Professional Authors

အညိုရောင် သန်းခဲ့သော မိုးတိမ်များ အကြောင်း

ဟိုးအရင်က လို့အစချီ
ကောင်မလေးတစ်ယောက်လည်း ပါလိမ့်မယ်
သူရယ်
ကျွန်တော်ရယ်
အက်ကြောင်းလိုက်နေတဲ့ အနာဂတ်တစ်ခုရယ်. . . . . . .

ရွှေအိုရောင် မျှော်လင့်ချက်တွေ လည်း
ငါတို့ စိတ် နဲ့တင်လှပနေခဲ့တာ
လက်တွေ့ဖန်တီးကြဖို့
အဲ့နေ့က မိုးသည်းခဲ့ပေမယ့်လည်း
ကတိ စကားတွေဟာ သွေ့ခြောက် ခဲ့လေသလားကွယ် . . . . . . .

တကယ်ပါ နယူတန်ရဲ့ ပန်းသီးမဟုတ်တဲ့ ပန်းသီးတစ်လုံးကို
တစ်ဖက်တစ်ချက်စီ ကိုက်ခဲ့တုန်းက
ငါတို့ လက်တွေ လည်း တွဲထားတုန်းပါ
ဘ၀ အကြောင်း ပြောခဲ့သလိုပါပဲ
ငါတို့စကားတွေ ထဲ အနာဂတ်ရဲ့ မျိုးဆက်တွေလည်းပါအောင်
သြော် . . . .
အတိုင်းအတာထက်ကျော်လွန်
ငါဟာ ရူးတာထက်ပိုခဲ့တယ် . . . . . . . ။

အခုတော့
ဒါဟာမှားယွင်းသွားတယ်
ကံကြမ္မာက ဆရာမတစ်ယောက်လို
မှင်နီ နဲ့ကြက်ခြေ ခတ်
နင့် အနားမှာနေခဲ့စဉ်
မာန တွေ ရိုက်ချိုးခံရတာထက်
ဒါဟာ ငါ့ရင်ကို ထက်ပိုင်းကျိုးစေတယ် . . . . . . . ။

အခုတော့ တစ်ခေါက်ပြန်ရောက်လာမယ့် ငါတို့ရာသီဟာ
စစ်ချီသီချင်းတစ်ပုဒ် သီဆိုလို့
မိုးတွေ လည်း အငြိုးကြီးကြတော့မယ်
နင် ငါ့အနားမှာ မရှိတော့ပေမယ့်
နင်ပြောတတ်တဲ့ နတ်ဆိုးတစ်ကောင်က ဟိန်းဟောက်မှာ ကို
နင် တစ်စုံတစ်ယောက်ရဲ့ ရင်ခွင်က ကြားနိုင်လိမ့်မယ် . . . . . . . ။

အားလုံးပြီးဆုံးသွားပေမယ့်
နင်နဲ့ငါ့ကြားက မိုးရာသီတစ်ခုကို
နင်ပြန်လည် သတိရဦးမှာလား . . . .

နယူတန်ဟာ အရူးလို့ပြောခဲ့တဲ့ နင်
စိတ်ဆွဲအား အကြောင်း
တစ်စုံတစ်ယောက်ကို ပြောပြနေဦးမှာလား . . . .

ဘာမှ မရှိခဲ့ပါဘူး ……. ရယ်
နင်ငါ့ရင်ထဲက ထွက်ခွာသွားပြီးတဲ့နောက်
ခြေရာတွေ တောင် မကျန်ခဲ့ဘူး . . . .

နောက်ပြီး
နင် ငါ့ကို မချစ်ခဲ့ပါဘူး . . . .
ဟုတ်တယ်
နင် ငါ့ကို လုံးဝမချစ်ခဲ့ဘူး . . . . ။

In: ကဗျာ Posted By: Date: May 13, 2010
Comment #1

ကဗျာ ရဲ့အသုံးအနှုန်းလေးတွေ ကောင်းတယ်။
နောက်လည်းရေးဦး ပေါ့ဗျာ။ ဒီ လိုကောင်းကောင်းလေးတွေ။လေးလည်းလေးစားပါတယ်ဗျာ။တကယ်ပါ။

commentinfo By: Reinminn at May 13, 2010
Comment #2

တကယ်ကောင်းတယ်ဗျာ… :clap

commentinfo By: Nyar Lat Taw at May 13, 2010
Comment #3

ကို ရိန်မင်း နဲ့ ကို ညာလက်တော် တို့ အခုလို ကျွန်တော့် ကို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် . . . . ။
ကျွန်တော့် ကို ဝေဖန်ပါ အကြံပေးပါ . . . . ။ ကျွန်တော် ရေးတဲ့ တစ်ချို့ ကဗျာတွေက တော်တော် ညံ့ဖျင်းတာတွေ ပါ ပါ လိမ့်မယ် . . . . ၊ အမှားတွေကို ထောက်ပြပါ ။ ကျွန်တော် ဆက်လက်ကြိုးစားနေပါဦးမယ် . . . . ။

commentinfo By: fridayofpoem at May 16, 2010
Comment #4

နောက်ပြီး
နင် ငါ့ကို မချစ်ခဲ့ပါဘူး . . . .
ဟုတ်တယ်
နင် ငါ့ကို လုံးဝမချစ်ခဲ့ဘူး . . . . ။

ကဗျာတပုဒ်စာသားတွေအားလုံးပါ အရမ်းကောင်းပါတယ်

commentinfo By: Snow Pan Lay at Jul 1, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment