Professional Authors

အေးမြမြ မင်္ဂလာ

“အချစ်လိုချင်တာ အလှ
အလှဆိုတာ အကောင်း” တဲ့
ပလေတိုးကြီး ဂွကျတယ်။

ကောင်းမြတ်ခြင်း မင်္ဂလာကို
ချစ်တတ်ကြဖို့ရာ
လူငယ်လောကနဲ့ ဝေးပါတယ်။

သူတို့ အခု အချစ်က
ကမ္ဘာဦး လူရိုင်းက
နောက်ဆုံးသော မီးကျီးခဲကို လက်ထဲဆုတ်ပြီး
မိုးရေထဲဖြတ်
ခြောက်သွေ့တဲ့ ကျောက်ဂူဆီ ပြေးနေသလိုပါပဲ
သူလွတ်မချနိုင်တဲ့
သူ့လက်ထဲက ပူလောင်နာကျင်ခြင်းဟာ
သူ့အနာဂတ်ဘ၀ပဲပေါ့။

လိုအပ်ခြင်းဆိုတာ
မျက်ဝန်းလဲ့လဲ့လေးတွေ
နှုတ်ခမ်းဖူးဖူးလေးတွေ
နှာတံ စင်းစင်းလေးတွေ
အဲဒါတွေဟုတ်ရဲ့လား
အချစ်နဲ့ ရွှန်းလက်မနေချိန်

အချစ်နဲ့ ပွင့်အာမနေချိန်
အချစ်နဲ့ ရှိုက်ငင်မနေချိန်
ဒီမျက်ဝန်း၊ ဒီနှုတ်ခမ်း၊ ဒီနှာတံလေးတွေမှာ
ဝှက်ထားသော တန်ဖိုးမဲ့ကြောင်း
ဘယ်သူကောင်းကောင်း သဘောပေါက်ဖူးသလဲ။

အစားကို လူတိုင်းတတ်တယ်
အန္တရာယ် မဖြစ်အောင် စားတတ်ဖို့ကျ
သင်ယူရတယ်
အချစ်ကို လူတိုင်းတတ်တယ်
အန္တရာယ် မဖြစ်အောင် ချစ်တတ်ဖို့ကျ
သင်ယူရတယ်။

ချစ်ခြင်းမေတ္တာ ဆိုတာလည်း
သင်ယူရတာပါပဲလေ။

သင်ယူမှုဆိုတာ
တစ်သက်လုံးကိစ္စ ဆိုရင်
ပိုမိုမြင့်မားသော ချစ်ခြင်းတရားလည်းရှိမယ်
ရှိနေလိမ့်ဦးမယ်
အခန်းကြာခြည်ကိုမပြီး
ရာဟုလာကို လှမ်းကြည့်လိုက်တဲ့
သိဒ္ဓတ္ထရဲ့ မျက်ဝန်းမှာ
ခြေဖမိုးတော်ကို
မျက်ရည်ထဲမှာ နှစ်လိုက်တဲ့
ယသော်ဓရာ မျက်လုံးအိမ်မှာ
ပိုမို မြင့်မားသော ချစ်ခြင်းတရားကြောင့်
မြိုသိပ်ခဲ့ရသော မေတ္တာတွေ ရှိနေမယ်။

ပိုမို မြင့်မားတဲ့ ချစ်ခြင်းဆိုတာ
ပူလောင်ခြင်း ကင်းတဲ့ချစ်ခြင်းမေတ္တာ
ရယူခြင်းကို ပဓာနမထားတဲ့ ချစ်ခြင်းမေတ္တာ
ပုဂ္ဂလသဘော မရောတဲ့ ချစ်ခြင်းမေတ္တာ
အေးမြမြ မင်္ဂလာ။

သူတို့တတွေ တွေ့ခဲ့ကြတယ်
မျက်ရည်ကင်းသော ချစ်ခြင်းမေတ္တာကို
အန္တရာယ် မဖြစ်စေသော ချစ်တတ်ခြင်းကို
ချစ်သူတို့ လျောက်သောလမ်းမှသည်
ချစ်တတ်သူတို့ လျောက်သော လမ်းဆီကို
ကူးမြောက် ပျော်မွေ့ခဲ့ကြတယ်။

ချစ်သူတို့ လိုချင်သောအလှထက်
အလှဆိုတာ ဘာလဲ သိခဲ့ကြတယ်
ကောင်းမြတ်မှု မင်္ဂလာအလှ
ဒီဘ၀မှာပဲ ရပါရစေ။

အော်….ဒီဘ၀မှာပဲ
လောကကို ချစ်တတ်ပါရစေ
ကောင်းမြတ်မှုကို ချစ်တတ်ပါရစေ
သူတစ်ထူးကို
ချစ်တတ်အောင် သင်ကြားပေးနိုင်သော ကိုယ်
ဖြစ်….ပါ….ရ….စေ…………

In: ကဗျာ Posted By: Date: Feb 28, 2013
Comment #1

so nice

commentinfo By: ei lay at Feb 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment