Professional Authors

အမှတ်တမဲ့နေ့များ (ပိုင်စိုးဝေ)

တစ်စုံတစ်ခုသောနေ့များစွာက
သဲထူတဲ့မြေလမ်းမပေါ်
ငါနင်းလျှောက်ခဲ့တဲ့ခြေရာတွေ
အခုရှိနေဥိးမလား။

အဲဒီတုန်းက
ငှက်တချို့တေးသီ
ယာခင်းထဲက ပြောင်းပင်တွေကို ကိုက်ဖြတ်လို့။
လေဟာ လွင့်ပါး
ဟိုသည်ပြေးလွှား။
ထန်းပင်မြင့်မြင့်ကြီးတွေပေါ်က
ရွက်ယောင်းခြောက်တွေ တရှဲရှဲမြည်လို့။
ဒါဟာ သူတို့အလုပ်ပဲတဲ့လေ။

ကလေးဘဝနဲ့လူကြီးဘဝဆိုတာ
အဝေးကြိးလား ဖေဖေ
အဲသလို ငါမေးပြီးတော့
လေလိုပဲ လွင့်ပါး
လေလိုပဲ ဟိုသည်ပြေးလွှား
စိမ်းညို့တဲ့ တောတန်းတွေပေါ်ရှပ်တိုက်
ကျယ်ပြန့်တဲ့ လယ်ကွင်းပြင်တွေပေါ်ပျံဝဲ
သစ်ပင်တွေရဲ့ထိပ်ဖျားမှ
မြင့်မားတဲ့ မိုးကောင်းကင်ဆီ။

ဒီလိုပဲ
ဆော့ကစားနေတဲလေဟာ
စိမ်းစိုတဲ့လယ်ကွင်းတွေပေါ်ဖြတ်
ဖြူရော်ရော်နေ့တွေက
လေးပင်တဲ့ငါ့ကိုယ်ပေါ်ဖြတ်။

ကလေးဘဝနဲ့ လူကြီးဘဝဆိုတာ
ဟောဟိုမှာ ဆက်စပ်နေတဲ့
လယ်ကွင်းပြင်နဲ့ တောအုပ်လိုပါပဲ
လူကလေးရယ် …
အဲဒီလိုငါဖြေတော့
လူကလေး
လယ်ကွင်းထဲ ပြေးဆော့သွား
သူ့ကိုယ်ပေါ်
ဖြူရော်ရော်နေ့တွေက ဖြတ်
ငါလျှောက်ခဲ့တဲ့ သဲထူထူ မြေလမ်းပေါ်
လူကလေး ဖြတ်သွားနေပေါ့။

သူ့နေ့တွေမှာ
ငှက်တချို့ တေးသီနိုင်ပါ့မလား။ ။

ပိုင်စိုးဝေ
ပေဖူးလွှာမဂ္ဂဇင်း
ဧပြီ။ ၁၉၉၁

Leave Comments

Name*

Email*
Website
Email me whenever there is new comment