Professional Authors

ဘိဘိသနရဲ့ အချစ်ဒဿန – ဒီရေလှိုင်း

ချစ်သူလေးရေ –

ရင်ဘတ်နဲ့ မပျိုးဘဲနဲ့

ကဗျာပန်းတွေ ပွင့်ဝေနေတယ်ဆိုတာ

မှန်ကန်တဲ့ စကားမဟုတ်လောက်ဘူး

နှလုံးသွေးတွေနဲ့ မပျော်ဝင်ပဲနဲ့

ကဗျာမြစ်ဖြစ်တယ်တဲ့လား

ဒါက ယုံတမ်းစကားတွေပါ

ကိုယ့်ရိုးတွင်းခြင်ဆီတွေနဲ့

မရေးခြယ်ဘဲ ကဗျာပန်းချီတစ်ချပ်ဖြစ်မယ်တဲ့လား

သွားစမ်းပါကွာ မဖြစ်နိုင်တာတွေ

ကိုယ့်ဇီဝကို ကိုယ်ပြန်နင်းခြေ

ကိုယ်ရင်ထဲကို ဆူးနဲ့ပြန်စူး

တစ်ခါတစ်လေ ရူးရမတတ်ဖြစ်မှ

ကဗျာနှင်းဆီက ပွင့်ဝေလေရဲ့

ပိုင်ဆိုင်မှုကင်းရင် အချစ်စစ်မဟုတ်ဘူးတဲ့

ရာဝဏန ရဲ့ ရာဇ၀င်တွင်စကား

စွန့်လွှတ်ခြင်းက အချစ်စစ်ဆိုတဲ့

လက္ခဏရဲ့ သစ္စာတရား

ရယူခြင်းဟာ အချစ်ဆိုတဲ့

ရာမရဲ့ ဟစ်ကြွေးသံများ

ဘိဘိသန နားမှာ အခါခါကြားပေါ့

စကားနှစ်လုံးနဲ့

အထပ်ထပ်ဖွင့်မကုန်တာ ဒီအချစ်

အချစ်ဆိုတာ ရယူတာမဟုတ်

ပိုင်ဆိုင်စရာမလို

စွန့်လွှတ်ဖို့အရာလည်းမဟုတ်

အချစ်ဆိုတာ အချစ်ပဲပေါ့

အညစ်အလွဲတွေမပါ

အပြစ်တွေ ကင်းနေခြင်းက

ချစ်နေခြင်းပါပဲ

ဒါက ဘိဘိသနဖွင့်ပြတဲ့

အချစ်ဒဿနပါ ။   ။
                                ဒီရေလှိုင်း    

In: ကဗျာ,Others Posted By: Date: May 15, 2012
Comment #1

အပြစ်တွေ ကင်းနေခြင်းက

ချစ်နေခြင်းပါပဲ

ဒါက ဘိဘိသနဖွင့်ပြတဲ့

အချစ်ဒဿနပါ ။ ။

like this poem

commentinfo By: အသဲကွဲ မိုး at May 16, 2012
Comment #2

အချစ်ဆိုတာ ရယူတာမဟုတ်
ပိုင်ဆိုင်စရာမလို
စွန့်လွှတ်ဖို့အရာလည်းမဟုတ်
အချစ်ဆိုတာ အချစ်ပဲပေါ့

commentinfo By: ကံ့ကော်မောင် at May 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment