Professional Authors

သွေးပျက်

ဒီထက်ပိုပြီး ရိုးသားရမယ်ဆိုရင်တောင်
ဒီလောက်ရိုးသားနိုင်တော့မယ်မထင်ဘူး
ငါပဲ ဆုတောင်းမှားခဲ့တာလားအချစ်ရယ်
ဆွံ့အသွားရလောက်အောင် တိုင်ဆိုင်လွန်းတော့
ယုံရခက်မယ်
အဖြစ်အပျက်ဟာ လျှပ်တစ်ပြက်ရိုက်ချက်နဲ့
အငွေ့ပျံမတတ် မီးမြှိုက်တယ်
အိမ်အပြန်ရှုမျှော်ခင်းက တစ်စစီပြိုကွဲ
လမ်းယောင်ဆောင်ထားတဲ့ငရဲက တံလျှပ်ခိုးဝေ
သူ့ဘာသာသူ ကြွေကျလာတဲ့သစ်ရွက်ကလည်း
မျက်ရည်တွေ ထပွက်စေခဲ့
ပူလောင်ဖို့သက်သက် ဘယ်သူ လောင်ကျွမ်းချင်မလဲ
ခုတ်လှဲခံရဖို့သက်သက် ဘယ်သူ စိမ်းလန်းချင်မလဲ
ငါ့အသားစိုင်ထဲ စိုက်ဝင်နေတဲ့ မင်းသံသယကို ဆွဲနှုတ်ပေးပါ
မင်းချိုးယူသွားခဲ့တဲ့သစ်ခက်လေးမှာ ငါ့လိပ်ပြာ တွဲလွဲခိုနေတာ
တကယ်မသိခဲ့ဘူးလား
အိပ်မပျော်တဲ့ညတွေမှာလည်း ငါ အိပ်လို့မပျော်တော့ပါဘူး
စားမ၀င်တဲ့နေ့တွေမှာလည်း ငါ စားလို့မ၀င်တော့ပါဘူး
ဒီအသက်ဒီအရွယ်ရောက်မှ မြီးကောင်ပေါက်တစ်ယောက်လို
လက်မောင်းသွေးဖောက်ပြီး အချစ်ကို သက်သေပြရဦးမှာလား
အသည်းကွဲရင် စိတ်လွတ်ကိုယ်လွတ် အော်ရယ်ပစ်တဲ့ခေတ်ပဲ
ကြိုးပြတ်သွားတဲ့စွန်ကိုကြည့်ရင်း ကလေးတစ်ယောက် ငိုနေသလိုမျိုး
ဖတ်နေရတဲ့ဒဏ်ရာက သွေးမတိတ်တော့ဘူး

                                                          ကိုသျှား

In: ကဗျာ Posted By: Date: May 20, 2012
Comment #1

ekkkkkkkkk
blood?

commentinfo By: ei lay at May 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment