Professional Authors

ငြိမ်းချမ်းငှက်တို့ ပျံသန်း ပန်းတို့ဖူးပွင့်စေ – ဒီရေလှိုင်း

ဘာသာအယူအစွဲ
အသားရောင် အဖြူအမည်းတွဲလွဲ
နေရာဒေသတွေ မတူကြလည်း
လူတွေဟာ လူတွေပဲလေ
ဒီကမ္ဘာမှာ လူဆိုတာ
အယဉ်ကျေးဆုံး နှလုံးသား
အမြင့်မားဆုံး အသိဥာဏ်တရား
အကြွယ်ဝဆုံးဘာသာစကားနဲ့
အခြား သတ္တ၀ါအုပ်စုတွေထက်သာ
စကြာဝဠာတောင် ခရီးဆန့်နေပေမဲ့
ဒီကမ္ဘာရဲ့သမိုင်း နွံနစ်အောင်
ညစ်လွန်းတဲ့ စစ်မုန်တိုင်းတွေနဲ့
ရိုင်းစိုင်းလွန်းတာလည်း လူတွေပဲလေ ။

အသိဥာဏ်မြင့်တဲ့လူသားရဲ့
အနိမ့်ကျဆုံး လုပ်ရပ်အဖြစ်
စစ် စစ်  စစ်  စစ် တဲ့
ဒီစစ်မှာ မေတ္တာတွေမဲ့
ပစ်တာတွေနဲ့ သတ်ဖြတ်
အမုန်းမာန်တွေနဲ့
ဗုံးဆံ တွေ ဒုံးပျံ သေနတ်တွေနဲ့
တ၀ုန်းဝုန်း တရပ်စပ် ပစ်ခတ်နေကြ
သွေးတွေကနီစွေးစွာ
ဒါဏ်ရာတွေက ဖွာလန်ကြဲ
ညဉ်းသံတွေက ကြေကွဲကွဲ
သေနေသူတွေ အလဲလဲ
ငိုတဲ့မျက်ရည်တွေ ဘယ်ခါမစဲ
လင်းတငှက်တွေက တ၀ဲဝဲ
သေကွဲတွေကွဲ ၊ ရှင်ခွဲတွေကွဲ
မိသားစုတွေပြိုကွဲ
ကဲ ဘယ်သူတွေက ပျော်ကြမှာလည်း ။

စစ်ပွဲတွေမှာ
အချစ်ဆိုတာမရှိ
အပြုံးဟန်တွေမချို
တေးသံတွေမဆို
ချိုးငှက်တွေက မပျံသန်း
သွေးသံရဲရဲ့နဲ့ ကြမ်းတမ်းရက်စက်
လူသားအချင်းချင်းနှိပ်စက်
တစ်ယောက်အသက်ထွက်အောင်
တစ်ယောက်က လုပ်ရက်
ဘယ်သူတွေအတွက်ပါလည်း။

တစ်ယောက်နဲ့တစ်ယောက်မသိ
အမုန်းတရားတွေမရှိလည်း
တိရိစ္ဆာန်တွေထက်ဆိုး အငြိုးတရားတွေနဲ့
ဆိုးဝါးရက်စက်
 ဒီကမ္ဘာတွေ ဖျက်နေတာ စစ်
မကြည်သာ ရတက်ဖြာစေတာ   စစ်
ဒါဏ်ရာတွေ ရ စေတာ           စစ်
ကံကြမ္မာတွေ မလှစေတာ       စစ်
ချစ်သူတွေ ဝေးရတာ            စစ်
အပြစ်အပူတွေ ဘေးခတာ     စစ်
ရှင်ကွဲ ကွဲရတာ                   စစ်
ကြင်လည်း လွဲရတာ           စစ်
မျက်ရည်ကျရတာ               စစ်
အသက်သေကျရတာ           စစ်
စစ် စစ် စစ်  ၊ စစ်ဆိုတဲ့ လောကဖျက်တေး
ဒ်ီကမ္ဘာမှာ ဝေးစေ
ငြိမ်းချမ်းတေးတွေ ဆိုကြစေတော့
စစ် စစ် စစ်  ၊ စစ်ဆိုတဲ့  အပူဆုံးမီးကို
ကူပြီးသိမ်းကာ ဒီကမ္ဘာမှာ ငြိမ်းချမ်းစေတော့
စစ် စစ် စစ် ၊ စစ်ဆိုတဲ့ အဆိပ်ပန်း
အတိတ်လမ်းမှာကျန်ရစ် ၊
ငြိမ်းချမ်းပန်းတွေ ပွင့်စေ

ကောင်းကင်အမြင့်မှာ

ငြိမ်းချမ်းငှက်တွေပျံသန်းစေတော့ ။

စစ် စစ် စစ် ၊ စစ်ဆိုတဲ့  ဒီမြင်ကွင်း
ဒီကမ္ဘာမှာ အစဉ်ကင်းအောင်
ချစ်ခြင်းနဲ့ တည်ဆောက်
ငြိမ်းချမ်းသောလမ်းကို တို့ဖောက်ကြစို့
ငြိမ်းချမ်းလမ်းကို တို့ဆက်လျှောက်စို့
ငြိမ်းချမ်းနန်းကို တို့ရောက်ကြဖို့ ။


မြန်မာပြည်သူပြည်သားများသာမက ကမ္ဘာပေါ်ရှိလူသားအားလုံး စစ်အနိဋ္ဌာရုံများကင်းဝေးပြီး ချစ်ကြည်ရင်းနှီးမှု ၊ နားလည်ယုံကြည်မှု

အပြန်အလှန်တန်ဖိုးထားတတ်မှု ၊ သည်းခံခွင့်လွှတ်မှုများဖြင့်

ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်ပြီး ၊ ကောင်းကင်အမြင့်ထက်မှာ

ငြိမ်းချမ်းငှက်တို့ပျံသန်းနိုင်စေကြောင်း ဆုမွန်ကောင်းဖြင့်

ဤကဗျာကိုဖွဲ့သီခဲ့ပါသည် ။

In: ကဗျာ,Others Posted By: Date: Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment