Professional Authors

သို့… – (နှင်းဆီဆူး)

မမျှော်လင့်ပါဘူးလို့
တကူးတက
ချရေးမိတာကိုက
မျှော်လင့်နေလို့ပဲမဟုတ်လား။

သံယောဇဉ်နဲ့
ဖောက်ထွင်းထားတဲ့လမ်းမှာ
မင်းက
နောက်ပြန်တွေလှမ်းနေခဲ့တာကိုး။

ဟိုးတုန်းကလို
မချိုတော့တဲ့အနမ်းတွေနဲ့
ဥပေက္ခာရောင်သာဟပ်နေတဲ့
မျက်ဝန်းတွေကို
ငါကဘယ်လို
မျက်ကွယ်ပြုပေးရမလဲ။

နှုတ်ဆက်တေးကဗျာတစ်ပုဒ်
အရှုပ်ထုတ်လို့
မင်းသတ်မှတ်ကောင်းသတ်မှတ်မယ်။
ကဗျာရေးတတ်အောင်
သင်ပေးခဲ့တော့လည်း..မင်း
ကဗျာရေးမထွက်အောင်ကို
ဒဏ်ရာတွေပေးခဲ့ပြီပေါ့လေ…။

အပြောအဆိုမှားရင်ခွင့်လွှတ်ပါ
ဒါပေမယ့်
ယိမ်းလွယ်တဲ့အကိုင်းတခက်အတွက်
ငါလည်းလေပြေညှင်းတွေ
မတိုက်ပေးချင်တော့ပါဘူး
လူတကာနမ်းမယ့်ပန်းအတွက်လဲ
မြေဩဇာတွေသွပ်မထည့်ချင်တော့ဘူး။

သစ္စာစူးတယ်ဆိုတာ
သစ္စာတရားကို
ဘုရားတစ်ဆူလိုဖူးတဲ့
ငါလိုသူရူးအတွက်များလား
ထားပါ…။
မမီမကမ်းပေးတဲ့လက်ကို
လှမ်းခဲ့မိလို့
ငါချော်လဲခဲ့ရတာပဲဖြစ်မှာ
မာယာတွေနဲ့ပတ်သတ်ရင်
ငါကတွားသွားနေတဲ့ကလေးငယ်သာသာ
အဲဒါကြောင့်လည်း
ယုံစားခဲ့တာ။

သီးသီးသန့်သန့်ပါပဲ
ငါ့ရင်ဘတ်ကတစ်ပွင့်ချင်းဆီ
ဝေပေးတဲ့ပန်း
မြေကြီးကိုပဲဖက်ဖက်နမ်းခဲ့
အဲဒီလိုနဲ့
ငါကလဲ
ငုတ်တုတ်ကြီးသေဆုံး…
ကုန်ဆုံးသွားတဲ့
ချစ်သက်တမ်း
အမှတ်သည်းခြေမရှိသူနယ်
လွမ်းချင်မိသေးတယ်။

တကူးတကနှုတ်ဆက်ဖို့
မလိုအပ်ဘူးထင်တယ်
အစကတည်းကသိမှမသိကျပဲ
နှမြောတသသနဲ့
ကျကွဲသွားတဲ့
ကြွေမျက်နှာဖုံးလှလှကိုသာ
ငါက…လွမ်းတယ်။

အိ (နှင်းဆီဆူး)

In: ကဗျာ Posted By: Date: May 30, 2010
Comment #1

ကဗျာလေး ကောင်းတယ်။ တကယ်… နှင်းဆီဆူး ရဲ့ ကဗျာ တော်တော်များများ ကြိုက်တယ်..

commentinfo By: melodyphyO at May 31, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment