Professional Authors

ရဲဘော် ချေ-ဂွေဗားရား ကျဆုံးခြင်း (၄၆)နှစ်မြောက် အမှတ်တရအဖြစ် ကဗျာရွတ်ပွဲတော်အား ၂၀၁၃ခုနှစ် အောက်တိုဘာလတွင်ပြုလုပ်မည်

ဗမာပြည်ကဗျာဆရာများ ပထမဦးဆုံး ပြုလုပ်သောပွဲဖြစ်သည်။

ကျွန်တော်တို့အားလုံးလေးစားရပါသော ရဲဘော် ချေ ကျဆုံးခြင်း (၄၆)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကျွန်တော်တို့မိတ်ဆွေများ၊ ရဲဘော်ရဲဘက် ကဗျာဆရာများ၊ ကဗျာချစ်ခင်မြတ်နိုးသူများ၊ ချေကို ချစ်ခင်သူများ၊လွတ်လပ်မှုကိုမြတ်နိုးသူများ ပေါင်းစု၍ အမှတ်တရကဗျာ ရွတ်ပွဲတော် ပြုလုပ်ရန်စီစဉ်လျက်ရှိပါသည်။ရဲဘော် ချေ အကြောင်းကဗျာများတင်မကပဲ မိမိနှစ်သက်မြတ်နိုးသော သူရဲကောင်းများကိုပါ အမှတ်တရထည့်သွင်းရွတ်ဆိုနိုင်ပါသည်။

            ကျွန်တော်တို့အားလုံး၏ ရင်ထဲတွင်ရှိသောရဲဘော် ချေ

            ပြည်သူလူထုကိုသာမက၊ ရန်သူစစ်သားများကိုပါဆေးကုပေးသော ရဲဘော် ချေ

          မိမိတိုင်းပြည်မဟုတ်သော်လည်းမတရားဖိနှိပ်ခံနေရသော တခြားတိုင်းပြည်မှ ပြည်သူများအတွက် အသက်ပေး တိုက်ပွဲဝင်သွားသောရဲဘော် ချေ

            ကျူးဘားနိုင်ငံတွင်အောင်ပွဲခံခဲ့သော်လည်းအားမရပဲ အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများမှ အဖိနှိပ်ခံပြည်သူများ အတွက်ပါ ဆက်လက်တိုက်ပွဲဝင်ခဲ့သောရဲဘော် ချေ

            အပြည့်စုံဆုံးလူသားတစ်ယောက်ဟု ယန်းပေါဆတ်(Jean-Paul-Sarte) ကရည်ညွှန်းခဲ့သော ရဲဘော် ချေ

          နီရူဒါ၏ ကဗျာများကိုတပ်တပ်မက်မက် ဖတ်ရှုစွဲလန်းခဲ့သော ရဲဘော် ချေ

            ကြယ်နီတစ်ပွင့်ပါဘယ်ရီဦးထုပ်အောက်မှ သနားကြင်နာတတ်ပြီးသူမတူအောင်ရဲစွမ်းသတ္တိရှိသော မျက်လုံးများပိုင်ရှင် ရဲဘော် ချေ

            ရွှံနွံလယ်ကွင်းများအတွင်းတိုက်ပွဲဝင်ရင်းဗီယက်နမ်လိုနိုင်ငံများပေါ်ပေါက်လာအောင် ကြိုးပမ်းကြဟု တိုက်တွန်းခဲ့သော ရဲဘော် ချေ

            အမှောင်အင်အားစုနှင့် အလင်းအင်အားစုစီးချင်းထိုးပွဲ၏အထိမ်းအမှတ်သာမက လူငယ်ထု၏ ၀တ်ဘုရားကျောင်းအတွင်း မှ ကိုးကွယ်ယုံကြည်မှုအသွင်သဏ္ဍန်ဆောင်လာသောရဲဘော် ချေ

 

ထိုသို့သောဂုဏ်သတ္တိထူးများနှင့် အဘက်ဘက်က ပြည့်စုံလှသော စိတ်ထားပိုင်ရှင် အာနက်စတို ချေ-ဂွေဗားရားအားအမှတ်ရသောအားဖြင့် ကဗျာများရွတ်ဆိုကြမည့်အပြင် ကမ္ဘာပေါ်တွင်လွတ်လပ်မှုအတွက်တိုက်ပွဲဝင်ခဲ့ကြသောသူရဲကောင်းများ ကိုပါ ဂုဏ်ပြုအောက်မေ့သောအားဖြင့် ဤကဗျာရွတ်ပွဲတော်ကို ပြုလုပ်မည်ဖြစ်ပါသည်။ထိုသို့ပြုလုပ်ရန်အတွက် မိတ်ဆွေအပေါင်း အသင်း၊ ရဲဘော်ရဲဘက်များအား ရံပုံငွေ တတ်အားသမျှကူညီပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။ ရန်ပုံငွေများအား ၂၀၁၃ ဇူလိုင်လတွင်မှစတင်ကောက်ခံမည်ဖြစ်ပါသည်။

            လောလောဆယ်တွင် အောက်ပါအစီအစဉ် (၃)ရပ် လျာထားပါသည်။

(၁)        ရံပုံငွေအနည်းငယ်သာ ရရှိပါက ထိုပွဲအား လူနည်းစုဖြင့်သာအကျဉ်းရုံးစီစဉ်ပြီး လုပ်ဆောင်မည်။

(၂)        ရံပုံငွေအတင့်အသင့် ရရှိပါက ထိုပွဲအား အခန်းတစ်ခုငှားရမ်း၍လူစုံတက်စုံဖိတ်ကြား၍ ကျင်းပမည်။

(၃)        ရံပုံငွေအမြောက်အများ ရရှိပါက ထိုပွဲတွင်ရွတ်ဆိုသမျှကဗျာဆရာများ၏ ကဗျာများအား (၄၆)နှစ်မြောက် ရဲဘော်ချေ ကျဆုံးခြင်း အထိမ်းအမှတ်စာတန်းဖြင့်ကဗျာစာအုပ်ထုတ်ဝေမည် ဖြစ်သည်။

 

ကျွန်တော်တို့အားလုံး

၁၉၅၆ခုနှစ်ကာရစ်ဘီယံပင်လယ်ပြင် ဂရမ်မာရွက်သင်္ဘောလေးပေါ်မှ သင်္ဘောလက်ရန်းပေါ် လက်ထောက်ရပ်နေသော ရဲဘော်ချေကို တမ်းတရင်း၊ မြန်မာနိုင်ငံကဗျာဆရာများ၏ အမှတ်ရမှုကို ဖော်ပြရင်း ဤပွဲအား စီစဉ်လုပ်ဆောင်ကြပါစို့။

မည်သို့ပင်ဖြစ်စေရဲဘော်ချေကျဆုံခြင်း(၄၆)နှစ်မြောက်အထိမ်းအမှတ်ပွဲကို စီစဉ်လုပ်ဆောင်မည်ဖြစ်ပြီး ၀ိုင်းဝန်းပါဝင်ကူညီဆောင်ရွက်ပေးကြပါရန် လေးစားစွာပန်ကြားအပ်ပါသည်။

                                                                        ရွှေကြယ် မိုး(ပွဲဖြစ်မြောက်ရေး)

 

In: ကဗျာ Posted By: Date: Apr 23, 2013
Comment #1

^=^

commentinfo By: ei lay at Apr 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment