Professional Authors

ညီမလေး ဖတ်ဖို့ ရင်ခုန်သံ အမှတ်(၁)

ဒီစာကို တိုးတိုးလေးဖတ်ပါ ညီမလေးရေ…..။

သတိရခြင်းကို ရှူရှိုက်မိလိုက်ပြီးတဲ့နောက်မှာ
အမှတ်တရဆိုတဲ့ ဆူးက ရင်ထဲအထိအောင် စူးတဲ့အကြောင်းကို ငါသိရပြီ
ကိုယ့်စိတ်ကိုယ် ပြန်ပြီးတောမှောက် ပစ်လိုက်တယ်
အဲဒီ တခဏ
ရာသီစက်ဝန်းတွေရဲ့ ကြားမှာ
ငါ့ကိုယ်ငါတောင် ပြန်လည်ပတ်နိုင်စွမ်းမရှိနိုင်တော့ဘူး ညီမလေးရေ။

ပြောင်းလဲမသွားတဲ့ နိယာမတွေ ကြောင့်
ပြောင်လဲမသွားတဲ့ သံယောဇဉ်တွေ ဖြစ်တည်စေခဲ့
ရူးသွပ်နိုင်စွမ်းကိုပဲ အချိန်အဆမရှိစားသုံးခဲ့တယ်
ဒီမေ့ဖျောက်မရတဲ့ တောနက်ထဲကနေ ငါရုန်းထွက်ချင်လှပြီ ညီမလေးရေ
တကယ်တော့
ငါဟာ တောကြောက်တဲ့ ဝံပုလွေပါကွယ်။

သူရိယမျက်နှာမသစ်ခင် ကြိုပြီးနေဝင် ပစ်လိုက်တယ်
ညီမလေးရေ
နင့်အပြုံးမပါပဲ နဲ့တော့ ဒီတစ်သက် ငါမိုးမလင်းချင်သေးဘူးကွယ်
ကောင်းကင်ကိုဖျက် ကြယ်တွေကို ဝှက်
လမင်းလေးကို နင့်အတွက် ခူး ခဲ့တယ်
ငါ့ရဲ့ပေးဆပ်ခြင်းတွေကိုပန်ဆင်ပြီး
အဆုံးအထိ လင်းလက်လိုက်စမ်းပါ
ပျောက်ဆုံးသွားတဲ့ အိပ်မက်တွေ အတွက်တော့
မိုက်မဲခြင်းဆိုတဲ့ တွင်းနက်ကြီးကိုတူး
ငါ သဘာဝကျကျ ဆက်ပြီးရူးပါရစေကွယ်
ဆက်ပြီးရူးပါရစေ ညီမလေးရယ်။

ကျရှုံးမှုတွေပဲများနေတော့လည်း အောင်မြင်ခြင်းဆိုတာကို ကြောက်ရွံလာတယ်
ပျောက်ကွယ်သွား ခွင့်ကိုပဲ တရှိုက်မက်မက်မျှော်လင့်မိတယ်
ငါ မတောက်ပချင်တော့ပါဘူး ညီမလေးရေ
ဒါပေမယ့်
ငါ့အတွက်နောက်ဆုံးအလင်းကတော့ နင်ပဲဖြစ်လိမ့်မယ်။

တစ်ချိန်က ကျောင်းအိုကြီးရဲ့ဘေး
စိန်ပန်းပွင့်ကလေးတွေ လိုက်ကောက်ရင်း
နင်နဲ့လျောက်ခဲ့ဖူးတဲ့ လမ်းဟောင်းလေးကိုပြန်ရောက်မိတိုင်း နင့်ကို
သတိရနေပါသေးရဲ့
ငါတို့ရဲ့ တစ်ထပ်တည်းကျခဲ့ဖူးတဲ့ ခြေလှမ်းတွေလည်း
ယနေ့တိုင် လတ်ဆတ် နေပါသေးရဲ့
နှစ်ကိုယ်ကြား တီးတိုးစကားသံတွေလည်း
အခုတိုင် ပြန်ကြားနိုင်ပါသေးရဲ့
အချိန်ဆိုတဲ့ ယန္တရားဟာ
အရာရာကို အရှိန်ပြင်းပြင်းတိုက်စားသွားပေမယ့်
ငါ့အသိစိတ်ကို တိုက်စားမသွားနိုင်ခဲ့ဘူး ညီမလေးရေ
ငါ့အတွက် အရာရာဟာ
ပစ္စုပ္ပန်အထိလိုက်ပြီး လတ်ဆတ်နေတာ ခက်တယ်ကွယ်။

ရင်နဲ့ရင်းပြီး သိခဲ့ရတာက တပ်မက်ခြင်းဆိုတာ ဆူးပါပဲတဲ့
ငါ တစ်ဘဝစာ စူးသွားတာ သေချာတယ်ကွယ်
အသိတရားနဲ့ ယှဉ်
ဟိုးးးး တစ်ချိန် ငါတို့ ကတိထားခဲ့စဉ်ကစကားတွေကို
ပြန်ပြီး သတိရလိုက်စမ်းပါ ညီမလေးရေ
မမေ့ကြေး မဖျက်ကြေးဆိုတဲ့ သစ္စာတရားတွေလည်း
မိုးကုတ်စက်ဝိုင်း အောက်မှာပဲ ပျောက်ကွယ်သွားခဲ့ရတာ
ထားလိုက်ပါတော့ ညီမလေးရေ
ထားလိုက်ပါတော့
ငါ ဆိုတာ နင့်အတွက်တော့ အမှုန်အမွှားလေး တစ်ခုရယ်ပါကွယ်။

မှတ်မိပါသေးရဲ့ တစ်ချိန်က ငါတို့သွားနေကျ စေတီလေးရဲ့ အင်္ဂါထောင့်က
အတူတူ ဆုတောင်းခဲ့ဖူးတဲ့စကားသံတွေကို
ငါ့အတွက်နင် ဆုတောင်း နင့်အတွက် ငါဆုတောင်း
ငါတို့နှစ်ယောက် ပေါင်းစည်းနိုင်ဖို့ ဆုတောင်းစကားတွေလည်း
ယနေ့တိုင် ပဲ့တင်နေတုန်းပဲ ညီမလေးရေ
ငါမပြောင်းလဲနိုင်ခဲ့ပါဘူးကွယ်
နင့်ရဲ့မွေးနေ့တိုင်း ငါရောက်ဖြစ်ပါသေးတယ်
ငါ့ရဲ့ အင်္ဂါသမီးလေး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။

တစ်ထောင့်တစ်ည မက မက်ခဲ့တဲ့အိပ်မက်တွေကိုလည်း အားနာလှပြီ ညီမလေးရေ
ပိတ်ကား မလိုပဲ ပုံရိပ်တွေ ထင်နေတာ ခက်တယ်ကွယ်
နင့်ကို စိတ်ထဲမှာမှတ်ပြီး လက်ပေါင်း ၁၅၀၀ ထောင်လိုက်တယ်
ဒီကဗျာရေးတဲ့နေ့ဟာ ငါ့ရဲ့ (၁၁၈၆) ရက်မြောက်လွမ်းဆွတ်ခြင်းပါပဲ
တစ်ထောင့်တစ်ည အလွန်ပုံပြင်တွေနဲ့ ကြိတ်မှိတ်ပျော် ခဲ့ရတယ်
ယုံတမ်းစကား လှလှလေးတွေသုံးပြီး
ငါ့ကိုနောက်ဆုံးအကြိမ်ဖြစ်ဖြစ် ထပ်လိမ်စမ်းပါဦး
ငါ့ကို သိပ်ချစ်တယ်လို့
“ကိုကြီးကို သိပ်ချစ်တယ်” လို့လေ
ငါနင့်ကို သိပ်ချစ်တဲ့အကြောင်းကို
ဒိုင်ယာယီ စာအုပ်လေးထဲက မျက်ရည်တွေက အသိဆုံးပါ ညီမလေးရယ်။

မျှော်လင့်ချက်တွေမီးပုံရှို့ ပြီး
ငါ့အထီးကျန်ရူးသွပ်ခြင်းတွေကို အငွေ့ပြန်ပစ်လိုက်ချင်တယ်
တိမ်တွေငိုခဲ့ဖူးတဲ့ တနင်္ဂနွေ စာမျက်နှာလေးတစ်ခုမှာ
မိုးရေစက်တွေစိုနေတဲ့ နင့်ခန္ဓာကို
ငါ့ရင်ငွေ့တွေနဲ့နွေးစေခဲ့ဖူးတယ်မဟုတ်လား
သတိရလိုက်တာ ညီမလေးရေ
နင့်ရဲ့ ကိုယ်သင်းရနဲ့လေးတွေက
ယနေ့တိုင် ရင်ထဲအထိ မွှေးတယ်ကွယ်။

နောက်ဆုံးတော့ ငါ့ရင်ဘတ်လည်း
မှင်နီတွေများတဲ့ ကျောင်းစာအုပ်လိုပါပဲ
ကြတ်ခြေခတ်တွေက နေရာယူသွားကြတယ် ညီမလေး
ဒီတော့ နှစ်ပတ်လည် ရောက်တိုင်း
ကဗျာစွာရွက်လေးထဲပဲ မျက်ရည်တွေသွန်ပစ်ခဲ့ရတယ်
ငါ့ရဲ့ မှိုင်းတက်နေတဲ့ မျော်လင့်ချက်တွေလည်း
ဒီထက်ပိုပြီး ဖုန်တက်စရာမရှိတော့ပါဘူး
ခွင့်လွှတ်ပါ နတ်သမီးရယ်
ကျန်ရှိနေသေးတဲ့ ငါ့ရဲ့ ရင်ခုန်သံ အမှတ်(၂) အတွက်
နင့်ရဲ့ အမုန်းမာနလေး ပြန်မနိုးစေဖို့
ဒီစာကို တိုးတိုးလေး ဖတ်ပါကွယ်
ဒီစာကို တိုးတိုးလေးဖတ်ပါ ညီမလေးရယ်။။

ဇော်သက်ဦး
12:30PM
(14.6.2013)။

In: ကဗျာ Posted By: Date: Jun 15, 2013
Comment #1

သူရိယမျက်နှာမသစ်ခင် ကြိုပြီးနေဝင် ပစ်လိုက်တယ်
ညီမလေးရေ
နင့်အပြုံးမပါပဲ နဲ့တော့ ဒီတစ်သက် ငါမိုးမလင်းချင်သေးဘူးကွယ်
ကောင်းကင်ကိုဖျက် ကြယ်တွေကို ဝှက်
လမင်းလေးကို နင့်အတွက် ခူး ခဲ့တယ်
ငါ့ရဲ့ပေးဆပ်ခြင်းတွေကိုပန်ဆင်ပြီး
အဆုံးအထိ လင်းလက်လိုက်စမ်းပါ
ပျောက်ဆုံးသွားတဲ့ အိပ်မက်တွေ အတွက်တော့
မိုက်မဲခြင်းဆိုတဲ့ တွင်းနက်ကြီးကိုတူး
ငါ သဘာဝကျကျ ဆက်ပြီးရူးပါရစေကွယ်

ကောင်းလိုက်တဲ့စာသားတွေဗျာ……..

commentinfo By: 13th at Jun 16, 2013
Comment #2

ဝါဂွမ်းတစ်ရာ ထက် နူးညံ့တဲ့စကားလုံးတွေ ကျနော်လည်း တိုးတိုးလေးရွတ်ကြည့်မိပါတယ်…။

commentinfo By: ZzzZ at Jun 16, 2013
Comment #3

ကျွန်တော်ကြိုက်တယ် ဗျာ… ခိုက်တယ် heart ထိသွားတယ်

commentinfo By: အသဲကွဲ မိုး at Jun 16, 2013
Comment #4

ခံစားအားပေးကြတဲ့ ကို နိုးဆက် ကို ZzzZ နဲ့ မမိုးတို့အားလုံး ကျေးဇူးတင်ပါတယ်ဗျာာာ။
အားဆေး သုံးစက် သောက်သုံး ပြီးပါပြီ။

commentinfo By: ဇော်သက်ဦး at Jun 16, 2013
Comment #5

တကယ်ကို ကောင်းတယ် စားသားတိုင်းရင်ကို ထိမှန်းကြောင်း

commentinfo By: poem.poem28 at Jun 16, 2013
Comment #6

ညီလေး ရဲမင်း ကျေးဇူးးပါကွာာာ။ 😛

commentinfo By: ဇော်သက်ဦး at Jun 16, 2013
Comment #7

အကို့ကဗျာတွေကို အရမ်းကြိုက်တယ်။ အမြဲတမ်းအားပေးနေ မှာပါ

commentinfo By: waiyan at Aug 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment