Professional Authors

မင်းကျောင်းပျက်တာတွေ သိပ်ကိုများနေပြီ ကလေး

 

မင်းကျောင်းပျက်တာတွေ

သိပ်ကို များနေပြီ ကလေး…

 

မိုးတိမ်တွေရဲ့ ခြောက်လှန့်မှုနဲ့

ကောင်းကင်ကြီး နာဖျားနေပါရဲ့

ဒီတစ်နေ့…

ငါ မင်းကိုမတွေ့ဘူး..။

 

ကျောင်းတော်ကြီးအောက်

မိုးရေတစ်ပြောက်နှစ်ပြောက်မှာ

မင်းကျောင်းအလာ

စောင့်မျှော်နေတတ်သူဟာ ငါပါ.။

တိတ်ဆိတ် ထိတ်လန့်

ကွယ်ဝှက် ဖုံးကွယ်..

မင်း သိမယ်တောင် မထင်ခဲ့ပါဘူး..။

 

ရွှေစင်ကို ချိန်ခွင်နဲ့ စက်ပေးလို့

တန်ဖိုးမဖြတ်ပါဘူး..

မင်းရဲ့ခြေသံဟာ ငါ့ကိုရူးစေတဲ့ဂါထာ..

နာရီတွေဟာ

တုန်လှုပ်တတ်တဲ့ ငါ့ကိုလှောင်ကြရဲ့..။

 

မိုးရေစက်တွေထဲ

လွင့်ဝဲလာမဲ့ ဆံနွယ်ရှင်..

သခင်ကိုကာပေးထားမဲ့ ထီးဝါ၀ါ

တိတ်ဆိတ်စွာ

ငါဟာ..မျှော်ရီဝမ်းနည်းနေမိ

ဘယ်သူက သိမှာလဲ….။

 

နာရီကို ငါကြည့်တယ်

၁၂ နာရီ ၁၀ မိနစ်

၁၂ နာရီ တစ်ဆယ့်ငါး

ဆိုးရွားစွာခေါင်းစိုက်ချ..

အတွေးစတွေ တသီကြီးပိုက်လို့

“မင်းနေကောင်းပါစေ..”

“ဖျားနေတာမဟုတ်ပါ့စေနဲ့”

ဒီလိုနဲ့ဘဲ

စာသင်ခန်းထဲ ၀င်ခဲ့ရတဲ့နေ့တွေ

မရေနိုင်ခဲ့ဘူး..။

 

မင်းကျောင်းပျက်တာတွေ

သိပ်ကို များနေပြီကလေး

Roll Call မှာ မင်းခုံနံပါတ်

A အတပ်ခံရဦးမှာလား

မင်းအစား မင်နီတွေ..

ငါ့နာမည်မှာသာ ပေကျံပါစေကွယ်..

ချစ်မိသူမို့

ရဲရဲကြီးရှုံးနိမ့်လိုက်ပါ့မယ်

မင်းမရှိတဲ့ ကျောင်းမှာ

လစ်ဟာသွားတဲ့ရင်ဟာ တစပြင်တစ်ခုပါဘဲ..။

 

မော့ကြည့်တော့လဲ မမြင်ရခဲ့

မင်းကိုရော..

ကောင်းကင်ကြီးကိုရော…ပေါ့

2G-Mech တံဆိပ်တပ်တဲ့ အခန်းကြီးဟာ

ငါ့ကို မွန်းကြပ်အောင်ပိတ်လှောင်ထား

လွတ်ရက်မရှိတဲ့ ရာဇ၀တ်သားတစ်ယောက်လို..။

 

ကလေးရယ်

ငါသိမ်ငယ်မိပါတယ်..။

ကြီးမားတဲ့ လောကကြီးမှာ

ငါဆိုတဲ့ကောင်လေး သေးသေးလေးတောင်

အသက်ရှုဖို့မချောင်လိုက်ပုံများ..

ဟောဒီ မင်းကျောင်းပျက်တဲ့တစ်ရက်

ဘယ်လို သတ္တိနဲ့ ငါဖြတ်ရမလဲကွယ်…

 

အချိန်တွေ ကုန်ခဲလှချည့်

ငေးကြည့်နေဆဲ..

မင်း လာနေကျ လမ်းဆီမှာ

ပန်းကလေးတွေ မိုးမိရှာပြီ..။

ငါရယ်…

ကျောင်းတော်ကြီးရယ်….

မိုးစက်ခါးခါးတွေရယ်

ဘာသာဘာဝ တိတ်ဆိတ်ကြဆဲ..

မင်းဘယ်မှာလဲကလေး

မင်း ဘယ်မှာလဲ…။

 

မင်းကျောင်းပျက်တာတွေ

သိပ်ကို များနေပြီ ကလေး

 

အရူးတစ်ယောက်ရဲ့ ရင်ဘတ်ကို

နတ်ဆိုးက ဗုံလုပ်တီးတယ်

မင်းပျော်နေလိမ့်မလား

ငါ အံကြိတ်ထားခဲ့ပါတယ်..

အသံတိတ် တောင်းဆုတစ်ခု

ရင်တစ်ခုစာ ပြုရင်းပေါ့


ကလေးရယ်

မနက်ဖြန် မနက် မင်းကျောင်းတက်ပါကွယ်

 

နိုးဆက် နေ့

In: ကဗျာ Posted By: Date: Nov 29, 2012
Comment #1

အရူးတစ်ယောက်ရဲ့ ရင်ဘတ်ကို

နတ်ဆိုးက ဗုံလုပ်တီးတယ်

မင်းပျော်နေလိမ့်မလား

ငါ အံကြိတ်ထားခဲ့ပါတယ်..

အသံတိတ် တောင်းဆုတစ်ခု

ရင်တစ်ခုစာ ပြုရင်းပေါ့

commentinfo By: maypyo22889 at Nov 29, 2012
Comment #2

🙂
Cutie.

commentinfo By: ei lay at Nov 30, 2012
Comment #3

ဒီကဗျာလေး သွဲ့ ချစ်တယ်….

commentinfo By: သွဲ့သွဲ့ at Dec 1, 2012
Comment #4

ဟုတ်လား..ကွယ် သိပ်ကျေနပ် သိပ်ပျော်ပါတယ်ကွယ်… အဲဒါ reality တွေလေကွယ်

commentinfo By: နိုးဆက် နေ့ at Dec 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment