Professional Authors

အိမ်ပြေး သိုးမည်း

 

 

 

တန်ခိုးရှင် ခင်ဗျာ…

အလင်းဆိုတဲ့ နတ်ဘုရားဟာ

ခြေလှမ်းကျဲလေ့ ရှိပါသလား….

အမြဲတန်း ကျွန်တော်….မှောင်ရလွန်းလို့ပါ..။

 

အခွန်းတရာ မကတော့တဲ့ဆုတောင်းတွေနဲ့

ကိုယ့်ကိုယ်ကိုဘဲ ပစ်ပေါက်နေမိ..

တန်ပြန် သက်ရောက်မှုမရှိတဲ့ အိမ်ပြန်လမ်းတွေကို

ဘယ်လိုနိယာမ မျိုးနဲ့ မျှော်ကိုးရမလဲ ဆိုတာတော့ ဖြေခဲ့ပေးပါ..။

 

ကျွန်တော် ဟာ ဒဏ်ရာများနဲ့လူ

နာကျင်တတ်တဲ့လူ

နောင်တဆူးရစ်တွေ ဖြစ်ဖြစ်မည်ပွင့်တဲ့

အသည်းကွဲ ကဗျည်းမှာ ကိုယ့်ကိုယ်ကို ကျိန်စာတိုက်လို့

ဘာကိုမှ မမီလိုက်တဲ့

ဆုပ်ကိုင်ရာမဲ့ လူတန်းစားပါ

 

နတ်သမီးလို့ တင်စားကြတဲ့ Angel တစ်ပါးကို

မျက်ရည်များနဲ့ ပေါင်းသင်ပေးခဲ့ တုန်းက

ကျွန်တော် ဘ၀ ဆိုတဲ့ အမည်နာမကို

ခြေနဲ့ဖျက်ပြီး မိုက်ရူးရဲခဲ့ပါတယ်..

အခုအခါ..

အဲဒီ ဘ၀ကို လက်နဲ့ပြန်ရေးဖို့အလုပ်

ချုပ်ကြောင်းမှားထားတဲ့ ရင်ဘတ်ကနေ

စကားလုံးအသေများသာ ပြန်ရပါတယ်..။

 

အဲဒီစကားလုံးများကိုဘဲ

ကဗျာလို့နာမည်တပ်

ကိုယ့်ကိုယ်ကို နှိပ်စက်တဲ့ပညာရပ်မှာ

ကျွန်တော် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ခဲ့ပါပြီ.။

 

သက်တံ့ရဲ့ ခုနှစ်ရောင်မှာ

အမှောင်ရောင်ဟာ ကျွန်တော့ ကောင်းကင်သာဖြစ်တယ်

နောင်တဟာ ပန်းတွေဖြစ်တယ်

ကျွန်တော်က ၀တ်ရည်စုပ်တယ်..

ပြီးတော့ အစအနမသိတဲ့ ရင်ခွင် black hole ထဲကနေ

မျှော်လင့်ချက် အသိုးတွေ ထုတ်လုပ်တယ်.

 

ကြယ်တွေနဲ့ ယက်လုပ်တဲ့ ကောင်မလေးရေ..

ငါ့ရဲ့ သေခြင်းကို တင်ထားတဲ့ မှတ်တမ်းဟာ

မင်းတောင်မှ

လည်ပြန်ကြည့်မသွားတဲ့ ငါ့ကဗျာ များပါဘဲ…

ငါတောင်

မိုက်မဲလွန်းလို့ ဆက်ရွတ်နေတာပါ..။

 

အသိတရားတွေအားလုံးကို

အထီးကျန်ဆန်မှု သစ်ပင်အတွက်

မြေနက်ထဲထိ သွန်ချခဲ့တယ်..

ကိုယ်စိုက်တဲ့ပန်းရနံ့တဲ့ ပြန်ရူးသွားတဲ့ သီအိုရီဟာ

တီထွင်သူ ကျွန်တော်ပါ

ပြက္ခဒိန်ရဲ့ ရက်စွဲတိုင်းမှာ

ကိုယ့်ကိုယ်ကို ပြန်နှိမ်ဖို့အတွက်

ကျွန်တော့ရဲ့ ထက်မြက်မှုများပါ…။

 

ဤသို့သာပါဘဲ..

ကျွန်တော့ ဆီမှာ အရမ်းမှောင်နေတယ် တန်ခိုးရှင်

ဘယ်သူမှမသိအောင်

ကိုယ့်သက်ပြင်းကို ပြန်ခိုး…ပြီးတော့

အ ကုသိုလ်ယူ မနေချင်တော့ဘူး

သွေးကြောဆိုးတွေကို ဖောက်ထုတ်ပစ်ရရင်လည်း

တစ်ကိုယ်လုံး ဓါးအရှိုးရာတွေနဲ့ နစ်မွန်းတော့မယ်..။

 

နွံမှန်းသိပေမဲ့

ခြေတစ်ဖက်ကို နွံဆီဦးတည်လို့

တခြားတစ်ဖက်က ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားနေဆဲ..

ဘယ်အရပ်မှာ ကျွန်တော်ငြိမ်သက်ခွင့်ရမလဲ..။

 

ဟိုးအရင်က ဘ၀မှာလို

မေမေ့လက်ရဲ့ပွေ့ဖက်မှုဟာ

နူးညံ့ ကြင်နာနေလိမ့်ဦးမလားမေမေ…ရေ

အိမ်ကထွက်ပြေးလို့ ရင်ခွင်ပျောက်ခဲ့တဲ့

အသည်းကွဲသမားတစ်ယောက်ကို

ကယ်တင် စောင့်ရှောက်ပါ….

သား မေမေ့ဆီ ပြန်လာပါရစေ…။

 

မျှော်လင့်ချက်တွေ ကြီးလွန်းလို့

နောင်တတွေနဲ့ ရင်းနှီးလွန်တဲ့ ရောဂါ

သားတော့ သေရာပါတော့မယ်ထင်ပါတယ်….။

တစ်သက်လုံးမိုက်ခဲ့တဲ့ သိုးမည်းတစ်ယောက်အဖြစ်နဲ့

(ကိုယ့်အတွက်ကိုယ်ဘဲကြည့်လို့) တောင်းဆိုပါတယ်

နွေးထွေး နူးညံ့တဲ့ လက်တစ်စုံနဲ့

သားကို ပြန်လည်ပွေ့ဖက်ပါ မေမေ…

အနာဂါတ်လမ်းတွေ မျက်ရည်မဲ့ပါရစေ….။။

 

နိုးဆက် နေ့

In: ကဗျာ Posted By: Date: Jan 21, 2013
Comment #1

:'(
:'(
:'(
:'(
:'(

Ma Moe ne tu tu lar ta lo khan sarr ya par ei

commentinfo By: ei lay at Jan 22, 2013
Comment #2

great

commentinfo By: မေပျို at Jan 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment