Professional Authors

အေးရိပ်ချိုချို ပင်ညောင်ညို – ဒီရေလှိုင်း

ဘယ်ဥယျာဉ်မှူးကမှ
ယုယကာ ရေမလောင်း
ပေါင်းမသင် မြေမဆွပေမဲ့
သူ့ပင်ကိုယ်ဗီဇ ခွန်အားနဲ့
နိုးကြားလို့ဖောက်ကာ
ကမ္ဘာမြေပေါ်မှာပေါက်လာတဲ့
အေးရိပ်ချိုချို သည်ပင်ညောင်ညို ။
 
သည်ညောင်ညိုပင်ရိပ်မှာ
နေမင်းအပူကြီး ၊ ချွေးတွေစီးတဲ့
ခရီးသွားတို့ ၊အေးရိပ်ခိုနား
အပန်းများပြေ ၊ ခိုလှုံလေရဲ့
ညောင်ပင်တစ္ဆေဝေလေလေရယ်လို့
အတွေးမှားကာ ၊ ကလေးများက
ကြောက်စိတ်ထားရင်း ၊ ကစား
ပျော်ရွှင်မှုတွေများခဲ့ ၊
အနုအရွစကား
သမုဒယနဲ့ ချစ်ကြိုးသီ
ပြုံးရယ်လို့ရွှင်မြူး
ချစ်သူနှစ်ဦးလည်း
သည်ညောင်ညိုအရိပ်ချိုမှာ
ကွန်းရိပ်ခိုခဲ့ ၊
ပင်ညောင်ညိုကောင်း
ငှက်တစ်သောင်းမက ခိုလှုံ
အသိုက်မြုံဖွဲ့လို့စခန်းပြု
နန်းတစ်ခုလိုနေထိုင်ခဲ့ ။
 
သည်ပင်ညောင်ညိုကို
အရိပ်နေနေ ၊ အခက်ချိုးချိုး
အမိုက်အမျိုးမျိုးနဲ့
စရိုက်ဆိုးသူတွေလည်းရှိခဲ့
သူကိုင်းမှာ ခိုဝင်
သူ့အပင်မှာ မစင်စွန့်
သူကိုင်းမှာ တစ်သက်နေ
သူ့ရွက်ကြွေအောင်ခြေ
သူ့မှာခိုနား ပြောစကားက
သဘောအမှားနဲ့
ကပ်ပါးပင်ညောင်
ဆိုးလိုက်ပေါင်လို့ ဆိုကြပေမဲ့
သူ့သဘော သူ့မနောချိုချိုနဲ့
နေမင်းကို ရင်ဆိုင်မမှု ၊ ထာဝစဉ်အံတုလို့
သူ့ပင်ကို ဘယ်လိုအပူခပါစေ
ခိုဝင်သူခရီးသွားတို့
ခဏနားနေချိန်မှာ
အမောတွေပြေ
အပန်းတွေပျောက်
သူ့အရိပ်အောက်ကို
ကွန်းရိပ်ခိုဖို့
အစဉ်ညွှန်းဆို
သည်ပင်ညောင်ညို ။
In: ကဗျာ,Others Posted By: Date: Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment