Professional Authors

မြို့ပျက် – ဒီရေလှိုင်း

ဆားသည် ခွေးမောင်းကင်းစောင့်

ငါးသည် ကောင်းကောင်းအိပ်လို့ဟောက်

တောက်လျှောက်ပြေးမဲ့ ပြိုင်မြင်းတွေလည်း

အပြိုင်ပျင်းကာ

မလှုပ်တလှုပ် ကျောက်ရုပ်

ခုံတွေကလှုပ်နေရတဲ့

အဲလို ဇာတ်ရုပ်တွေကတဲ့မြို့ ———

 

သူပုန်လာတော့ အကုန်သာပြေး

သူပုန်ဝေးမှ

ချုံဘေးက ထကြွ

ငါကွာ ဘာရမလဲဆိုပြီး ဟိတ်တွေလုပ်

အမိန့်တွေထုတ်

အဲလိုအရှုပ်တွေနဲ့

ဟုတ်ကိုဟုတ်နေတဲ့မြို့ —–

 

တစ်ခဏ ရိက္ခာရဖို့

ဘ၀ သိက္ခာကျတာကိုများ

အလှဖိတ်စာလေးများရသလို

လိုက်လိုက်ပြ

ဂွကျကျ လူတွေ

မူနေတဲ့မြို့ ——-

 

ကိုယ်ပိုင်မလုပ်

သူများအထုပ်နဲ့

စတိုင်ထုတ်ကာ

ငှားကြွား

ပိုင်ရှင်ထက်တောင်ပိုင်ချင်သေး

နိုင်ချင်ကြက်လို့

အောက်အီးအီးအွတ်နဲ့

လိုက်ပြီးခွပ်နေသူတွေမြို့——

 

ကိုယ့်လူကို ပြန်ထောင်း

တဖြောင်းဖြောင်းနဲ့ပေါ့

အပြင်သူလာရင်

သခင်မဖုရား

တင်ပါ့ဗျား

ယဉ်လှစကားနဲ့

ကလူသလို

မြူသလို

အူတိုတို နေသူရဲ့မြို့ ——

 

ဘာမှမသိ

စာဂမရှိတဲ့

ငတိအချဉ်က

ပဏ္ဍီအရှင်

က၀ိအသွင်နဲ့

ပြောစရာရရင်

သြ၀ါဒတွေပေး

ကလေးအတွေးလိုနဲ့

တေးလေးတွေဆိုနေတဲ့မြို့ ——–

 

သစ္စာဆိုတာ ပန်း

မေတ္တာဆိုတာ လူရွှင်တော်

ကတိက စာချုပ်မှာ

သမာဓိက ချိန်ခွင်တဲ့

ကလိန်အမြင်တွေနဲ့

လိမ်ချင်သလိုလိမ်

မာယာဗီလိန်တွေအလုပ်တွေကြောင့်

ကဗျာဇီဝိန် ချုပ်ခဲ့တဲ့မြို့ ။   ။

In: ကဗျာ,Others Posted By: Date: Oct 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment