… မိကွန်ထော ဖတ်ဖို့ ကဗျာတစ်ပုဒ် …(အောင်ဝေး)
ငှက်… မြေကြီးကို ဘယ်သူဖွင့်ကြည့်ရဲသလဲ… ငှက်
ငှက်… ငါသည် အာလဖဖြစ်၍ ငါသည် ဩမေဂလည်း ဖြစ်သည်တဲ့… ငှက်
ငှက်… အိမ်မက်ထဲ၌ အသက်ရှင်သူ အိပ်မက်၌ပင် အသက်စွန့်၏… ငှက်
ငှက်… သားကောင်ရဲ့နောက်သို့ မုဆိုးသည် ထက်ကြပ်လိုက်သကဲ့သို့… ငှက်
ငှက်… သေခြင်းတရားသည် ရှင်ခြင်း၏ နောက်ပါးက လိုက်နေဆဲ… ငှက်
ငှက်… ကောင်းကင်က တဖြည်းဖြည်း နိမ့်နိမ့်လာပြီ… ငှက်
ငှက်… နွေဦး ကောက်ရိတ်ပွဲတော်က ရောက်မလာသေး … ငှက်
ငှက်… ဒီအချိန်မှာ ကျွန်တော် ကတာ ယဉ်ရဲ့လား မမေးနဲ့… ငှက်
ငှက်… ဓါးတို့ရဲ့အောက်က ကမ္ဘာမြေ သတိရပစေ… ငှက်
ငှက်… နှောင်ကြိုးမှအပ ဆုံးရှုံးစရာ အခြားဘာမှမရှိ… ငှက်
ငှက်… သည်လိုပုံနှင့် မိုးကြီးချုပ်လျှင်… ငှက်
ငှက်… ကျွန်ုပ် အိမ်ပြန်ရောက်မည် မဟုတ်ပါ… ငှက်
ငှက်… ကမ္ဘာကြီးက လက်တွန်းလှည်းကလေးတွန်းပြီး … ငှက်
ငှက်… ငရဲပြည်သွား တောလားက မဆုံးသေးဘူးလား … ငှက်
ငှက်… ဒွေး သေသွားပြီ… ငှက်
ငှက်… ဒွေး မသေသေးဘူး … ငှက်
ငှက်… နွားရိုင်းသွင်းချိန် လွန်သွားပြီ… ငှက်
ငှက်… ကမ္ဘာပေါ်၌ ငြိမ်သက်ခြင်းသည် ရှိပါစေသတည်း… ငှက်
ငှက်… မနက်ဖြန် အိုးထရက်ဖို့ဒ်မှာ တွေ့မယ်… ငှက်
ငှက်… ဓနိတန်းထိပ်က ကောင်မလေးလည်း လင်ရသွားပြီ… ငှက်
ငှက်… ဒေါနတောင်တန်းကြီးက မေးနေတယ်… ငှက်
ငှက်… သောင်ရင်းမြစ်ကို သွားငေးရဦးမယ်… ငှက်
ငှက်… ဒီနေ့ လိုနေတာက… ငှက်
ငှက်… ထရမ်းပက်တစ်ထောင် ပြိုင်တူမှုတ်ဖို့ပဲ… ငှက်
ငှက်… တစ်ပွင့်ကြွေရင် နှစ်ပွင့်ဝေမယ်… ငှက်
ငှက်… ကြွေခြင်းဆိုတာ ပွင့်ခြင်းပဲ… ငှက်
ငှက်… ဗဟုဝါဒဆိုတာ… ငှက်
ငှက်… ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာပါပဲ… ငှက်
ငှက်… လေနုအေးက တနွဲ့နွဲ့နော့နေဆဲ… ငှက်
ငှက်… အကောင်းကို ရှာ၏… ငှက်
ငှက်… အကောင်းကား မရှိ… ငှက်
ငှက်… တံတားအောက်မှာ မြစ်ရေတွေ စီးဆင်းသွားကြပြီ… ငှက်
ငှက်… အသက်တစ်ရာ မနေရပေမဲ့… ငှက်
ငှက်… အမှုတစ်ခုမှ မတွေ့ရင် အကောင်းဆုံး … ငှက်
ငှက်… ဒီအကြောင်းတွေကို… ငှက်
ငှက်… မိုးရွာထဲမှာ ထီးဆောင်းပြီးပြော… ငှက်
ငှက်… တင်ဇာဝင်းပြည့်လည်း ကလေးတစ်ယောက်ရပြီ… ငှက်
ငှက်… ပုသိမ်မှာ ကော်ရည်သွားသောက်ရအောင်… ငှက်
ငှက်… အစ်မ ခင်ပန်းနှင်းကလည်း ငိုငိုနေတယ်… ငှက်
ငှက်… ပိုင်သနဲ့ တွေ့သေးလား … ငှက်
ငှက်… ဆော့ခရတ္တိက မသေခင် အကြွေးဆပ်ခဲ့တယ်… ငှက်
ငှက်… သမိုင်းကြွေးကို ဘယ်လိုဆပ်မလဲ… ငှက်
ငှက်… ပျက်စီးတယ်ဆိုတာ ဖျက်ဆီးခံရလို့ပဲ… ငှက်
ငှက်… ရုပ်ရှင်ရိုက်မလား … ငှက်
ငှက်… တောင်ကိုရီးယား ဓါးစာခံတွေ အမြန်လွတ်ပါစေ… ငှက်
ငှက်… အီရတ်က ငြိမ်းချမ်ရေးမရဘဲ… ငှက်
ငှက်… အာရှဖလားရသွားတယ်… ငှက်
ငှက်… ငယ်ငယ်တုန်းကလည်း ဂန္ဒီကို ကြိုက်တယ်… ငှက်
ငှက်… ကြီးလာတော့လည်း ဂန္ဒီကို ကြိုက်ဆဲ… ငှက်
ငှက်… မွန်ရိုးကို သတိမရဘူးလား … ငှက်
ငှက်… သေနင်္ဂဗျူဟာ အနိုင်တိုက်ဖို့… ငှက်
ငှက်… တစ်ခါတစ်ရံ နည်းပရိယာယ်ရေး အရှုံးပေးရတယ်… ငှက်
ငှက်… ကြွက်နီကို ဘာမှာဦးမလဲ… ငှက်
ငှက်… အသက်ဉာဏ်စောင့်သတဲ့… ငှက်
ငှက်… ဘီယာနှစ်ခွက်လောက်ကတော့ ဘာမှ မဖြစ်ပါဘူး … ငှက်
ငှက်… တင်ဇာမော် ယောကျာ်းယူသွားပြီ… ငှက်
ငှက်… မန်ယူကို ဝယ်ရင်ကောင်းမလား… ငှက်
ငှက်… ဒေါ်မေကြည်ကတော့ စာကောင်းကောင်းမရေးလို့ … ငှက်
ငှက်… စိတ်ဆိုးတော့မှာပဲ… ငှက်
ငှက်… ဘယ်လိုမှ မအောက်မေ့နဲ့… ငှက်
ငှက်… မော်လမြိုင်မှာ ဆရာကြီး ဒေါက်တာလှဘေ ဆုံးရှာပြီ… ငှက်
ငှက်… ပါရီဟာ အမြဲတမ်း ပါရီပဲ… ငှက်
ငှက်… ဒုက္ခဟာ အမြဲတမ်း ဒုက္ခပဲ… ငှက်
ငှက်… ဆန္ဒရှိရင်… ငှက်
ငှက်… ကောင်းကင်ကို ငုံ့ကြည့်လိုက်… ငှက်
ငှက်… ကံကောင်းရင် မြင်ရလိမ့်မယ်… ငှက်
ငှက်…
ငှက်…
ငှက်…
Comment #2
အော်…….
                        By: တက်ခေတ် at Nov 20, 2012
                    Comment #3
မြို့ပြညများ အရင်အတိုင်းရှိစေဖို့ မှော်ဆရာအိမ်မက်တွေကို အတ္တပုံဆောင်ခဲတွေနဲ့ ထုဆစ်ရင်း စကားလုံးမဲ့တဲ့ကောင်းကင်တောင် ဝေးသွားတဲ့ခါ နာရည်ပေါ်မှမျက်ရည်စက်များနှင့်အတူ ကိုငှက်ကိုဂုဏ်ပြုဖို့
ကဗျာတစ်ပုဒ်မွေးထုတ်ပေးခဲ့တဲ့ ဆရာအောင်ဝေးနဲ့ ကိုဖြိုးကိုကျေးဇူး
                        By:ုကိုကို(၀ိဇ္ဇာပန်းခင်း) at Nov 20, 2012
                    Comment #4
ဆရာအောင်ဝေးကို ဒီနေရာကနေဦးညွတ်ပါတယ်
ဆရာ ငှက် ဆရာ သမီးလေး တော်ရှာတယ်ဗျာ….. သူ့ဆီက အရိပ်အငွေ့တွေ ကျွန်နော်အများကြီး  လောဘတကြီးမျှော်လင့်ထားတယ်
လေးစားစွာဖြင့်
                        By: နိုးဆက် at Apr 20, 2013
                    Comment #5
Great poem
shake  the sense
awake the strength
make such one..that i appreciate..
the unbreakale creativity..i admire most
With respects
                        By: နိုးဆက် at Apr 20, 2013
                    Comment #6
ဆရာ့ကို လွမ်းတယ်
                        By: သွဲ့သွဲ့ at Apr 20, 2013
                    



 
Comment #1
မိကွန်ထောလေး ကျန်းမာပါစေ ချမ်းသာပါစေ..ဘေးမသီ ရန်မခပါစေနဲ့..
မင့် အဖေက ဧရာဝတီပါ..