Professional Authors

အခု ငါချရေးထားတဲ့သွေးတွေဟာ ငါ့ညီလေး ဖတ်ဖို့

ငါ့ညီလေး . . .
စိတ်ကို ခန္ဓာကိုယ်ထဲ မချိမဆန့် ထိုးထည့်နေရသူ
ပွတ်သပ်ရုံနဲ့ ပျော့ပျောင်းမလာတဲ့ကျားရိုင်းတစ်ကောင်လို
ဒုက္ခဟာ မင်းဘ၀မှာ ဘယ်တော့မှ ဇက်သတ်လို့ မရဘူး

ကိုကြီး သိတယ်
မိဝေးဖဝေးအရပ်မှာ
မြို့ကြီးပြကြီးဆိုတာ ရုပ်ဖျက်ထားတဲ့ကန္တာရ
ကိုကြီး သိတယ်
တနယ်တကျေးဆိုတာ
ရေကြည်ရာ မြက်နုရာ မဟုတ်ရင်
လှိုင်းကြီးရာ လေထန်ရာ
လောကဓံဟာ မင်းရဲ့နံကြားကို
အမြဲတမ်း ဓားနဲ့ထောက်ထားတယ်

ငါတို့ဟာ
လူယောင်ဆောင်ထားတဲ့ပူဆွေးမှုအတုံးအခဲကြီးတွေ
ငါတို့ဟာ
သေဆုံးနေတဲ့သစ်ရွက်တွေလို
ကိုယ့်ငိုသံကိုယ် ဘာသာပြန်ခွင့် မရခဲ့ဘူး

တကယ်ကို နာကျည်းခံပြင်းစရာလောကကြီးပါကွာ
မိုးလာမယ်အထင်နဲ့ ထွန်ချမိတဲ့အရှုံးတွေသာ
ဘ၀ထဲ သံမှိုလို စူးနစ်နေတာပဲ ရှိတယ်

ခေတ်မှုထမ်းဘ၀ဟာ ကမ်းနားသစ်ပင်
မှတ်မှတ်ရရ အမှတ်ရစရာဆိုလို့
ဒဏ်ရာတွေသာ သုံးရာသီပတ်လုံး
ရင်လုံးကျွတ်ပွင့်…လို့
ငါ့ညီလေး…
မင်းအကြောင်းတွေးမိတိုင်း
ငါ့ရင်ထဲ မျက်ရည်တွေ တဖျစ်ဖျစ် လောင်တယ်
တောက်ခတ်သံတွေ မီးထတောက်တယ်

ဘ၀နဲ့လူ အက္ခရာမှားနေခဲ့တဲ့ငါ့ညီလေးခမျာ
မနက်ဖြန်တွေ လူလားမြောက်ဖို့
သက်တူရွယ်တူအမှန်တရားဟာ
မှားပြီးရင်း မှား…လို့
အခုချိန်ထိ
ဘလိတ်ဓားပေါ် ကန့်လန့်ဖြတ် ကူးခတ်နေရတုန်းပဲ

ကံကောင်းခြင်းတွေ
ကံမကောင်းအကြောင်းမလှတဲ့အခါ
ဘာတစ်မှ အဆင်မပြေတဲ့ဘ၀ကိုပဲ
မင်း စက်ဆုပ်ရွံရှာနေမှာလား
ချုပ်ရိုးအထပ်ထပ်ဒဏ်ရာဒဏ်ချက်တွေကိုပဲ
ပွတ်သပ်ဖြေသိမ့်နေမှာလား
မင်းဖြစ်ချင်တဲဘ၀ မင်းမပိုင်ဆိုင်ခဲ့သလို
မင်းပိုင်ဆိုင်တဲ့ဘ၀ဆိုတာလဲ
မြွေပါးကင်းပါး များလွန်းတယ်

ပဉ္စလက်ဆန်တဲ့မာယာကပွဲအလယ်
မျက်စိသူငယ်နားသူငယ်ငါ့ညီလေး
တစ်ခါတစ်ခါ ဓားနာတစ်လက်လို
မည်းမည်းမြင်ရာ ထိုးစိုက်ပစ်လိုက်ချင်ပြီလား
တစ်ခါတစ်ခါ ကျားနာတစ်ကောင်လို
မည်းမည်းမြင်ရာ ခုန်အုပ်ပစ်လိုက်ချင်ပြီလား

ငါ့ညီလေး…
မင်းကို ငါပြောလိုက်မယ်
ဘ၀ဆိုတာ မလွယ်ဘူး၊ လူတွေက ခက်တယ်

ကြိုးတန်းပေါ်လမ်းလျှောက်နေတဲ့လူအတွက်
ဟန်ချက်ထိန်းနိုင်ဖို့ လိုတယ်
အဲဒီတော့ မင်းအတွက် ဟန်ချက်ထိန်းနိုင်ဖို့ လိုတယ်
တိုက်ပွဲအလယ်ရောက်နေတဲ့စစ်သူရဲကောင်းတစ်ယောက်အတွက်
ရဲရင့်ပြတ်သားဖို့ လိုတယ်
အဲဒီတော့ မင်းအတွက် ရဲရင့်ပြတ်သားဖို့ လိုတယ်

ငါ့ညီလေး…
အပူပင်ကင်းတဲ့ချစ်ခြင်းတရားကို သိမ်းပိုက်ပါ
အာဃာတကင်းတဲ့အမုန်းတရားကို ခံယူပါ
ဝမ်းနည်းစရာရှိရင် ကြေကွဲပါ မျက်ရည်ဝဲပါ
မကျေနပ်တာရှိရင် ဒေါသဖြစ်ပါ ပေါက်ကွဲပါ
လူဆိုတာ မိုက်မိုက်မဲမဲ ရိုးသားခွင့်ရှိတယ်မဟုတ်လား
လူဆိုတာ ရက်ရက်စက်စက် ယဉ်ကျေးခွင့်ရှိတယ်မဟုတ်လား

တကယ်တော့ညီလေးရယ်…
အစကတည်းက သတ်ပုံမှားနေတဲ့သတ္တ၀ါဟာ လူပါ
လူဆိုတာ ဘယ်လောက်စစ်စစ် အမှုန်အမွှားမကင်းဘူး

မင်းအတောင်ပံတွေကို အသန်မာဆုံး သပြီး
လောကဓံအထပ်ထပ်ကို ထိုးခွဲပျံသန်းရဲရမယ်
မင်းအတ္တဟာ မီးပုံထဲ တဟုန်ထိုးခုန်ဆင်းပစ်ခဲ့တဲ့ဖီးနစ်ငှက်လို
သစ်လွင်မာကျောနေရမယ်
မင်းဘ၀ရဲ့သရဖူကို မင်းလက်နဲ့ပဲ သွန်းလုပ်နိုင်ရမယ်

ငါ့ညီလေး…
မင်းကို စောင့်နေကြတယ်
လူတွေ မင်းကို စောင့်နေကြတယ်
မင်းအောင်မြင်တဲ့အခါ လက်ခုပ်တီးဖို့၊ပွေ့ပိုက်ဖို့
မင်းကျရှုံးတဲ့အခါ ရယ်မောလှောင်ပြောင်ဖို့

ငါ့ညီလေး…
ကြယ်တွေ မိုးမွှန်အောင် ကြွေကျလာမယ့်လမ်းဟာ
မင်းရှေ့မှာ ဆန့်တန်းနေတယ်
မြားမိုးတွေ သည်းသည်းမဲမဲ ရွာကျလာမယ့်ကောင်းကင်ဟာလဲ
မင်းကို ချောင်းမြောင်းစောင့်ဆိုင်းနေတယ်

ကဲ…ငါ့ညီလေး
မင်းကို စောင့်နေကြတယ်
လူတွေ မင်းကို စောင့်နေကြတယ်

ငါ့ညီလေး…
ငါ့ရင်ကို ငါကိုယ်တိုင် ခွဲပြထားတယ်
ငါ့သွေးတွေ မင်းကြားပါစေ

                                            ကိုသျှား

In: ကဗျာ Posted By: Date: Dec 6, 2011
Comment #1

ကိုသျှားကဗျာက ကျွန်တော့်အတွက် အင်အား တစ်ခုဖြစ်စေပါတယ်….

Comment #2

ကောင်းတယ်ဗျ။ ကိုသျှား…အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 6, 2011
Comment #3

ငါ့ညီလေး…
မင်းကို စောင့်နေကြတယ်
လူတွေ မင်းကို စောင့်နေကြတယ်
မင်းအောင်မြင်တဲ့အခါ လက်ခုပ်တီးဖို့၊ပွေ့ပိုက်ဖို့
မင်းကျရှုံးတဲ့အခါ ရယ်မောလှောင်ပြောင်ဖို့

အစဉ်လေးစားလျက်ပါ…ဗျာ
နောက်ထပ်ရေးမယ့်ကဗျာတွေအတွက်လည်း
စောင့်နေပါတယ်….

commentinfo By: terry at Dec 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment