Professional Authors

ငါ့ မန္တလေးကို မန္တလေးလို့ ပီပီသသခေါ်တတ်လာမယ့် သက္ကရာဇ်ကို လွမ်းတယ်

 

              ငါ့ မန္တလေးကို မန္တလေးလို့ ပီပီသသခေါ်တတ်လာမယ့် သက္ကရာဇ်ကို လွမ်းတယ်

 

ဒွိဟ သုံးပုံတစ်ပုံ သက္ကရာဇ်မျက်နှာစာပေါ် အမည်တစ်လုံးစစ်စစ်နဲ့ ငါ့ … မန္တလေး

သာသနာပြုမင်းကြီးရဲ့ မင်းကျင့်တရားဆယ်ပါး ညီညီညွတ်ညွတ်တည်ဆောက် ငါ့ … မန္တလေး

ကျွန်တော် … ကျွန်တော် … အမြဲမပြတ် ယဉ်ကျေး ငါ့ … မန္တလေး

အသားလွှတ်ညိုသူ ဘယ်ခရီးစထွက် ရာဇ၀င်စစ်တမ်းရဲ့အမေး  အိပ်မက်ဝန်းကျင် ငါ့ … မန္တလေး

 

တစ်နေ့တာ အတ္ထုပတ္တိ နောင်ရေးတွေ ထုဆစ် ဒီရေမြင့်တက်ရာ ငါ့ … မန္တလေး

စိတ်လက်မအီမသာ အပိုင်းအစ ရာစုအဆက်ဆက် မူဝါဒ အနိမ့်အမြင့်

 

ဖဲ့စားခံကောက်ကြောင်း လှည့်စားခြင်း အတက်အဆင်း သဘာဝမြစ်ကမ်းခြေရဲ့ ကြေကွဲသံ

ငါ့ … မန္တလေးရဲ့ ပတ်ကုန်းဝန်းကျင် မြောက်စူးစူး ၀င်္ကပါ

နှလုံးသား မည်းမှောင် လု … တွေဖြစ်လိုက် …. လူးတွေဖြစ်လိုက်

ငါ့ … မန္တလေးရဲ့ အရေခွံကို လုခြုံမယ့် အသားအရေ ဖြူလိုက်မည်းလိုက် အူသံတည့်တည့်

 

နှင်း … နှင်း

နှင်းမကျရစ်တာ လုံးဝကြာခဲ့ပြီ ဆိုတဲ့စကား

ကျုံးတစ်ပတ်ရဲ့ တောင်ပြင်မှာ ည … အ၀င် … အထွက် ကန့်သတ်ရှုခင်း

သံသယအဆင့်ဆင့် လမ်းဆုံရဲ့မြင်ကွင်း နှင်း … နှင်း … နှင်း မကျတာ လုံးဝ လုံးဝ အလွန်

 

ကောင်းကင်ပြာပြာအောက်က ကျုံးရေပြင်ရဲ့ အိပ်မက်အဟောင်း

“ ကျုံးဆွေးအို၏ ငိုညည်းသံ ညတစ်ည ’’ ကဗျာတစ်ပုဒ်ကို ၁၉၆၁ခုနှစ်က ဓလေ့မြင်ကွင်း

 

မနေ့ကပဲ ငါ့ .. မန္တလေးရဲ့ ရှုခင်းမှတ်မိအောင် ကျုံးတစ်ပတ် … ပတ်

မနက်ဖြန်တွေ နောက်ကျကျန်ရစ် နောက်ဘ၀တွေ စောမယ်ဆိုတာ  ကျုံးရေပြင်ထဲက လှမ်းပြောသံ

မနက်ဖြန်တွေ တကယ်ရှိရဲ့လားဆိုတာ သံသယတွေထဲက အမော

 

ငါ့ … မန္တလေး ရဲ့ရင်ဘတ်ထဲ ဓာတ်ရှင်ကို ရုပ်ရှင်လို့ဘယ်တော့မှ ခေါ်မှာမဟုတ်

ဓာတ်ရှင်ထဲမှာ လောဘ ဒေါသ မောဟ မာန်မာန အတ္တ ဗျာပါဒ အထပ်ထပ်ရောပြွမ်း

 

ငါ့ … မန္တလေးအသည်းစိုင်ထဲမှာ မန္တလေးမဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး ရှိသရွေ့

ဓာတ်ရှင်ကို ဓာတ်ရှင်လို့ပဲ ခေါ်မယ့် ငါ့ … မန္တလေးထဲက … မန္တလေး

 

မြင်ကွင်းမှုန်မှုန် လဟယပြင် Sodium Light တန်းစီမှုတွေကြား

ယှဉ်ပြိုင်မှုအလေးသာ မသာ ကြော်ငြာဆိုင်းဘုတ်တွေကြား အလယ်မျဉ်းဖြူတန်းထဲရပ်မိ ပုံရိပ်တစ်ခု

ငါ့ … မန္တလေးဟာ ရာစုသစ် သတို့သားတွေထဲ သတို့သားအဖြစ် တန်းဝင်ရေး

အရာရာကို မျက်နှာချိုသွေးမယ့် ကောက်ကြောင်းတွေကို ခေတ်သစ်စုတ်တံကြမ်းကြမ်းနဲ့

ကင်းဘတ်ပေါ်က မျက်ရည်စက်လက်တွေကို ငါ့ … မန္တလေး က … မန္တလေးလို့

အမည်သစ်တစ်ခု ပေးလိုက်တယ်။

 

 

ကလင့်(မန္တလေး)

အဇ္ဈတ္တအယ်လဘမ် ကဗျာစာအုပ်ပေါင်းချုပ်မှထုတ်နုတ်သည်

 

 

In: ကဗျာ Posted By: Date: Sep 1, 2011
Comment #1

လေယာဉ်မစီး ၊ကားမစီးရပဲရောက်သွားသလိုခံစားရတယ်……

commentinfo By: May Kha at Sep 1, 2011
Comment #2

မန္တလေး…………
အလွမ်းတွေကို မြိုထားတဲ့မြို့။
အားမာန်တွေ သွန်ချပြတဲ့မြို့။
နေပူခြင်ကိုက် ဖုံထူလို့အိုက်တဲ့မြို့။
ဒါပေမယ့် ကျနော်ကတော့ မန်းလေးကိုဘဲခင်တွယ်လို့ချစ်တယ်။
ချစ်ဆို ကျနော်က မန်းလေးသားလေဗျာ။

ကြီုဆိုပါတယ် ကလင့်ဆိုတဲ့
မန်းလေးသားလေးရေ

Leave Comments

Name*

Email*
Website
Email me whenever there is new comment