Professional Authors

မိုးတိမ်များနဲ့ စကားပြောခြင်း

မိုးတိမ်များနဲ့ စကားပြောခြင်း

 

မိုးတိမ်တစ်ချို့က မပြိုသေးပေမယ့် တိမ်တစ်ချို့က ညိုနေတာဟာ

သူတို့ မငိုခင် ပြုံးပြနေတာ ဖြစ်မယ်…. စောင့်ကြည့်ပါ မေမေ….

တစ်ချို့မိုးတွေက မသည်းပေမယ့် တစ်ဖွဲဖွဲနဲ့ အချိန်တွေ ကြာတတ်တယ်။

 

အနိုင်အရှုံး အလျော်အစားများတဲ့ နေရာဟာ ကစားပွဲတစ်ခုဆိုရင်

ဘ၀ဆိုတဲ့ ကစားပွဲမှာ ထပ်ထားတဲ့ လောင်းကြေးဟာ

စိတ်ဓါတ်အပိုင်းအစတစ်ချို့နဲ့ မျှော်လင့်ချက် အငွေ့မျှင်လေးပဲ ဖြစ်မယ်… မေမေ….။

 

တစ်ခါ တစ်ခါ ကစားပွဲတွေက အချိန်ပိုတွေ သိပ်များလွန်းတယ်မေမေရဲ့

မိုးတွေလိုပေါ့…. ပြိုမယောင် ငိုမယောင်နဲ့ ဟန်ရိပ်တွေဆင်နေတာက

ကစားပွဲကို ကြည့်သူရော ပြိုင်သူတွေပါ ရင်မောရလွန်းတယ်….။

 

ပွဲကြည့်သူတွေကတော့ အဖြေတစ်ခုရတဲ့အခါ ၀မ်းသာဝမ်းနည်းတခဏပေါ့ မေမေရယ်

ကစားကွင်းထဲကလူကတော့ စိတ်ဓါတ်တွေကို မယိုဖိတ်အောင် ကြိုထိန်းထားရမယ်

တဒင်္ဂအဖြေလေးနောက်မှာ တစ်ဘ၀လုံး ပြိုလဲမသွားဖို့ လိုတယ်မဟုတ်လား

ကစားပွဲတစ်ခုဆိုတာ အပြုံးပန်းတွေနဲ့ မျက်ရည်တွေက တပြိုင်နက် ဖူးပွင့်လာတတ်တဲ့နေရာပါ

ရှေ့မှာ ညိုနေတဲ့မိုးတွေက ငိုမှာလား ပြိုမှာလားမသိဖူး….မေမေရယ်…

ဟန်ရိပ်တွေဆင်ရင်း လေနှင်ရင် ကွယ်ပျောက်သွားမှာလည်း ဖြစ်နိုင်တယ်..။

 

ဘ၀မှာ ကစားပွဲတစ်ခုထဲကို ခဏခဏ ရောက်ရောက်သွားတိုင်း

မိုးတိမ်တွေနဲ့ စကားပြောနေမိတယ် မေမေရယ်

တစ်ချို့မိုးတွေက ပြိုမှာလား ငိုမှာလား မသိသလို

တစ်ချို့ပွဲတွေက အပိုင်နိုင်မှာလား အပျော်ချိုင်တာလားမှ မသိတာကွယ်။

 

(စကားချပ်…..။

ကံ၊ ဥာဏ်၊ ၀ီရိယ တဲ့… ။ တစ်ချို့နေရာတွေမှာ ကံ ရဲ့ လိုအပ်မှုဟာ ရာခိုင်နှုန်းတော်တော်များများ လိုအပ်လာတဲ့အခါမှာ ကျွန်တော်တို့တွေ စိတ်ဓါတ်တွေကို လိုတာထက် ပိုပြီး အရောင်းမြင့်တင်ထားဖို့လိုနေတတ်တယ်….။ စီးပွားရေး ဈေးကွက်မှာ စိတ်ဓါတ်တွေကို အရောင်းမြင့်တင်လိုက်တဲ့အခါ ဘာတွေများ ဆက်ဖြစ်လာမှာလဲလို့ တွေးမိတော့ အဖြေက မထွက်လာခဲ့ဖူး…။ ဖြစ်နိုင်တာက အဲ့ဒီအချိန်မှာ ဒီလို စကားလုံးတွေက စိတ်ကို ချော့မြူလာတတ်တယ် ထင်တယ်….။ ဒီတစ်နှစ် world cup လည်း ပြီးတော့မယ်….။ ဒီတစ်နှစ်လောက် world cup ကို ကင်းကွာတာလည်း ဒီတစ်နှစ်ပဲ ဖြစ်မယ်…။ world cup တွေကတော့ လေးနှစ်တစ်ခါ လာ လာ နေဦးမှာပဲ…။ ဗိုလ်စွဲတဲ့ အသင်းတွေရဲ့ အမည်နာမတွေအပေါ်မှာလည်း ရင်ခုန်သံတွေ အမျိုးမျိုးနဲ့ ချိုမြရဦးမှာပါပဲ….။  ဘ၀မှာ ရောက်ရောက်လာတတ်တဲ့ ကစားပွဲတွေကတော့ world cup တွေလို နရီမမှန်လှဖူး ထင်တယ်…။ ဘယ်အချိန်မှာ ရောက် ရောက်လာတတ်မယ်ဆိုတာ မသေချာသလို အချိန် ဘယ်လောက်ကြာမယ်၊ ဘာတွေ ရင်းနှီးပြီး ဘာတွေ ပြင်ဆင်ထားရမယ်ဆိုတာတွေလည်း မသေချာဖူးလေ…။ မိုးတိမ်များနဲ့ စကားပြောမိတဲ့တစ်ခဏတော့ ကစားပွဲတစ်ခုရဲ့ အမောအပန်းတွေ တဒင်္ဂ ကွယ်ဖျောက်မိပါရဲ့….)

In: ကဗျာ Posted By: Date: Jul 8, 2010
Comment #1

ဂျွန်မိုးအိမ် … လေးစားတယ်ဗျာ … 🙂

commentinfo By: chityellusoelay at Aug 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment