Professional Authors

ပန်းကလေးတပွင့် ဆင့်ကဲဖြစ်စဉ် (စိုင်းဝင်းမြင့်)

ဝင်တိုက်မိသလို ဖြစ်သွားလား
ခွင့်လွှတ်ပါဗျာ
မိုးမမြင် လေမမြင် ကျနော်ဖြစ်နေလို့ပါ
အူမြူးပြီး လှေကားထစ်တွေ ကျော်ကျော်နင်းနေလို့ပါ
တွေ့သမျှကိုလည်း ပြုံးပြမိပါတယ်
ထိစမ်းမိသမျှကလည်း သိမ်မွေ့လွန်းလှပါတယ်
စကားတွေလည်း အထစ်ထစ် အငေါ့ငေါ့
ဒီတခါ ချည်တဲ့ကြိုးက တော်တော့်ကို ခိုင်ပါတယ်
စကြာဝဠာ တခုလုံးရဲ့ အားပါပဲ
အိပ်ရာဘေးငဲ့ကြည့်တော့
အိပ်ပျော်နေတဲ့ သမီးလေးဟာ
ချစ်စဖွယ် ငြိမ်သက်လို့
ဝင်သက်ထွက်သက်ဟာ ကျနော့်ကို ထိတွေ့လို့
ကျနော့်ကို အဖမ်းစားနိုင်ဆုံး အရာ ဖြစ်ခဲ့တယ်
ကျနော်ညညထထစမ်းနေရတာ
ကျနော် ညည ထထကြည့်နေရတာ
ခြေနှစ်ဖက် လက်နှစ်ဖက်တိုင်ပင်နေတယ်
ခြေနဲ့ လက်နဲ့ တိုင်ပင်နေတယ်
အသားလုပ်နေတယ်
စကားကျင့်နေတယ်
လက်ထဲရောက်တာ ပါးစပ်ထဲ ကောက်ထည့်တဲ့အရွယ်
သမီးလေး တနေ့ တမျိုးတတ်တယ်
အခုလည်း ဘာလုပ်လာပြန်ပြီလဲ
အခုလည်း ဘာတတ်နေပြန်ပြီလဲ
ဝူးဝူးဝါးဝါး စကားတွေပြောလို့
နို့သက်ကို နိုင်အောင်စို့လို့
တရက်ချင်း ရေတွက်နေမိတယ်
လက်တ၀ါး မပြည့်သေးလို့ ကြည့်နေတာ
(သူ့အမေက ပြောတယ်)
အတွင်းကတိုးဝင်နေတာ
ကျနော့်ကို လှမ်းကန်လိုက်တာ
ရယ်စရာပြောမိသေးတယ်
ချီပုံချီနည်း ပွေ့ပုံပွေ့နည်း
ကျနော်လည်း ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ
ကျီးကန်း ဘဲဥချိလာသလို ဖြစ်နေပါပြီနော်
ဒီလောက်သေးသေးလေး လက်တဆုပ်စာလေး
ကျနော် စိတ်ရှည်မိတာ အံ့သြမိတယ်
မွေးခန်းထဲရောက်နေပြီ၊ မွေးလမ်းထဲရောက်နေပြီ ဆိုတာ
သိပ်ကဗျာဆန်တာပဲ။ ။

စိုင်းဝင်းမြင့်
ကြယ်ကမ္ဘာရောင်းဝယ်ရေး ကဗျာစာအုပ်

Credit:: ခေတ်ကျန်ကဗျာများ

Comment #1

အရမ်းကြိုက်တယ် ။

commentinfo By: ထူးဝေ at Mar 4, 2011
Comment #2

ကောင်းတယ်နှစ်သက်တယ်

commentinfo By: ချစ်မိုးဦး at Dec 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment