် သွားမှာလေ သဲရယ်….နင်ခံစားနေရတာထက် ငါ
နှစ်ဆပိုခံစားရတယ်…..နင်က တွေ့မြင်နေကျ လူတွေထဲမှာ ကျန်ခဲ့ရမှာ….ငါကလေ
တစိမ်းဆန်ဆန် ပတ်ဝန်းကျင်ကြီးထဲ အကျွမ်းတ၀င်ဖြစ်အောင်
ကြိုးစားရဦးမှာ….နင် သိလား သဲ….အရာရာကို အဆင်ပြေအောင်
အလိုက်တသင့်နေထိုင်ရင်း ငါ့ရင်ထဲက နင့်ကို ဆိုးဆိုးရွားရွားကြီး
လွမ်းနေရမှာ…”
သူထိုသို့ပြောလာတော့….ကျွန်မလေ ထိုအချိန်က
ကိုယ်တိုင်ထိတွေ့ဖြတ်သန်းရတော့မည့် အလွမ်းဆိုတာတွေကို မေ့ပြီး သူ
ကျင်လည်ရတော့မည့် ရပ်ဝန်းအသစ်နှင့်သူ့တနေ့တာတွေကို မှန်း….အစိုးရိမ်ကြီး
စိုးရိမ်ခဲ့မိသည်….။
သူ….ကျွန်မကို မျှော်လင့်ချက်တွေ မက်လုံးပေးပြီး ခွဲသွားခဲ့သည်….။ ကျွန်မ
အမှတ်တရ ၀ယ်ပေးခဲ့သော…အကျီ င်္တီရှပ် အနက်ရောင်လေးဝတ်ဆင်ကာ…သူ
လေယာဉ်ကြီးပေါ်တက်…. ဒီမြေ…ဒီရေနှင့်…ကျွန်မကို….သူထားသွားခဲ့သည်…..။

ကျွန်မလေ သူ ပေးခဲ့သော ယုံကြည်ခြင်းတွေနဲ့ အနာဂတ်ထဲ ခြေလှမ်းတွေ
သွက်ခဲ့ဖူးတယ်…..။ ဟိုး…..အဝေးတစ်နေရာက သူ….ကျွန်မကို နေ့စဉ်နေ့တိုင်း
သတိတရရှိနေမည်ဆိုသောအတွေးတွေနဲ့ ကျွန်မရဲ့ ဖြစ်စဉ်တွေ သိပ်ကိုလည်း
တလေးတနက်ရှိခဲ့ဖူးတယ်….။ကျွန်မ သစ္စာဆိုတာကို
အလေးထားသလို….သူနှင့်ကျွန်မတို့ရဲ့ သံယောဇဉ်ကြိုးတို့အား
အားကိုးခဲ့မိတာလည်း ပါသည်လေ…။
ကျွန်မ အားကိုးသည်မှာ လွန်မည်မထင်ခဲ့ပါ…..ငယ်သူငယ်ချင်း
သံယောဇဉ်တွေရော…..ချစ်သူစစ်စစ် သမုဒယတွယ်ရစ်မှုတွေရော….ဘယ်လောက်တောင်
ခိုင်မာနေမည်နည်း….။ ကျွန်မ တွေးရင်းနှင့်ပင်…သူ့ကို ပိုမို
မြတ်နိုးခုံမင်ခဲ့သည်….။
အကွာအဝေးဆိုသောစကားသည်……ကျွန်မတို့နှစ်ယောက်အတွက် လားလားမျှ မသက်ဆိုင်သော
ဝေါဟာရတစ်ခုဟု ကျွန်မ လက်ခံခဲ့မိသေးသည်….။
ထိုသို့လက်ခံနိုင်အောင်လည်း….သူ နှလုံးသားချင်းနီးနီးလေးပါ ဆိုသော
message လေးအား gtalk မှ တဆင့် နေ့စဉ်ပုံမှန် ပို့ပေးခဲ့သည်ကို…။
သူသည် ကျွန်မချစ်သည်ထက် ကျွန်မကို ပိုချစ်ပြခဲ့ဖူးပါသည်….။
ကျွန်မလွမ်းရသည်ထက်လည်း သူပြောသော လွမ်းရချိန်တွေသည် သာသာလွန်လွန်
ခမ်းနားနေခဲ့သည်…။
ကျွန်မရည်ရွယ်ထားသော တစ်နေ့နေ့ဆိုတာထက်….သူက ကျွန်မတို့ရဲ့ အိပ်မက်တွေကို
သည်းသည်းလှုပ် တန်ဖိုးထားပြခဲ့သေးသည်…..။ သူ့ရှင်သန်မှုတိုင်းရဲ့
မူပိုင်ရှင်ဟာ ကျွန်မသာ အစဉ်သဖြင့် ပိုင်ဆိုင်သူပါဟု
သူဆိုခဲ့သေးသည်…..။ကျွန်မထက် အစစ အရာရာ ပိုသာစွာ
ခံစားတတ်ခဲ့သောသူသည်….သူ၏ နှလုံးသားကိုလည်း တခြမ်းကို တစ်ယောက်
ရက်ရက်ရောရာ နေရာပေးထားသည်ကိုတော့ လက်ချင်းတွဲယှက် တူစုံတွဲလာကာမှ
သူဟာ….ကျွန်မအတွက် မုသားဆန်သော လက်တွဲဖော်ဆိုတာ ယုံကြည်ခဲ့မိတော့သည်….။

အဝေးအရပ်မှ တစ်နေ့မပြတ် လွမ်းဆွတ်ကြောင်း သ၀ဏ်လွှာတွေ
ပေးပို့ပေးခဲ့တဲ့သူ…။နှစ်ပတ်လည်တိုင်း…..ကျွန်မမွေးနေ့ရောက်တိုင်း…..အရောက်လာပေးခဲ့ပြီး
အချိန်ကာလ ၄ နှစ်ဆိုတာကို ကုန်လွန်စေခဲ့တဲ့သူ…..သူ့အပြုအမူတိုင်းသည်
မည်သည့်အခါမှ အေးစက်မနေခဲ့….လေလှိုင်းထဲက အသံကအစ
အမြဲနွေးထွေးနေတတ်ခဲ့တော့….ကျွန်မ သူ့ကို ဘယ်အခါမှ သင်္ကာမကင်းသော
မေးခွန်းမျိုးတွေ မေးမြန်းခဲ့ခြင်းမရှိခဲ့….။

သူထိုသို့ ဖောက်ပြန်လွယ်ခြင်းသည်…..အနေနီးခြင်းကြောင့် မဟုတ်ခဲ့ပါ…..။
ညှာညှာတာတာ ပြောရမည်ဆိုလျှင်….သူက
ဂရုဏာသမားတစ်ယောက်ပေါ့လေ…..။သူနှင့်သူမကို ဆုံတွေ့စေခြင်းက ကျွန်မ
ကဗျာတွေရဲ့ အစ ဆိုလျှင်……ကိုယ့်ချစ်သူ မိန်းကလေး၏ ကဗျာပရိတ်သက်ကိုမှ
သနားစိတ်လေးတ၀က်…ဖေးမလိုမှုတစ်သတ်နဲ့ ဆက်နွယ်ပေးဆပ်ချင်တဲ့ သူ့ကို ကျွန်မ
မည်သို့သော ပုရိသဟု ကောက်ချက်ချရမည်မသိခဲ့……။ ကျွန်မနှင့်သူ ….gtalk
တစ်ခုတည်း အသုံးပြုကြခဲ့ကြသည်….။ ကဗျာအေ၇းအသား ၀ါသနာထုံလွန်းသော ကျွန်မ
website လေးတစ်ခုထဲ ကဗျာတွေရေးရင်း အသိမိတ်ဆွေတွေ တိုးလာခဲ့သည်….။
နောက်တော့ gtalk အကောင့်တွေ ဖလှယ်ကြရင်း အားလပ်ချိန်များတွင်
ကဗျာတွေအကြောင်း ၀ါသနာရှင် အချင်းချင်း
ဆွေးနွေးဖြစ်ကြသည်….။သူနှင့်ကျွန်မ gtalk တစ်ခုတည်း သုံးသည်မို့ ကျွန်မ၏
Chat List တွေအကုန် သူသိခွင့်ရှိနေခဲ့တာ….သဘာဝကျသော်လည်း…..ကျွန်မ၏
အသည်းကွဲကဗျာများကိုမှ တိုက်ဆိုင်လှသည်ဟု ခံစားအားပေးရှာသော
မိန်းကလေးတစ်ဦးကို သူ attention ပြုမိရင်းကတဆင့် သီးသန့် account
တစ်ခုနဲ့မိတ်ဖွဲ့…..ဝေဒနာတွေ ဝေမျှပေးခဲ့တာကတော့ ယုတ္တိလွန်သော
လုပ်ရပ်ပင်….။ ဒါတွေကို ကျွန်မ မသိခဲ့ပါ……။ ထိုအကြောင်းအရာတွေကို
သူကိုယ်တိုင်ဝန်ခံလာမှသာ ကျွန်မ ခရေစေ့တွင်းကျ သိလိုက်ရတော့
စကားတစ်ခွန်းတစ်လေတောင် ရွေးချယ်ပြန်ပြောဖို့ ခွန်အားမဲ့ခဲ့ရသည်….။

“သဲ…..ငါ့ ကြောင့် နင် အသည်းမကွဲခဲ့ရဖူးဘဲ….အသည်းကွဲကဗျာတွေ ဒုနဲ့ဒေး ရေးခဲ့တယ်နော်
နင့်ကဗျာတချို့ကို တကယ်အသည်းကွဲနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့
အစစ်အမှန်ကြေကွဲနေတာတွေ့တော့ ငါလေ….သူ့ကို အတော်လေး
သနားသွားမိတယ်…..အမှန်အတိုင်းပြောရရင်ဟာ….ငါ ပြီးခဲ့တဲ့
တစ်ခေါက်ပြန်လာတုန်းက သူ့ကို သွားတွေ့မိခဲ့တယ်……နောက်တော့…..ငါတို့
တစ်ယောက်ကိုတစ်ယောက် နားလည်သွားမိတယ်….။”

နားရှိလို့သာ ကြားခဲ့ရတဲ့အဖြစ်ပါ……ကိုယ့်သစ္စာကို
ထိန်းချုပ်နိုင်စွမ်းမရှိတဲ့ ယောက်ျားတစ်ယောက်ရဲ့
အကြောင်းပြချက်က….ကျွန်မရဲ့ ကဗျာတွေနဲ့ ဆက်နွယ်နေတာကို အင်မတန်
စိတ်မကောင်းဖြစ်ရင်း တုန်လှုပ်ခဲ့မိတယ်….။ ကိုယ့်ချစ်သူရဲ့ ကဗျာတွေကို
အားပေးတဲ့ မိန်းကလေးကိုမှ သူက သေသေချာချာ ရှာဖွေသွားခဲ့တာ…..။ ကျွန်မ
စကားလုံးတွေ ပျောက်ရှခဲ့တဲ့နေ့ပေါ့…..။
ဘယ်လို စကားတွေကရော သူနှင့် ထိုက်တန်တော့မှာလဲ…..
“ ငါ့ကို နားလည်ပေးပါကွာ…..နင့်ကို ချစ်တာထက် ငါ….သူ့ကို ပိုသနားလွယ်သွားမိတယ်
သူ့ဘ၀မှာ ငါ…..မရှိလို့မဖြစ်ဘူးလေ….
နင်က နေနိုင်ပါတယ်….တစ်ခုနော် Please…. ငါကလေ သူအရမ်း Crazy ဖြစ်နေတဲ့
နင့်ရဲ့ချစ်သူဆိုတာ သူလုံးဝမသိဘူး….။”
ထိုသို့ပြောပြီး…..သူ ကျွန်မရှေ့က
ထွက်ခွာပျောက်ကွယ်သွားသည်…..။မိုးရေထဲ၌ပင် သူနဲ့ကျွန်မ အတိတ်တွေ လက်စသတ်
ဆက်တည်ဆောက်သွားမယ့် နှစ်ယောက်အနာဂတ်ကို ထာဝရ ပိတ်ပင်ခဲ့ကြသည်……။
အနေဝေးလို့ သွေးအေးခြင်းမျိုးမဟုတ်ဘဲ….သနားစိတ်ကြောင့် ၄နှစ်တာတွဲလက်ကို
သူ ဖြုတ်ချရက်ခဲ့ပြီ…။
သူ့ဘ၀မှာ ငါမရှိလို့မဖြစ်ဘူးဟု ပြောထွက်ခဲ့တဲ့သူ့ကိုလေ…..ငါက နင်နဲ့
တစ်နေ့နေ့ ဆုံကို ဆုံရမယ်ဆိုတဲ့ စိတ်လေးနဲ့ နိုးထလွယ်နေတာ ဟု
အသိမပေးဖြစ်ခဲ့တော့ပါ…..။နင်က နေနိုင်ပါတယ် ဆိုတဲ့သူ့မှတ်ချက်ကို….နင်
ငါ့ကို ချစ်နေတယ်ဆိုတဲ့ အသိကြောင့် ငါနေနိုင်ခဲ့တာပါဟုလည်း
ပြန်မပြောလိုတော့ပါ….။
သစ္စာဖောက်သွားသူတစ်ယောက်အား ခံစားချက်တွေ
သွန်မှောက်ချပြပြီး…ပြန်လည်ပေါင်းစပ်ဖို့လည်း ကျွန်မ စိတ်ကူးမရှိခဲ့…..။
ကျွန်မ ကဗျာတွေကြောင့် အမောပြေရပါတယ်ဆိုတဲ့ ကျွန်မ
ချစ်သူသည်….ကျွန်မကဗျာတွေကြောင့် ပိုမိုထိရှလွယ်လာသည်ဟု ရင်ဖွင့်ထားသော
မိန်းကလေးတစ်ဦးနှင့် လက်တွဲခဲ့ပြီလေ….။
သူက သူမဘ၀အတွက် ကယ်တင်ရှင်ဖြစ်လိုတဲ့ ဆန္ဒတွေနဲ့ ကျွန်မရဲ့ အိပ်မက်တွေကို
တစ်စစီ ရိုက်ချိုးဖျက်စီးပစ်ခဲ့သည်…..။
တစ်ဖက်သတ်ဆန်လွန်းနေသော ဂရုဏာသက်မှုသည် ဖောက်ပြန်လိုခြင်း
အကြောင်းအရင်းသက်သက်ဆိုတာ သူက ၀န်မခံချင်…..။သို့သော် သူသည်…..ကျွန်မရဲ့
မနက်ဖြန်တွေထဲတွင် လိုက်ရှာဖွေလို့ မရတော့တဲ့အထိ
ရှောင်ခွာထွက်ပြေးသွားခဲ့ပါသည်….။

သူနှင့်ကျွန်မ နောက်ထပ် မတွေ့ဖြစ်ခဲ့ကြပါ….။ ကျွန်မကပင်
ကိုယ်ပိုင်နေ့ရက်တွေကို တတ်နိုင်သလောက် အကျဉ်းချုံပြီး
သီးသန့်လည်ပတ်စေခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါသည်….။ နွေနှင့်
ဆောင်းရာသီတွင် သူ့အား
မေ့လျှော့နေခြင်းသည်……..လွယ်ကူချောမွေ့သလောက်…..မိုးရေစက်နှင် ဂစ်တာသံ
ရောယှက်မိသည့်အချိန်တွင်တော့…..စိတ်နာ ၀မ်းနည်းစွာ သူ့အကြောင်း
စဉ်းစားမိသည်…..။ ဟိုးတုန်းက ရေးသားခဲ့သော ပျော်စရာကောင်းသည့် ကျွန်မ၏
ကဗျာတွေအောက်မှာ သူ့မိန်းကလေးက ယခုအချစ်သည် ထိုသို့ဖြစ်နေပြီဖြစ်ကြောင်း
comment တွေပေးထားသည်ကိုတွေ့လျှင် ကျွန်မ နှလုံးနာစွာ
မဲ့ပြုံးပြုံးမိသည်…။
တကယ်တော့ သူမမှ မသိတာလေ….။သိခဲ့လျှင်ရော…..ဘာအရေး….ထူးခြားမည်နည်း….။ဒါတွေအကုန်လုံးဟာ
အလိမ်အညာတွေနဲ့ ဟန်ဆောင်ဝင်ရောက်သွားသည့်
သူ့အပြစ်ပဲဆိုပါဦး….ကျွန်မကြောင့်တော့ ပြတ်တောက်မှုတစ်ခုကို မလိုလားပါ……။
နောက်ဆုံးတော့ ကျွန်မသိပ်မြတ်နိုးသော ကလောင်နာမည်လေးကို
စွန့်လွှတ်ပစ်ချခဲ့သည်….။တချို့က ထင်ပါမည်….ပြိုကွဲခြင်းတစ်ခုအား
ခံနိုင်ရည်မဲ့သောလုပ်ရပ်ဟု…..ကျွန်မအတွက်ကတော့ တန်ဖိုးနတ္ထိမဲ့သော
ယောက်ျားတစ်ယောက်ကပေးလာသည့် စိတ်အညစ်အကြေးတွေကို မခံယူမိစေဖို့
ရှောင်ရှားနည်းတစ်မျိုးပင်…။
ဒီလိုနဲ့ ကျွန်မ နေသားကျလာခဲ့ပါပြီ….သူ့ကို
ရင်ဘတ်ထဲမထည့်ဘဲ….၀တ္ထုတိုတချို့ကိုလည်း ကောင်းမွန်စွာ
ရေးသားလာနိုင်ခဲ့ပြီ…..။ သူသည်လည်း ကျွန်မ နေနိုင်သည်ထက် အဆပေါင်းများစွာ
နေနိုင်နေလိမ့်မည်….။

မိုးသည်းသည့်နေ့များတွင်….အိမ်ထဲမှာသာ အောင်းနေတတ်သည့်ကျွန်မ…..မဖြစ်မနေ
အပြင်ထွက်ရဖို့ကြုံလာတော့ မိုးတိတ်ဖို့ကိုသာ ဆုတောင်းနေမိသည်…။ ကျွန်မ
အရင်ကလိုပင် ထီးကိုင်ရမှာ ပျင်းသည်….ထီးဆောင်းရမှာလည်း ပျင်းသည်….။
ကံကောင်းချင်တော့ မိုးက ကျွန်မ အပြင်ထွက်ခါနီးမှာ တိတ်သွား၏။
လွတ်လွတ်လပ်လပ် သွားရမည့် နေရာကို သွားပြီး….အိမ်အပြန်…..အမှတ်မထင်
သူတို့နှစ်ယောက်နှင့်ဆုံတဲ့အခါ…..သူက သူမရဲ့လက်ကို လွှတ်ချလိုက်သည်….။
ကျွန်မက သူပေးထားတေသာ ဘေးလွယ်အိတ်လေးကို ခပ်ကျစ်ကျစ်လေး ဆုပ်ကိုင်လျှက်….
ထိုအချိန်မှာပင် ရုတ်တရက် မိုးရွာချလိုက်တော့ သူ …..ကျွန်မကို ကြည့်ရင်း…
သူ့အား ထီးဆောင်းပေးထားသော သူမဘက် လှည့်လျှက် “သဲ….မင်း
ထီးမယူလာပြန်ဘူးလား ” ဟု မေး၏။
ဘာ့ကြောင့်မှန်းမသိ တိုက်ဆိုင်စွာ ရွာချလိုက်သော မိုးကို
ကျေးဇူးတင်မိသည်….။တကယ်တော့ သူက သူမကို ငယ်ဟု ခေါ်တာကို သိထားသည့်ကျွန်မ
သူ့စိတ်အတိမ်အနက်ကို ခန့်မှန်းဖို့ သိပ်လွယ်ကူလွန်းနေ၏။
ထို့နောက် ကျွန်မ သူတို့စုံတွဲရှေ့မှာ ဖြတ်ကျော်လာခဲ့သည်…..
မိုးစက်တွေ….ကျွန်မကိုယ်ပေါ်သို့……
သူ့မျက်ဝန်းတွေကလည်း ကျွန်မနောက်ကျောသို့……
သူ့စိတ်ထဲမှာ ကျွန်မဟာ တစ်နေရာရာကို
အခုထိ….အပိုင်စားရနေမှန်းသိရတဲ့အချိန်…….ကျွန်မ ချစ်ခြင်းတွေအကုန်
မိုးထဲမှာပဲ ချန်ရစ်စေချင်ပါသည်….။
သူ့မိန်းကလေးကိုသာ…… အပြည့်အ၀ ချစ်စေချင်သည်…..။
ကျွန်မတို့ရဲ့ အတိတ်က မိုးရာသီထဲမှာသာ…..ချစ်ခြင်းတွေ ကျွန်မ ထားရစ်ခဲ့တော့မည်….။
ချစ်ခြင်းမိုးတွေ ခုချိန်ထိ ဘယ်လောက် သည်းသည်း……ကျွန်မ….သူ့ကို
ပြန်လှည့်မကြည့်မိအောင် အားတင်းလျှက် မိုးရေထဲလျှောက်လှမ်းနိုင်ခဲ့ပြီ……။
တကယ်တော့…..သူ့မှာ ဖြစ်ပေါ်လာတဲ့ ပူပန်ခြင်းဟာ….မိုးရေတွေနဲ့
ပေါင်းစပ်လို့ရတဲ့ ချစ်ခြင်းတစ်ခုသာနေမှာပါ။
မိုးဆိုတာ……ထာဝရ….ရွာသွန်းနေတဲ့ အရာမှ မဟုတ်တာလေ……။ ။

အလွမ်းကေသရီ

In: ကဗျာ Posted By: Date: Jul 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment