Professional Authors

ဒီရေလှိုင်းဆွဲထုတ်မိသော ကဗျာ အပိုင်းအစများ(၁) – ဒီရေလှိုင်း

နိဒါန်းလေးနည်းနည်းပြောမယ်နော်
ဒီပိုစ့်လေးကို ရေးဖို့ ဒီရေလှိုင်း အချိန်တော်တော်ကြာကြာချိန်ဆနေရပါတယ် ။ စဉ်းစားချင့်တွက်နေရပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ကျယ်ပြန့်လှတဲ့ ကဗျာ အကြောင်းဖြစ်နေလို့ပါပဲ ။ အယူအဆ ၊အဆိုအမိန့်ဖွင့်ဆိုချက်တွေ အမျိုးမျိုးရှိနေတဲ့ ကဗျာအကြောင်းဆောင်းပါးရေးဖို့ကု
ိ ဒီရေလှိုင်းက အမြဲတမ်းလက်ရှောင်နေဖို့ အမြဲစဉ်းစားခဲ့ပါတယ် ။ ကဗျာမှာ ဘာမှ မဖြစ်မြောက်သေးတဲ့ ကဗျာလမ်းမှာ စမ်းတ၀ါးဝါးလျှောက်လှမ်းနေဆဲဖြစ်တဲ့ ဒီရေလှိုင်းကို ကဗျာရေးတာဝါသနာပါတဲ့ ၊ ကဗျာလေးတွေ စရေးနေတဲ့ ညီငယ် ညီမငယ်လေးတွေက ကဗျာရေးနည်းလေးတွေ သင်ပေးပါ ။ ဒီကဗျာလေးကိုဘယ်လိုရေးခဲ့တာလည်း ဒီလိုအမေးလေးတွေ တောင်းဆိုမှုလေးတွေက ရှိနေခဲ့ပါတယ် ။ ခက်တာက မြန်မာနိုင်ငံမှာ ကဗျာရေးနည်းနဲ့ပတ်သက်လို့ သင်ရိုးညွှန်းတမ်းလည်းမရှိ ၊ အတတ်သင်ပေးတဲ့
ကျောင်း၊ သင်တန်းတွေကလည်းအမြဲမရှိ ( စာပေ ၊စာနယ်ဇင်းအဖွဲ့ကတော့ တစ်ခါတစ်လေ သင်တန်းဖွင့်တာတော့ ရှိပေမဲ့နှစ်တိုင်းမဖွင့်နိုင်ဘူးလေ ) ၊ ကဗျာဆိုတဲ့အနုပညာပစ္စည်းကလည်းသင်တန်းတက်တိုင်း
ဖန်တီးလို့ရတာမဟုတ် ၊ ဒီရေလှိုင်းကိုယ်တိုင်ကလည်း ကဗျာနဲပတ်သက်လို့ သိတာလေးကနည်းနည်းလေးဆိုတော့ တောင်းဆိုမှုလေးတွေကို မျက်ကွယ်ပြု လစ်လျူရှုပြီးနေခဲ့ပါတယ် ။
ဒါပေမဲ့လေ ကဗျာဆိုတဲ့ ပန်းပွင့်လေးတွေ လောကမှာ လန်းလန်းစွင့်စွင့်ပွင့်ချင်တာရယ် ။ ကဗျာစရေးမဲ့ ညီငယ် ညီမငယ်တွေအတွက် ကဗျာလမ်းမှာ စမ်းတ၀ါးဝါးမဖြစ်စေဖို့ရယ်စေတနာနဲ့
ဒီပိုစ့်လေးကိုရေးဖို့ဆုံးဖြတ်လိုက်တာပါ ။ ကဗျာရေးနည်းကိုလမ်းညွှန်တာမဟုတ်ပါဘူး ။ ခရီးတစ်ခုကို အရင်သွားခဲ့တဲ့သူက ကိုယ်လျှောက်ခဲ့တဲ့ လမ်း ၊ ကိုယ်ရောက်ခဲ့တဲ့စခန်းလေးတွေကို
ခုမှ စသွားမဲ့သူတွေအတွက် ပြောပြတဲ့သဘော စေတနာနဲ့ ဒီပိုစ့်လေးကို အခန်းဆက် ရေးသွားမှာပါ ။
ဒီအခန်းဆက်ပိုစ့်လေးတွေကို
(၁) ကဗျာဆိုတာ ဘာလည်းလို့ ဒီရေလှိုင်းရဲ့အမြင်
(၂) ဒီရေလှိုင်းဖတ်ခဲ့တဲံ ကြိုက်နှစ်သက်ခံစားခဲ့တဲ့ မြန်မာကဗျာများ
(၃) ကဗျာလေးတွေကို ဒီရေလှိုင်း ဖန်တီးခဲ့ပုံတွေကို
ဒီရေလှိုင်းရဲ့ ကဗျာ ဒဿနအမြင် ၊ ကဗျာအတွေးအခေါ် ခံယူချက် ၊ ကဗျာကပေးတဲ့အလှ ၊ ကဗျာက ပေးတဲ့ဓမ္မ ၊ ကဗျာကပေးတဲ့ဘ၀ ကဗျာကပေးတဲ့ရသလေးတွေနဲ့ ယှဉ်ပြီး
စာဖတ်သူရဲ့ တုန့်ပြန့်မှုအပေါ်မူတည်လို့ ရေးသွားမှာပါ ။
ကဗျာဆိုတာ –
ဖွင့်ဆိုချက် ၊ ယူဆချက်တွေက ကဗျာနဲ့ပတ်သက်ရင် အမျိုးမျိုးရှိကြပါတယ် ။ ပညာရှိတို့ ပစ္စည်း ၊ ရွတ်ဆိုရသော စာ ၊ သံနေသံထားနဲ့ဖွဲ့သီထားသော စာပေ ၊ လေးနက်သောအဓိပ္ပါယ်ရှိတဲံ စာပေ စသည့်ဖြင့် အမျိုးမျိုး ဆိုစမှတ်ပြုကြပါတယ် ။ ဘယ်လိုပင်ပြောကြပါစေ အနှစ်ချုပ်ပြောရရင်တော့ ကဗျာဆိုတာ ဘာသာစကားကို အကောင်းဆုံး ၊ အထူးခြားဆုံးဖန်တီးထားတဲ့ စာပေလက်ရာမွန်ပါ ။
စာပေရဲ့ အညွန်အဖူး အလှအပ အနုပညာတစ်ရပ်ပါ ။ ခံစားမှုရသပေါ်အောင် စည်းကမ်းတွေနဲ့ ဖွဲ့ဆိုသီကုံးရတဲံစာပေကို ကဗျာလို့သတ်မှတ်လို့လည်းရပါတယ် ။ ကမ္ဘာပေါ်မှာ ပထ၀ီနေရာတွေ ဘယ်လိုကွဲပြားပြား ၊ ရေမြေတွေ ဘယ်လိုပင်ခြားနားခြားနား ၊ အယူအဆတွေ ၊ ဘာသာတွေ ဓလေ့ထုံးတမ်း ၊ ကိုးကွယ်ယုံကြည်မှုတွေ ဘယ်လိုပင်မတူပါစေ ကဗျာကိုချစ်တတ်ခြင်းက တူညီကြပါတယ် ။
ဒီလိုတူညီကြခြင်းဟာ ခုခေတ်မှာမဟုတ်ပါဘူး ၊ စာပေတွေစတင်ပေါ်ပေါက်ခဲ့တဲ့ သမိုင်းခေတ်ထဲကပါ ။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ဂရိ ရောမ တို့ ကြီးကျယ်ထွန်းလင်းခဲ့တဲ့ အနောက်တိုင်းကိုကြည့်လိုက်ပါ ။ ဂရိစာဆို ဟိုးမါးရဲ့ အော့ဒက်ဆီ ဆိုတဲ့လင်္ကာကြီးဟာ ရှေးဂရိခေတ် စစ်တိုက်ခန်း ၊ စွန့်စားခန်းများကို ဖွဲ့ဆိုထားတာကိုတွေ့ရမှာပါ ။ အဲဒီ လင်္ကာကြီးက အက်ပစ် ဆိုတဲ့ အမျိုးအစားမှာပါ ပါတယ် ။ အော့ဒက်ဆီ အက်ပစ်ကို အနောက်နိုင်ငံတိုင်းလိုလိုက သူတို့ဘာသာစကားနဲ့ ပြန်ဆိုပြီးတန်ဖိုးထားကြပါတယ် ။ ဒီလိုပါပဲ ဒီရေလှိုင်းတို့ အရှေ့တိုင်းမှာလည်း သက္ကဋ ဘာသာနဲ့ ရေးစပ် သီကုံးထားတဲ့ ရာမာယန လင်္ကာကြီးမှာလည်း စွန့်စားခန်း ၊ တိုက်ခိုက်ခန်းတွေပါဝင်တဲံ အက်ပစ်လင်္ကာအမျိုးအစားပဲဖြစ်ပါတယ် ။ အရှေ့တိုင်းတွင်မက တကမ္ဘာလုံးက တန်ဖိုးထားလေးစားကြတဲ့ ကဗျာရှည်ကြီးတစ်ပုဒ်ပါ ။
ဒီရေလှိုင်းတို့မြန်မာစာပေမှာလည်း အသူရာနဲ့သိကြား စစ်တိုက်ကြလို့ မိုးရွာဟန် မိုးခြိမ်းတာတွေဖြစ်လာပုံကို ကဗျာတွေနဲ့ရေးသီကြသလို ၊ ဂရိစာပေမှာလည်း မိုးဦးရာသီမျာ ပန်းလေးတွေပွင့်ကြတာကို
ဘုမ္မာစိုး(မြေစောင့်နတ်သမီး)ရဲ့ ချစ်လှစွသောသမီး သေမင်းထံက ပြန်လာလို့ ပျော်ရွှင်သောအထိမ်းအမှတ်အဖြစ် ပွင့်ကြလေဟန် ရေးဖွဲ့ခဲ့ပါတယ် ။ ရာသီဖွဲ့ ၊ တောဖွဲ့ ၊တောင်ဖွဲ့ မယ်ဖွဲ့ မောင်ဖွဲ့ စတဲ့အဖွဲ့အနွဲ့အမျိုးမျိုးတို့ဟာ မြန်မာစာပေမျာရှိခဲ့သလို အခြားသောစာပေများမှာလည်းရှိကြပါတယ် ။ ဒီအဖွဲ့အနွဲ့မျိုးကို ဂရိတို့က လစ်ရစ်လို့ခေါ်ကြပါတယ် ။ မြန်မာစာပေမှာ တေးထပ်ဆိုတဲ့အဖွဲ့တစ်ခုက
ဂရိစာပေ က ဆွန်းနတ်နဲ့ အတော်ပင်တူပါတယ် ။ ဆွန်းနတ်ကဗျာမှာ စာကြောင်း ၁၄ကြောင်းနဲ့ အသံ ကာရန် စည်းချက်မှန်အောင် စပ်ဆိုရသလို မြန်မာတေးထပ်မှာလည်း ၁၈ပိုဒ်ပြည့်အောင် အခံ အအုပ်ကာရန်တွေနဲ့ စနစ်တကျရေးဖွဲ့ရပါတယ် ။ မြန်မာစာပေက အိုင်ချင်း ၊ အဲချင်း တေးအရိုးအဆန်းစတဲ့အဖွဲ့အနွဲ့မျိုးနဲ့ ခပ်ဆင်ဆင်တူတဲ့ အဖွဲ့အနွဲ့မျိုးက ဘဲလက်လို့ခေါ်ကြပြီး တော်တော်ရေးဖွဲ့သီကြပါတယ် ။ မြန်မာဂီတမှာပါတဲ့ နတ်သံဆိုတဲ့အဖွဲ့က ခုခေတ် ဟစ်ဟော့ပ်နဲ့ သံနေသံထားတော်တော်တူလို့ အဆိုတော်သားစိုးကတောင် ရောသမမွှေနေလိုက်တာ မကုန်နိုင်ပါဘူးလေ။
မြန်မာကဗျာတွေက ဒီဃ (သံတို) ရဿ(သံရှည်) ၊ ဂရု (သံပြင်း) လဟု(သံညှင်း)တွေနဲ့ ရေးဖွဲ့သလို အနောက်တိုင်းကဗျာတွေက ရစ်သမ်း ၊ ဘိတွေနဲ့ ရေးစပ်တတ်ကြပါတယ် ။
နောက် အလှဘွဲ့တွေကိုရေးတဲ့နေရာမှာလည်း တိုက်ရိုက်ဖွဲ့တာမျိုးမဟုတ်ဘူး သွယ၀ိုက်တင်စားဖွဲ့မှုကလည်း အနောက်တိုင်းစာပေမှာရော မြန်မာကဗျာတွေမှာပါ တူနေတာကိုလည်း အံ့သြစရာကောင်းလောက်အောင်တွေ့ရှိရပြန်တယ် ။ မြန်မာစာပေသမိုင်းမှာ ထင်ရှားတဲ့ ရတုဘုရင် တောင်ငူဘုရင်နတ်ရှင်နောင်က
နှစ်ဖက်ပြိုင်ရှာ ၊ ၀တိံသာမှ
စံရာစံထား ၊ ရွေးခဲ့ခြား၍
သိကြားတမျှ ၊ ပြိုင်လှသလည်း
သော်တာရောင်သွယ်
ကြယ်နှယ်ထင်ဟု
သခင်ကကို များမိန့်ဆိုလိမ့်လို့
မိန်းကလေးတစ်ယောက်ရဲ့ အလှကို တိုက်ရိုက်မဖွဲ့ပဲ သိကြားမင်း ဖန်ဆင်းပြီးပြိုင်တဲ့နတ်သမီးတောင် လမင်းနဲ့ယှဉ်တဲ့ ကြယ်လေးလို မှိန်သွားမယ်လို့ ဖွဲ့ထား သီထားတာလေးက အင်မတန်လှပါတယ် ။
ဒီလိုပါပဲ ရှေးဂရိစာဆိုကြီး ဟိုးမား စပ်ဆိုခဲ့တဲ့ အော့ဒီဆီ ကှောမှာလည်း ဟယ်လင်မင်းသမီးရဲ့ လှပပုံကို
““ စစ်တိုက်ရာမှာ သင်္ဘောတစ်ထောင်ကို ရွက်လွှင့်စေနိုင်သော မျက်နှာလို့ ဖွဲ့ထားခဲ့ပါတယ် ။ သူရဲ့မျက်နှာအလှအရှိအဟုန်က စစ်သင်္ဘောတစ်ထောင်တောင်ရွက်လွင့်စေနိုင်တယ်လို့ဖွဲ့ဆိုထားတာလေးတွေက
ရေမြေတွေဘယ်လိုခြားခြား ၊ ဘာသာစကားတွေဘယ်လိုကွဲပြားကွဲပြား ကဗျာနှလုံးသားက တစ်ထပ်တည်းကျနေတယ်ဆိုတာ ပေါ်လွင်နေပါတယ် ။ ကဗျာဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ပစ္စည်းမဟုတ်ပါဘူး
တကမ္ဘာလုံးရဲ့ အနုပညာအမွေအနှစ်ပစ္စည်းတစ်ခုပါဆိုတာ ထင်ရှားနေပါတယ် ။
မြန်မာကဗျာအမျိုးအစားများ ။
မြန်မာကဗျာတွေကို လင်္ကာနဲ့ သီချင်းဆိုပြီး အုပ်စုကြီး(၂)ခုခွဲခြားထားပါတယ် ။ လင်္ကာက(၁၄)မျိုး ၊ သီချင်းက (၂၂)မျိုးရှိပါတယ် ။
လင်္ကာအုပ်စုမှာ
(၁)လင်္ကာ
(၂) ပျို့
(၃) မော်ကွန်း
(၄) သံပိုင်း
(၅) သမိုင်း
(၅) ရဲတင်း
(၇)တမ်းချင်း
(၈)ဧချင်းသံတိုင်
(၉) ဧချင်း သံပေါက်
(၁၀)လူးတား
(၁၁)အန်ချင်း
(၁၂)သံပေါက်
(၁၃)၀ဲရိုက်ဝဲသွင်း
(၁၄)လွမ်းချင်း တို့ပါဝင်ကြပါတယ် ။
သီချင်း(၂၂)မျိုးမှာတော့
(၁) ရကန်
(၂) ဟောစာ
(၃) သာချင်း
(၄) ကာချင်း
(၅)အဲချင်း
(၆)အိုင်ချင်း
(၇)လေးချိုး
(၈)သံချို
(၉) ယိုးဒယား
(၁၀) ပတ်ပျိုး
(၁၁)ကြိုး
(၁၂)ဘွဲ့
(၁၃)ဘောလယ်အရိုး
(၁၄)တေး အရိုးအဆန်း
(၁၅)သဖြန် အရိုး အဆန်း
(၁၆) ငိုချင်း အရိုးအဆန်း
(၁၇) တုံးချင်း/ဒုံးချင်း အရိုးအဆန်း
(၁၈) ဟန်ချင်း အရိုးအဆန်း
(၁၉) လှေချင်း အရိုးအဆန်း
(၂၀)နတ်သံ
(၂၁)မှာတမ်း
(၂၂) ဇာတ်စကားပုံ တို့ပါဝင် ကြကြောင်းတင်ပြရင်း ဒီအပိုင်းကို ဒီလောက်နဲ့ပဲ ခေတ္တရပ်နားပါ့မယ် ။
နောက်ပိုစ့်ကိုတော့ လာချင်းကောင်းသောမြန်မာကဗျာဆိုတာ နဲ့ ရေးပါ့မယ်နော် ။း

In: ဆောင်းပါး,Others Posted By: Date: Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment