Professional Authors

မျှော်လင့်ခြင်း အချစ်

 
မျှော်လင့်ခြင်းအချစ်
အပိုင်း (၁)
အပြင်မှာ မိုးစက်လေးတွေ မြိုင်ဆိုင်စွာရွာနေသည် ။ လေပြင်းနှင့်အတူ
သစ်ရွက်စိမ်းများပေါ်သို့ ရေသီးရေပေါက်လေးများစွာ အလုအယက် အပြိုင်အဆိုင်ခုန်ချနေကြသည် ။
ရန်ကုန်မြို့၏ စိတ်ငြိမ်ရပ်ကွက် တစ်နည်း သူဌေးတွေသာနေသည့်ရပ်ကွက်ထဲ တွင် ခမ်းနားဝင့်ကြွားစွာ နန်းတော် တစ်ခုအလား ကြီးမားသော အိမ်ကြီးထဲတွင်မူ ပြာယာခတ်နေကြသည် ။
အိမ်ကြီးမှာမှု မြန်မာပြည်ရဲ့ထိပ်တန်းစားရင်းဝင် သူဌေးကြီး ဦးရန်နိုင်မင်း၏ အိမ်ဖြစ်သည် ။
အနီရောင်ရဲတောက်နေသော လိုက်ကာခန်းဆီးများ …. အိပ်လိုက်လျှင် အိဝင်သွားသော မွေ့ယာထက်တွင် နှင်းဆီပွင့်ဖက်ပုံစံ အိပ်ယာခင်းက ခင်းကျင်းထားသည် ။ ကုတင်ပတ်လည်တွင်လည်း အချွေအရံ အဒေါ်ကြီးတစ်ဦးနှင့် အသက် နှစ်ဆယ်ဝန်းကျင် ကလေးမလေး နှစ်ဦးရပ်နေလျက်ရှိသည် ။
အိပ်ယာထက်တွင်မူ ……
အိမ်နေရင်း ပန်းဆီရောင် ဂါဝန်လေးနှင့် အနွေးဓာတ်ကိုကာကွယ်ပေးသည့် အမွှေးပွဘောင်းဘီပွပွဝတ်ဆင်ထားပြီး ပန်းဆီရောင်ဂါဝန်အပေါ်တွင် သိုးမွှေးစစ်စစ်ဖြင့်ပြုလုပ်ထားသည့် အနွေးထည်တစ်ထည်ကိုဝတ်ဆင်ထားသော မိန်းကလေးတစ်ဦး အိပ်ပျော်နေသည် ။ 
အိမ်နေရင်းမို့ နှုတ်ခမ်းနီမပါ မိတ်ကပ်မပါသော်လည်း ရိုးရိုးသားသား ဖြူဖြူစင်စင် ချယ်သမှုမပါတဲ့ 
သူမမျက်နှာလေးက နတ်သမီးလေးတစ်ပါးပုံစံ အပြစ်ကင်းစင်ပြီး ချစ်စဖွယ်ကောင်းလှသည် ။
တစ်ခဏအကြာတွင် သူမ မျက်တောင်လေးနှစ်ဖက်မှ တဖြေးဖြေးအပေါ်တက်လာပြီး ညိုမှိုင်းနက်ရှိုင်းသော မျက်ဝန်းလေးတွေထင်ပေါ်လာသည် ။
ဘေးတွင် ရပ်နေသော အသက်ကြီးကြီး အဒေါ်ကြီးထဲမှ အသံတစ်သံထွက်လာခဲ့သည် …..
“ သမီးလေးနှင်း နိုးရင် ဆေးသောက်လိုက်နော် …. ဆေးမသောက်ခင် သမီးလေး ဒယ်ဒီဝယ်ပေးထားတဲ့
ကြက်ပြုတ်ရည်လေးသောက်လိုက်နော် “
“ ဟုတ်ကဲ့ ဒေါ်ယု “ ဟု ညှင်ညှင်သာသာ လိမ်လိမ်မာမာလေးပြန်ဖြေခဲ့သည် ။
ဟုတ်ပါတယ် ….. သူမကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းသူဌေးကြီး ဦးရန်နိုင်မင်းရဲ့ တစ်ဦးတည်းသော် သမီးလေး
“ ဒေါက်တာ နှင်းဦးဝေ ” ဘဲဖြစ်ပါတယ် ….. ။
သူမရဲ့အလှ ၊ သူမရဲ့အပြုံး ၊ သူမရဲ့ ဖော်ရွေပြူဌာမှု ၊ သူမရဲ့ လူနာတွေအပေါ်မှာ သိတတ်မှုကြောင့် 
လက်ရှိရန်ကုန်မြို့တွင်သာမက နီးစပ်ရာနယ်တွေမှာပါ နာမည်ကြီးလွန်းတဲ့ ဒေါက်တာမလေးပါ ။
ခဏအကြာတွင်တော့ ကြီးမားလှတဲ့ခြံကြီးအတွင်းသို့ မော်ဒယ်လ်မြင့် ပြိုက်ကားအနက်တစ်စီးဝင်လာသည်။
ကားမောင်းလာသူကတော့ နှင်းရဲ့တစ်ဦးတည်းသော် ချစ်သူ “ မိုးမြင့်ထက် ”ပင်ဖြစ်သည် …။
နှင်းနဲ့အတူ ဆေးတက္ကသိုလ်မှာဆုံစည်းဖြစ်ခဲ့ပြီး 
အလှဘုရင်မလေး နှင်းရဲ့ ပထမဆုံးအချစ် ၊ ပထမဆုံး ရင်ခုန်မှု ၊ ပထမဆုံးချစ်တယ်ဆိုတဲ့ စကားကိုပိုင်ဆိုင်ခွင့်ရရှိခဲ့တဲ့ ကောင်းလေးပေါ့ ။ မိုးမြင့်ရဲ့ဖခင်ဟာလည်း ဦးရဲနိုင်မင်းနဲ့စီးပွားဖော်တွေဖြစ်တာကြောင့် သူတို့နှစ်ဦးရဲ့ ချစ်ခရီးဟာ တော်တော်လေးဖြောင့်ဖြူးခဲ့တယ်လို့ဘဲပြောရမှာပေါ့ …. ။
“ နှင်း ဘာဖြစ်တာလည်း …. နှင်း မူးလဲတယ်ကြားလို့ ကိုအမြန်ရောက်လာတာ “
“ ဘာမှမဖြစ်ပါဘူး ကိုရဲ့ …. နဲနဲ အိပ်ရေးပျက်လို့ မူးသွားတာပါ …. ကောင်းသွားပါပြီ “
နှစ်ဖက်မိဘတွေသာမက သူငယ်ချင်း ဆွေးမျိုး အိမ်စေများကပါ သိသည့်သူမတို့ရဲ့ အချစ်ရေးက ကြည်နူးစရာကောင်းလွန်းခဲ့သည် ။ 
သို့ပေမယ့် ထိုကြည်နူးစရားများက ကြာရှည်မခံခဲ့ပါ …… ။
အပိုင်း ( ၂ )
အဲ့ဒိနေ့က မိုးမြင့်သူငယ်ချင်း ကြော်ငြာမင်းသား ထက်ယံ မွေးနေ့ဖြစ်သည် ။ ထက်ယံသည် ငယ်ငယ်လေးကတည်းက မိုးမြင်ရဲ့ အချစ်ဆုံး သူငယ်ချင်းဖြစ်သည် ။ ၁၀တန်းဖြေပြီး မော်ဒယ်လ်သင်တန်းတက်တော့လည်း အတူတူပင်ဖြစ်သည် ။ သို့သော် မိုးမြင့်ကအနုပညာလောကထက် ဆေးပညာကိုပိုမိုစိတ်သန်နေတာကြောင့် မော်ဒယ်လ်ဆက်မလုပ်ဖြစ်ခဲ့ ။ ထက်ယံကတော့ နာမည်ကြီး ကြော်ငြာမင်းသားဖြစ်နေလေပြီ ။
 ဒီနေ့သည့် ထက်ယံ၏ ၂၂နှစ်ပြည့်မွေးနေ့ဖြစ်သည် ။
မိုးမြင့် ည ၇နာရီလောက်ကတည်းက ရွှေတောင်ကြားရှိ စံအိမ်ကြီးမှ လန်ခရူဆာလေးကို ကိုယ်တိုင်မောင်း၍ထွက်လာခဲ့သည် ။ ပုံမှန်ပွဲမျိုးရှိချိန်တွင် ကိုယ်တိုင်မမောင်းဘဲ ဒရိုင်ဗာမောင်းသည်ကိုလိုက်စီးတတ်သော်လည်း ယနေ့မှာမှု ငယ်ပေါင်းတွေသာရှိမည်ထင်ပြီး ကိုယ်တိုင်မောင်း၍ စိတ်မလှူပ်မရှား တည်တည်ငြိမ်ငြိမ်ပင်မောင်းလာခဲ့သည် ။
မူလချိန်းဆိုထားသည့် ကန်တော်ကြီးထဲသို့သာမောင်းလာခဲ့သည် ။
ဟိုရောက်တော့ မထင်မှတ်လောက်အောင်လူများနေသည်ကိုတွေ့ရသည် ။ 
မွေးနေ့ရှင်က နိုင်ငံကျော် Celebrity တစ်ယောက်ဖြစ်တာကြောင့် မီဒီယာများ သတင်းထောက်များအပြင် တခြား တီဗီထဲတွင်မြင်ဖူးနေကျ သရုပ်ဆောင်များကိုလည်းတွေ့ရသည် ။ 
ထက်ယံကိုရှာကြည့်တော့ အလုပ်ရှုပ်နေသည်မို့ မိမိဘာသာ ထောင့်တစ်ခုကစာပွဲဝိုင်းလေးမှာထိုင်၍ ည၏အေးစက်မှု သာယာသော် တေးဂီတကိုနားဆင်ရင်း ဝိုင်တစ်ခွက်သောက်နေမိသည် ။ 
ထိုအခိုက်မှာပင် ……..
အနီရောင်တောက်တောက်ဂါဝန်ကလေး လည်ပင်းထက်မှာလည်း ဖန်စီပုလဲပုတီးလေး အနီရောင် ၄လက်မဒေါက်ဖိနပ်လေး ဝတ်ဆင်ထားပြီး မျက်နှာထက်တွင်လည်း အများကြီးမပြင်ဆင်ထားဘဲ ပုံမှန်အနေတော်သာပြင်ဆင်ထားသော်လည်း မူလဖြူဝင်းသောအသားအရည်တို့ကြောင့် ဖြူဖွေးပြီးကြွေရုပ်လေးတစ်ဖွယ်ဖြစ်နေသော အလှနတ်သမီးလေးတစ်ပါး မိုးမြင့်အရှေ့ကိုသက်ဆင်းလာသလားမှတ်ရအောင် ရောက်ရှိလာပြီး လွတ်နေသောခုံသို့ ဝင်ထိုင်ဟန်ဖြင့် ဖြူဖွေးသွယ်လျသောလက်ချောင်းလေးများဖြင့် ခုံကို ဆွဲယူလိုက်သည် ။
 မိုးမြင့်ကသူမအလှတွင် မေ့မြောနေစဉ်မှာဘဲ ဘယ်အချိန်ထဲကရောက်နေမှန်းမသိသည့် ထက်ယံက မိမိကျောကိုပုတ်လိုက်တာကြောင့် အတွေးလေယာဉ်ကြီးမှာ မလေးရှား MH 370 လယာဉ်အလားပျောက်ကွယ်သွားခဲ့ရတော့သည် ။
“ ဟာ ဟေ့ကောင် ဘယ်အချိန်ကတည်းကရောက်တာလည်း ငါ့လည်းမခေါ်ပါလား “ 
“ အော် မင်းအလုပ်ရှုပ်နေလို့ပါကွာ အခုနလေးတင်ရောက်တာ “
“ ခနနေဦး မင်းကိုမိတ်ဆက်ပေးရဦးမယ် …. ဒါ Miss Myanmar အိမ့်မှူးရှင် တဲ့ … အိမ်မှူး ဒါ ကျနော့်သူငယ်ချင်း ဒေါက်တာ မိုးမြင့်ထက် တဲ့ …. မင်းတို့စကားပြောနေလိုက်ဦး ငါဟိုဘက်သွားလိုက်ဦးမယ် မိုးမြင့် …. 
အိမ့်မှူး ခွင့်ပြုပါဦးနော် “ ဟုပြောကာ ထက်ယံက တခြားစာပွဲဝိုင်းတွေဆီသို့ကူးသွားသည် ။
စကားစပျောက်နေသော ကျနော်တို့ရဲ့ အေးစက်စက် စကားဝိုင်းကြီးကို ကျနော်ကဘဲ စလိုက်ရသည် …. ဘာပြောရမှန်းလည်းမသိဘဲ စိတ်ထဲရှိသည်သာ တန်းပြောလိုက်မိသည် ….
“ မအိမ့်မှူးရှင်က တော်တော်လှတယ်နော် ဒါကြောင့်လည်း မြန်မာတစ်နိုင်ငံလုံးလက်ရွေးစင် Miss ဖစ်နေတာကိုးး “
သူမကရှက်သွေးဖြာသော်အပြုံးလေးဖြင့်
“ အာ ကိုမိုးမြင့်ထက်ကလည်း မြှောက်နေပြန်ပြီ နောက်နေ့မှ မုန့်ဝယ်ကျွေးဦးမယ် … ဒါ အိမ့်မှူးရဲ့ ကဒ် …. ကိုမိုးမြင့်ထက်အားရင်ဖုန်းဆက်လိုက်လေ … ဒါနဲ့ ထက်ယံတို့ခေါ်သလို အိမ့်မှူးလို့ဘဲခေါ်လေ .. “
“ ကျေးဇူးပါဘဲ အိမ့်မှူး ဒါကကျနော့်ကဒ် … ကျနော့်ကိုလည်း မိုးမြင့်လို့ဘဲခေါ်လေ “
နှစ်ယောက်သားရောင်စုံကဒ်လေးများအလဲအလှယ်လုပ်ပြီးသကာလ စကားပေါင်းမြောက်များစွာပြောဖြစ်ကြသည် အဲ့ဒီညက အတော်အတန်ရင်းနှီးခဲ့ရလေသည် ။
အပိုင်း ( ၃ )
ဒီနေ့ မိုးမြင့်ဆေးခန်းပိတ်သည် ။ 
ချစ်သူ နှင်းလည်း နယ်ကိုဆေးခန်းကိစ္စဖြင့်ထွက်သွားသောကြောင့် မိုးမြင့်အိမ်တွင်ပျင်းနေလေသည် ။ အိမ်ယာပေါ်တွင်လှဲအိပ်နေစဉ်ချိန်မှာဘဲ သူရဲ့ စာအုပ်တင်ခုံလေးပေါ်တွင်လဲကျနေသည့် အိမ့်မှူးရဲ့ ကဒ်လေးကိုတွေ့နေရသည် …. အချိန်ကြာကြာစဉ်စားမနေတော့ဘဲ ဟန်းဖုန်းဖွင့်ပြီး အိမ်မှူးရဲ့ဖုန်းလေးကိုဆက်လိုက်မိသည် ။
“ ဟယ်လို မိုးမြင့် ခဏနော် အခုမှ ရှုတင်ပြီးလို့ ကားပေါ်တက်မလို့ ကားပေါ်ရောက်ရင် အိမ်မှူးပြန်ဆက်လိုက်မယ်လေ “
အဲ့ဒိလိုလေး ခပ်မြန်မြန်ပြောပြီး မိုးမြင့်ရဲ့အဖြေကိုမစောင့်ဘဲ ဖုန်းချသွားသည် ။ မိုးမြင့် ရုတ်တရက်ဘာပြန်ပြောရမှန်းမသိ ကြောင်သွားသည်။ 
သို့သော် မိုးမြင့်သတိထားလိုက်မိသည်
 “ သူငါ့ဖုန်းနံပါတ်ကိုမှတ်ထားတာပဲ “ဟုအတွေးက အောင်နိုင်သူတစ်ယောက်ပုံစံ စိတ်ထဲတွင်ကျိတ်ရေရွတ်မိသည်။ ခဏအကြာတွင်မှု အိမ်မှူးထံမှ ဖုန်းလေးဝင်လာသည် ….
“ ဟယ်လို “
“ ဟယ်လို မိုးမြင့် ဆော်ရီးနော် အိမ့်မှူး အခုန ရှုတင်မှာမို့လို့ “
“ အော် ရပါတယ် အိမ့်မှူးရဲ့ …. ကိုလည်းဒီတိုင်းဖုန်းဆက်လိုက်တာပါ ဒီနေ့ဆေးခန်းပိတ်တယ်ဆိုတော့ အိမ်မှာဘဲဖြစ်နေလို့ အိမ့်မှူးကိုသတိရလာတာနဲ့ ဖုန်းဆက်လိုက်တာ “
“ အော် မိုးမြင့်တို့များ အိမ့်မှူးကိုပျင်းမှ သတိရတယ်နော် “
“ ဟာာာ အဲ့လိုမဟုတ်ပါဘူး အိမ့်မှူးရဲ့ ကိုကအိမ့်မှူးမအားမှာဆိုးလို့ဖုန်းမခေါ်တာ ဒီကအမြဲသတိရနေတာ “
မိုးမြင့်ပြာပြာသလဲလဲ ငြင်းလိုက်မိသည်။သူတစ်ကယ်လည်းသတိရနေခြင်းဖြစ်သည် ။ သူ မငြင်းလိုသူ့ကို ဦးနှောက်နဲ့ နှလုံးသားကလည်းငြင်းဖို့အခွင့်မပေးပေ။ အဲ့ဒါနဲ့ဘဲသူ ဆန္ဓကိုရှေ့တန်းတင်လိုက်မိသည် ။
“ အိမ့်မှူး ဒီနေ့ ရှုတင်အပြန်တွေ့ရအောင်လေ … ရှုတင်ကနေ တစ်ခါတည်း ကန်တော်ကြီး Nervin ကိုမောင်းလိုက် 
အိမ့်မှူး …… ကို အခုထွက်ခဲ့လိုက်မယ် ဟိုမှာတွေ့ကြတာပေါ့ ။ ဒါဘဲနော် အိမ့်မှူး “
“ဟုတ်ကဲ့ မိုးမြင့် “
မိုးမြင့်လန်းဆန်းတက်ကြွနေသည် ။ နှစ်ဦးနှစ်ဖက်သဘောတူထားသည့် ဒေါက်တာမလေး နှင်းရှိသည်ကိုပင် မေ့နေသယောင်ယောင်ဖြစ်သည် ။ သူကတော့ အဲ့လိုမေ့နေတာကိုပင် သတိရဟန်မတူ ။ အိမ့်မှူးရဲ့အလှ အိမ့်မှူးရဲ့အပြော အိမ့်မှူးရဲ့ဆွဲဆောင်မှုတွေမှာ နစ်မြောမှန်းမသိ နစ်မြောရင်း ပျော်ဝင်မှန်းမသိ ပျော်ဝင်လျက်ရှိသည်။
ခဏအကြာမှာတော့ ခြံကျယ်ကြီးအတွင်းမှ ပြိုင်ကားအနက်တစ်စင်းထွက်လာခဲ့သည် ။ ပုံမှန်မဟုတ်တဲ့ထူးကဲစွာပြင်ဆင်မှု ၊ ပြင်းထန်တဲ့ ရေမွှေးအနံ့ကြောင့် ခြံစောင့် ဦးလှကြည်တောင် နှာမွှန်ရတဲ့အထိဖြစ်သည် ။ မိုးမြင့်ကတော့ အတက်ကြွဆုံး စိတ်ဓာတ်တွေနဲ့ ကန်တော်ကြီးဆီသို့ ဦးတည်လျှက်ရှိသည်။
“ အိမ့်မှူးရောက်နေတာကြာပြီလား ။ လမ်းထဲမှာ ကားတွေကျပ်လို့ ကိုနည်းနည်းကြားသွားတာ ဆော်ရီးနော် “
အမှန်ဆို မိုးမြင့်ရောက်နေတာကြာပြီဖြစ်သည် 
သို့သော် ကားအတွင်းမှထိုင်ရင်း အပြင်ဖက်ခုံမှာထိုင်နေတဲ့ အိမ့်မှူးရဲ့အလှကို ငေးကြည့်မိနေခြင်းဖြစ်သည် ။ 
မိုးမြင့်စဉ်းစားကြည့်သည် အိမ့်မှူးရဲ့အလှဟာ ကျက်သရေရှိသည်။ 
အိမ့်မှူးရဲ့အလှဟာ ပုရိသတိုင်းကို ငေးမောစေနိုင်သည် ။ အိမ့်မှူးရဲ့အလှဟာ ဆွဲဆောင်မှုရှိသည် ။ မိတ်ကပ်ပါးပါးလေးလိမ်းပြီး နှုတ်ခမ်းနီရဲရဲဆိုးလိုက်ခြင်းက အိမ့်မှူးရဲ့ မူလအလှကို ပို၍ ပို၍ လှစေသည်ဆိုတာကိုတော့ မိုးမြင့် ငြင်း၍မရ ။
နှင်းကျတော့ရော ။ 
နှင်းဟာ ဆရာဝန်မကြီးဖြစ်နေသည့်တိုင် မိသားစုထဲမှာ သူနဲ့တွေ့သည့်အခါတွေမှာ ကလေးဆန်သည် ။ ဟန်ဆောင်မှုကင်းသည် ။လုပ်ခြင်တာကိုလုပ်တတ်သည် ။ နှင်းရဲ့အလှကဖြူစင်သည် ကလေးတစ်ယောက်လို ချစ်ဖို့ကောင်းသည် ။ အိမ့်မှူးနဲ့တော့ မတူ တမျိုးလေးဖြစ်သည် ။ 
သို့သော် မိုးမြင့်မျက်စိထဲမှာတော့ လူသိများသည့် ဆွဲဆောင်မှုရှိသည့် အိမ့်မှူးရဲ့အလှဟာ ပို၍သာသည်ဟုထင်မှတ်လာခြင်းဖြစ်သည်။ အိမ့်မှူးအပေါ်မသိစိတ်ကယိမ်းယိုင်လာခဲ့သည်။
မိုးမြင့်အတွေးသံသရာထဲမှာရှိနေလိုက်တာ ကားပေါ်ကဆင်းဖို့မေ့နေပြီး ၁၀မိနစ်လောက်ကြာသွားပြီးမှ အိမ့်မှူးဆီသို့သွားမိသည်။
“ အရမ်းမကြာသေးပါဘူး အိမ်မှူးလည်း ဒီရက်ပိုင်း ရုပ်ရှင်တွေ ကြော်ငြာတွေဆက်နေတာကြောင့် ပင်ပန်းနေလို့ သဘာဝလေကိုရှုရင်း ကော်ဖီသောက်နေတာ ကြာမှန်းတောင်မသိပါဘူး မိုးရယ် “
“ အိမ့်မှူး ကျနော့်ကိုဘယ်လိုခေါ်လိုက်တယ် ပြန်ခေါ်ပါအုန်းအိမ့်မှူးရဲ့ “
“ မိုးလို့ခေါ်လိုက်တာလေ မိုးရဲ့ … ဘာလည်းမခေါ်ရဘူးလား .. ပိုင်ရှင်ရှိနေပြီလားး အားလုံးကမိုးမြင့်ခေါ်နေတဲ့အခါကျရင် အိမ့်က မိုးလို့ ရင်းရင်းနှီးနှီးခေါ်ခြင်တယ် ။ မရတော့ဘူးလားဟင် “
မိုးမြင့်ဘာဖြစ်မှန်းမသိ ရင်တွေ တစ်ဒိုင်းဒိုင်းခုန်လာသည် ။ သူဝန်ခံရမယ်ဆိုရင် နှင်းနဲ့တွေ့သည့်အခါတွေထက် 
နှင်းက ကို လို့ခေါ်တဲ့အခါတွေထက် 
နှင်းက သူ့ကိုသိုင်းဖက်လိုက်သည့်အခါတွေထက် 
နှင်းကို အနမ်းခြွေခဲ့သည့်အခါတွေထက်
 အဲ့ဒိအချိန်တွေထက် အိမ့်က သူ့ကို မိုးလို့ ရင်းရင်းနှီးနှီးခေါ်လိုက်တဲ့အခါကပိုပြီး ရင်ခုန်မိတာကိုတော့ မိုးမြင့်မငြင်းလိုပါ ။ 
မိုးမြင့် ပြာပြာသလဲလဲပင်အဖြေပေးလိုက်မိသည် …..
“ ရပါတယ် ခေါ်မယ့်လူမရှိပါဘူး အိမ့်ကိုလည်း အိမ့်လို့ခေါ်မယ်နော် ပိုပြီးရင်းနှီးသွားတာပေါ့နော် … ဒါနဲ့ အိမ့်ကတစ်ယောက်ထဲ ဘာလို့ကော်ဖီနှစ်ခွက်ဖြစ်နေတာလည်း … ဧည့်သည်တွေဘာတွေရှိလို့လား အိမ့် “
သူ့အရှေ့ကစားပွဲထက်တွင် သူအရမ်းကြိုက်သည့် Cappuccino ကော်ဖီနှစ်ခွက်ရှိပြီး တစ်ခွက်မှာ အိမ့် အနည်းငယ်သောက်ထား၍ နောက်တစ်ခွက်မှာ အသစ်စက်စက်သာဖြစ်ပြီး ပူနေသေးသော်ကြောင့် မကြာခင်ကမှ မှာထားသည်ဟု အလွယ်တကူသူသိရသည် ။
“ ဘယ်သူမှမရှိပါဘူး မိုးရဲ့ … မိုးလာတဲ့အခါ မောလာရင် တစ်ခါတည်းသောက်လို့ရအောင် မှာထားတာ … Cappuccino ကတော့ မိုးကြိုက်မယ်ထင်လို့လေ ဘာလည်းမကြိုက်ဘူးလားဟင် “
အိမ့်ရေ အိမ့်ရေ မင်းရဲ့မသိစိတ်ကလား တမင်သိပြီးတော့လားမသိဘဲ လုပ်တဲ့ အပြုအမှုတွေ ပြောတဲ့စကားလုံးတွေဟာ ငါ့ရင်ဘတ်ကြီးထဲကနှလုံးသားကို ပစ်ချက်မလွဲပါဘူးအိမ့်ရေ …. ။ 
အခန့်မသင့်ရင် မိုးမြင့်ဆိုတဲ့ဆရာဝန်ကြိးဟာ သူကိုယ်တိုင်မကုနိုင်တဲ့နှလုံးသားရောဂါကို အိမ့်ဆိုတဲ့ နှုတ်ခမ်းနီမလေးဆီမှာ ကုရတော့မယ်ထင်ပါတယ်ကွာ ….. ။ မိုးမြင့်တစ်ယောက်ထဲစိတ်ထဲမှ ကျိတ်ပြီးရေရွတ်လိုက်မိသည် ။
“ မဟုတ်ပါဘူး ကိုတောင် တကယ်အံ့သြနေတာ Cappuccino က ကိုအရမ်းကြိုက်တာလေ … အိမ့်ကတော်လိုက်တာ “
ပါးစပ်ကလည်းပြော လက်ကလည်းဘေးခြင်းကပ်ခုံပေါ်မှာထိုင်နေတဲ့ အိမ့်ခေါင်းလေးကို ဖွဖွလေးပုတ်လိုက်မိတယ် ။ ပုတ်ပြီးသွားမှ ဒါဟာ မိုးမြင့်ကိုယ်တိုင်တောင် အံသြရတဲ့ အလိုလိုပြုမိလိုက်တဲ့ အပြုအမူတစ်ခုပါဘဲ။ ဒိထက်ပိုပြီး အံသြစရာကောင်းတာက မိုးမြင့် ဒီလိုခေါင်းလေးပုတ်လိုက်တာကို ကလေးတစ်ယောက်ပုံစံ ဇက်လေးပုပြီး ချစ်စနိုးလေးလုပ်လိုက်တဲ့ အိမ့်ရဲ့အမူအရာပါ ။ စိတ်ဆိုးဟန်မပါဘဲ ကျေနပ်ဟန်တို့နဲ့ အိမ့်ရဲ့မျက်နှာဟာ ချစ်ဖို့ကောင်းတယ်ဆိုတာထက်ပိုပါတယ် ။
ဒီလိုနဲ့စကားတွေပြောလာတာခဲ့တာ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်လာပြီး ကန်တော်ကြီးရေပြင်ထက်က လေအေးလေးတွေက တစ်သုန်သုန်တိုက်ခတ်လာပြီး အမှောင်ကတစ်လောကလုံးကိုကြီးစိုးလိုက်တဲ့အချိန်ကိုရောက်လာတော့တာပါဘဲ ။
အိမ်ပြန်ချိန်ရောက်လာတဲ့အခါမှာတော့ ကားကို ဒရိုင်ဘာနဲ့ပြန်ပို့လိုက်တဲ့ အိမ့်ကို မိုးမြင့်ကဘဲ အိမ်တိုင်ရာရောက် လိုက်ပို့ပေးပြီးမှ သူ့အိမ်ကိုပြန်ခဲ့ရတယ် ။ အဲ့ဒီညလေးဟာ မိုးမြင့်တော်တော်ပျော်ရွှင်ပြီး တော်တော်ပီတိဖြာပြီး မေ့မရတဲ့ ညလေးတစ်ခုဖြစ်နေပါတော့တယ် ။ ဘာကြောင့်ပျော်လည်းဆိုတာတော့ အိမ့်ကို သူစိတ်ယိုင်ပြီး ချစ်ကြိုက်မိလို့လား ကျော်ကြားသူတစ်ယောက်နဲ့မို့လို့ စိတ်ကျေနပ်တာလားဆိုတာကတော့ မိုးကိုယ်တိုင်တောင် ဝေခွဲမရတဲ့အရာပါ ။
အပိုင်း ( ၄ )
တစ်ပတ်လောက်ကြာတဲ့အခါမှာတော့ မိုးမြင့်ရဲ့ မူလပိုင်ရှင် ဒေါက်တာမလေးနှင်း နယ်ကပြန်လာခဲ့တော့တယ် ။ ဒါပေမယ့် အရင်ကဆို နှင်းနယ်ကပြန်လာရင် ပြန်လာတဲ့နေ့ခြင်း နှစ်ဦးသား အပြင်ထွက် မုန့်စား တနေကုန်လျှောက်သွားနေတတ်တာဖြစ်ပြီး မိုးမြင့်ရော နှင်းပါ တူတူပျော်ရွှင်ကြတဲ့နေ့ဖြစ်ပါတယ် ။ 
သို့သော် ဒီတစ်ခေါက်တော့ ထူးထူးခြားခြား မိုးမြင့်စိတ်တွေမပျော်ရွှင်ပါ ။ မိုးမြင့်စိတ်တွေကတော့ တစ်ပတ်လုံး ရှုတင်ကနေ သွားကြို ကော်ဖီသောက် တူတူလျှောက်သွားခဲ့သည့် အိမ့်နှင့်သာအတူရှိနေခဲ့သည် ။ ထို့ကြောင့် နှင်းပြန်လာမည့်နေ့ကို မိုးမြင့် အလုပ်မရှိပါလျက်နဲ့ အလုပ်ရှိသည်ဟု ပြောပြီး အိမ်တွင်းပုန်းနေခဲ့သည် . သို့သော် မိုးမြင့်စိတ်မလုံပါ ဒါပေမယ့်လည်း သူအိမ်တွင်းပုန်းနေပြီး အရာတစ်ခုအတွက်ပြင်ဆင်နေခဲ့သည် ။ ထိုအရာကတော့ ……
“ အိမ့်ကို ကျနော်ချစ်တယ် … ကျနော့် အချစ်တွေကိုလက်ခံပေးပါ အိမ့် “
မိုးမြင့် အားယူပြီးပြောလိုက်ရတဲ့ စကားတစ်ခွန်းဖြစ်သည် ။ ဒီစကားပြောလိုက်လို့ဖြစ်လာမယ့်အကျိုးဆက်တွေ ဘာတွေကိုရှည်ရှည်မစဉ်းစားဘဲ ပြောလိုက်သော စကားတစ်ခွန်းသာဖြစ်သည် ။ ဒီနေ့အိမ့်ကို ရှုတင်ကကြိုပြီး ရန်ကုန်မြို့ပြင်သို့ကားမောင်းထွက်လာပြီး လမ်းဘေးတစ်နေရာမှာကားရပ်ချလိုက်သည် ။ အိမ့်ကဘာလို့ရပ်တာလည်းမေးတော့ သူရင်တွေ အရမ်းခုန်နေလို့ပါလို့ပြောလိုက်ပြီး ဆက်တိုက်ဆိုသလို အိမ့်ကို ချစ်ခွင့်ပန်မိလိုက်ခြင်းဖြစ်သည် ။
“ မိုးမြင့်မှာ အိမ်ကသိတဲ့ချစ်သူ နှင်းရှိတယ်မလား … “
“ဟုတ်တယ် အိမ့် ဒါပေမယ့် ကို အိမ့်အပေါ်မှာ ပိုပြီး စိတ်ယိုင်မိတယ် ..အိမ့်ကိုစွဲလမ်းတယ် … အိမ့်ရဲ့အချစ်တွေရဖို့လောဘကြီးလာမိတယ် … ။ အိမ့်ကိုချစ်တဲ့အချစ်တွေက ဆူးရှတယ် … အိမ့်နဲ့ဝေးရမယ်ဆိုတာသိရင် ရူးလောက်အောင်ကိုလွမ်းတယ် “
“ အဲ့ဒါတွေထားပါ ကို … ကို တိကျတဲ့ဆုံးဖြတ်ချက်တစ်ခုချပြီး ပြန်လာခဲ့ပါ အိမ့်ရှိနေမယ်နော်… အခုတော့ပြန်ရအောင် “
အိမ့်ရဲ့စကားလုံးတွေကတည်ငြိမ်သည် ။ ပြစ်ချက်ကင်းသည် ။ မိုးမြင့်ရဲ့လက်ကို ဖြေးဖြေးခြင်းဆုပ်ကိုင်ပြီး ဆုံးဖြတ်ချက်ချရန်ပြောသည့် စကားလုံးတွေကို မိုးမြင့်အမြဲကြားယောင်နေမိသည် ။ 
မိုးမြင့်သိသည် နှင်းနဲ့ချစ်လာခဲ့တာ ၂နှစ်ကျော်ပြီဖြစ်သည် ။ နှင်းအကြောင်းကိုမိုးမြင့်ကောင်းကောင်းသိသည် ။ မိုးမြင့်ကိုနှင်းချစ်သော်လည်း နှင်းမာနရှိသည် ။ နှင်းသိက္ခာကိုထိလာရင်ဘာကိုမှ စွန့်လွှတ်ဖို့ဝန်မလေးတတ်သူ ဘယ်အရာကိုမဆို မုန်းပစ်ဖို့အသင့်ရှိသူ နှင်းဖြစ်သည် ။ သို့သော် နှင်းကို သူ လမ်းခွဲရမည် ။ သူ့ရဲ့လက်ရှိသာယာမှုသည် အိမ့်ထံတွင်သာရှိသည်ကို သူငြင်းမရ ။ ဒီလိုနဲ့ သူ နှင်းကို SMS လးတစ်ခုပို့လိုက်မိသည် ။
“ မနက်ဖြန်ညနေ တွေ့နေကြဆိုင်ကိုလာပါနှင်း ပြောစရာရှိတယ် “
နှင်းကချက်ချင်း စာပြန်လာသည် ။
“ ဟုတ်ကဲ့ ကို … လာခဲ့မယ်နော်.. ကို့ကိုအရမ်းချစ်တယ် “
သူစာမပြန်တော့ပါ ။
အပိုင်း ( ၅ )
နှင်း ဒီနေ့သိပ်ပျော်နေသည် ။ သူအရမ်းချစ်ရတဲ့ သူအရမ်းတန်ဖိုးထားရတဲ့ သူ့ချစ်သူနဲ့တွေ့ရမည်ဖြစ်သည် ။ နယ်သွားကတည်းက ကို့ကို မတွေ့ရသေးတာ အခုဆို တလတောင်ပြည့်တော့မည်ဖြစ်သည် ။ နှင်း ကို့ကိုအရမ်းတွေ့ချင်သည် ။ ကို့လက်မောင်းလေးပေါ်မှာ ခေါင်းလေးမှီပြီး စကားတွေအများကြီးပြောချင်သည် ။ ကိုနဲ့အတူတူ ကစားကွင်းတွေသွားပြီး လျှောက်ဆော့ချင်သည် ။ ကို့ကို ပူဆာချင်သည် ။ အဲ့ဒိလို စိတ်ကူးများနှင့်အတူ နှင်း ကိုနဲ့တွေ့နေကြဆိုင်လေးသို့လာခဲ့သည် ။
 ဆိုင်လေးက စိတ်ကူးယဉ်ဆန်ဆန်ပြင်ဆင်ထားသည့် ဂျပန်ဆိုင်လေးဖြစ်သည် ။ ကို နှင်းကိုချစ်ခွင့်ပန်ခဲ့သည့်ဆိုင်လေးဖြစ်သည် ။ နှင်းစိတ်ထဲမှာတော့ အိပ်မက်တွေ စိတ်ကူးတွေနဲ့ပြည့်နေသည် ။ ဒီဆိုင်လေးမှာဘဲ ကို နှင်းကို လက်ထပ်ခွင့်တောင်းမလားဆိုသည့် အတွေးတွေလည်းအပါအဝင်ဖြစ်သည် ။
ဆိုင်ထဲသို့ရောက်ပြီး မကြာခင်မှာဘဲ ဆိုင်ရှေ့သို့ ကို့ရဲ့ပြိုင်ကား အနက်လေးဝင်လာသည် ။ 
ကို ဒီနေ့သိပ်ကြည့်လို့ကောင်းနေသည် ။ ကိုကယောက်ျားပီသသည် ။ မျက်နှာပေါ်အမွှေးရေးရေးလေးတွေကကို့ ယောက်ျားပီသမှုကို သက်သေထူလျက်ရှိသည် ။
“ နှင်း ရောက်နေတာကြာပြီလား “
“ ဟင့်အင်း အခုနဘဲ ရောက်တာ ကိုနဲ့ ရှေ့ဆင့် နောက်ဆင့်ဘဲ …. ကိုပြောစရာ၇ှိတယ်ဆို ဘာပြောမလို့လည်း “
“ တစ်ခုခု အရင်စားရအောင်လေ … “
နှင်း ရင်တွေတအားခုန်နေသည် ။ ကိုနဲ့ချစ်လာတာခဲ့တာ ကြာပြီဆိုပေမယ့် ကို့ရဲ့ ဒီလောက် ရုပ်တည်မှုနဲ့ အလေးအနက်စကားပြောမှုတွေကို နှင်း မကြုံဘူးသေးပါ ။ နှင်းထင်တာမလွဲရင်တော့ ကို နှင်းကို လက်ထပ်ခွင့်တောင်းတော့မည်ဖြစ်သည် ။ နှင်း စားသောက်ရင်း စိတ်ကူးနဲ့ ပျော်လွန်းလို့ မျက်ရည်ကြည်တွေ ဝေ့လာသည် ။
ခနနေတော့ ကိုက စကားစပြောလာသည် ။
“ နှင်း ကို သေချာစဉ်းစားကြည့်တယ်နှင်း … ပြီးတော့ စိတ်ဝင်စားမှုမပါတော့တဲ့ အရာတစ်ခုက ဘယ်တော့မှ အမြဲ မတည်တံ့ဘူး နှင်း … ကို လှည့်ပတ်မပြောတတ်ဘူးနှင်းရာ … နှင်း အဝေးသွားနေတဲ့အခါတွေမှာ ကို နှင်းကို ချစ်တဲ့အချစ်တွေ အငွေ့ပြန်သွားတယ်ထင်တယ်.. နှင်း … ကိုတို့လမ်းခွဲပြီး သူငယ်ချင်းလိုနေရအောင်လား နှင်း “
နှင်း ဘာပြောလို့ပြောရမှန်းမသိတော့တဲ့ အခြေအနေတစ်ခုဖြစ်သည် ။ ခေါင်းကိုမိုးကြိုး ၁၀၀၀ တပြိုင်နက်ပစ်ချသလို ပူထူသွားသည် ။ မျက်နှာကိုလွှဲရိုက်ခံရသလို ရှက်သွားသည် ။ နှင်း လိပ်ပြာလွင့်မတတ် ဖြစ်သွားသည် ။ တည်ငြိမ်သွားသည် ။ အသက်မဲ့သလိုဖြစ်သွားသည် ။ 
ကိုရယ် ပြောထွက်တယ်နော် …. 
နှင်း စဉ်းစားထားတာနဲ့ တခြားစီပါလားနော် …. ။ ဒီခဏအတွင်းမှာဘဲ ကို့အပေါ်ထားတဲ့ နှင်းရဲ့ မေတ္တာတွေ နှင်းရဲ့အကြင်နာတွေ ပျောက်ကွယ်မသွားရင်တောင် အစရှာမရတော့တဲ့အခြေအနေတစ်ခုဖြစ်သွားတယ် ။ 
နှင်းဟာ ဆရာဝန်တစ်ယောက် ။ နိုင်ငံကျော်သူဌေးတစ်ယောက်ရဲ့ တစ်ဦးတည်းသောသမီး ။ နှင်းရဲ့အလှအောက်မှာ နှင်းရဲ့အချစ်ကိုရဖို့စောင့်နေတဲ့လူတွေအများကြီး ။ နှင်းလည်းမာနနဲ့လူတစ်ယောက်ပါ ကို …. ယောက်ျားတစ်ယောက်ကို တောင်းပန်ပြီ မျက်ရည်ကျပြီး လမ်းမခွဲဖို့ပြောမယ့်ထဲ နှင်းမပါတာတော့ သေချာတယ် ကို …. ။
“ အော် အဲ့ဒါပြောမလို့လား ရပါတယ် ကိုမိုးမြင့်ထက် …. ချစ်သူတွေပျက်သွားရင် သူငယ်ချင်းဖြစ်ဖို့မလွယ်တော့ဘူးတဲ့ … ကျွန်မတို့ သူစိမ်းတွေလို တစ်ခါမှ မတွေ့ဘူးတဲ့လူတွေလိုနေလိုက်ရအောင် … မိတ်ဖြစ်ဆွေဖြစ် ဒီ စားဝိုင်းဖိုးကို ကျွန်မ ရှင်းပေးလိုက်ပါမယ် … သွားလိုက်ပါဦးမယ်နော် ကိုမိုးမြင့်ထက် “
စကားပြောပြီးပြီးခြင်း မက်တပ်ရပ်ပြီး ကောင်တာဘက်သွား ပိုက်ဆံပေးပြီး မာနတွေနဲ့ဖုံးလွှမ်းထားတဲ့ ကြေကွဲနေတဲ့ နတ်သမီးလေးတစ်ပါး ဆိုင်အပြင်သို့ထွက်လာခဲ့သည် ။ နှင်းကားကို အိမ်သို့ အပြင်းမောင်းပြီး အခန်းပိတ်ပြီး တိတ်တဆိတ်ငိုကြွေးနေမိသည်ဖြစ်သည် ။
စိတ်ထဲမှာလည်း စကားတစ်ချို့သာ အထပ်ထပ်ရေရွတ်နေမိသည် ။
လုပ်ရက်တယ်နော် ကို …. ကို လိုက်ရှာလိုက်ပါ နှင်းလို ကို့ကို ချစ်မယ့်လူမရှိဘူးဆိုတာ ကိုသိလာမှာပါ ။
မိုးမြင့် နှင်းနဲ့စကားပြောပြီးသည်နှင့် တပြိုင်နက် အိမ့်မှူးရှိရာ ရှုတင်အိမ်သို့ တိုက်ရိုက်မောင်းထွက်လာခဲ့သည် ။ မိုးမြင့်လုပ်ရပ်တွေမှားလား မှန်လား မိုးမြင့်မစဉ်းသော်လည်း သူ့လုပ်ရပ်တွေဟာ အမှန်တွေလို့သာ သတ်မှတ်ထားသည် ။ သူ့စိတ်ကူးထဲတွင်တော့ သူနဲ့ အိမ့်မှူးတို့ပျော်ရွှင်စွာ ဘဝခရီးကိုဆက်မည်ဖြစ်သည် ။
အိမ့်မှူး ရှုတင်ရှိရာရောက်တော့ ရိုက်ကူးနေတုန်းဖြစ်သည် ။ ခဏထိုင်စောင့်ပြီး ရှုတင်ပြီးသည်နှင့် သူ အိမ့်မှူးကိုကားပေါ်တင်ပြီးခေါ်လာခဲ့ပြီး အိမ့်မှူးကိုဖွင့်ပြောခဲ့စဉ်အတိုင်း မြို့ပြင်သို့မောင်းထွက်လာခဲ့သည် ။ ကားတစ်ခုလုံး ငြိမ်သက်လျက်ရှိသည် ။ ခဏအကြာတွင်တော့ မိုးမြင့် ကားကိုရပ်တန့်လိုက်သည် ။ ပြီးတော့ အိမ့်မှူးကို နှင်းကိုပြောခဲ့သမျှ အားလုံးကို ဖွင့်ပြောလိုက်သည် ။ တခဏအကြာတွင်တော့ အိမ့်မှူးလက်ဖဝါးနုနုလေးများက သူ့လက်ဖဝါးများကို ဆုပ်ကိုင်လိုက်သည် ။ ချက်ချင်းပင် သူ့အိမ့်မှူးကို တင်းကျပ်စွာဖက်ထားမိသည် ။ ဒီလုပ်ရပ်တွေကြောင့်သာ သူနှင်းကိုပြောခဲ့သမျှ မှန်သည်ဟုထင်မှတ်စေခဲ့သည် ။
အပိုင်း ( ၆ )
သူအိမ့်မှူးနဲ့မတွေ့ရတာ နှစ်ရက်လောက်သာရှိသေးသည် ။ နယ်ကို ရိုက်ကူးရေးသွားမည်ဟုပြောသွားသဖြင့် သူလက်ခံလိုက်ပြီး သွားခွင့်ပြုလိုက်သည် ။ သို့သော် သူအိမ့်မှူးကိုလွမ်းသည် သတိရသည် ထိုအချက်များကြောင့် ခဏ ခဏ သူအိမ့်မှူးကို ဖုန်းခေါ်ကြည့်သည် ။ ၁၀ခါဆက်လျင် ၂ခါလောက်သာကိုင်ပြီး အများစုမှာသူ့ မိတ်ကပ်မာမီဖြင့်သာ ပြောရသည် ။ သူမအားသေးဟုသာပြောသည် ။ အခုတော့ မိုးမြင့်ပျင်းသလိုရှိတာနဲ့ သူ အင်ယားကန်ဘောင်ဘက်ကို လမ်းလျှောက်ထွက်လာခဲ့သည် ။ မြင်မြင်သမျှကို သူမညာတိုင်း မလိမ်တိုင်းဝန်ခံရလျင် သူနှင်းကို သတိရစေသည် ။
ကန်ဘောင်ထက်မှာ ရေးခြစ်ခဲ့ဖူးတဲ့ အမှတ်တရတွေ ၊ အတူတူ စက်ဘီစီးနေခဲ့တဲ့ ချစ်သူတွေ ၊ ထိုင်ခုံလေးပေါ်မှာထိုင်ပြီး ကြည်နူးစရာတွေပြောနေတဲ့ ချစ်စဖွယ်စုံတွဲတွေ ၊ စားသောက်ဆိုင်တန်းတွေ …. ။ ထိုအရာအားလုံးဟာ နှင်းနဲ့သူနဲ့ ဖြတ်သန်းခဲ့ဖူးသော် အတူတူချစ်ခဲ့ဘူးသော နေရာများသာဖြစ်သည် ။ တစ်ခဏအတွင်းမှာပင် သူ့မျက်လုံးတွေ မယုံကြည်နိုင်အောင်ဖြစ်သွားသည် ။
အကြောင်းမှာ နယ်ကိုရိုက်ကူးရေးသွားနေသော အိမ့်မှူးကို အသက်ကြီးကြီး အသားဖြူ ဖြူ ယောက်ျားကြီးတစ်ဦးနဲ့ ရယ်မော်ပျော်ရွှင်စွာ ကားမောင်းသွားသည်ကို လျပ်တပြတ်ဆိုသလိုတွေ့လိုက်ရ၍ဖြစ်သည် ။ သို့သော် သူ့ကိုသူ သတိပြန်ပေးခဲ့ရသည် ။ သူ့အထင်မှာတော့ သူ အိမ့်မှူးကိုလွမ်းလွန်း၍ သတိရလွန်း၍ မျက်စိထဲမြင်ယောင်နေသည်ဟုသာ ထင်နေသည် …. 
သို့သော် ………။
ဒီနေ့တော့ အိမ့်မှူး သူ့ကိုဖုန်းဆက်လာခဲ့သည် ။ အိမ့်မှူးနယ်ကပြန်လာပြီး ၃ရက်မြောက်သည့်နေ့ ဖြစ်သည် ။ ပထမဆုံးအကြိမ်အနေနှင့် အိမ့်မှူးအိမ်သို့ သူရောက်ဖူးခြင်းဖြစ်သည် ။ အိမ့်မှူးမှာ မချမ်းသာလွန်းသော်လည်း မဆင်းရဲပေ ။ ကွန်ဒိုမီနီယံတစ်ခန်းသာဖြစ်သည် ။ မော်ဒလ်ဖြစ်သည့်အားလျော်စွာ ကိုယ်တိုင် ကားမောင်းလေ့မရှိဘဲ ဒရိုင်ဘာခေါ်ထားခြင်ဖြစ်သည် ။ အိမ့်မှူးအိမ်တွင် ခိုင်းရန်အသက်ကြီးကြီး အဒေါ်ကြီးတစ်ဦရှိသည် ။ တခြားတော့မည်သူမျှမရှိပေ။
အိမ့်မှူး ဒီရက်ပိုင်း သူ့ကိုတမျိုးစိမ်းကားနေသည် သို့သော် သူကတော့ အလုပ်ရှိသည်ဟူ၍သာ 
နားလည်ပေးထားသည် ။
ဒီနေ့တနေကုန် အိမ့်မှူးအိမ်တွင် အချိန်ကုန်ခဲ့သည် ။ တူတူချက်စားသည် ။ ရုပ်ရှင်ကြည့်သည် ။ စကားတွေပြောကြသည် ။ ပျော်စရာကောင်းလွန်းသည်ဟု မိုးမြင့်ထင်မြင်ခဲ့သည် ။ အမှန်မှာ ချစ်တာလား ကြိုက်တာလား မကွဲသေးသော ကောင်လေးတစ်ယောက်သာဖြစ်သည်ကိုတော့ သူ သတိမထားမိခဲ့ပေ ။
သူညအချိန် အိမ့်မှူးအိမ်မှ ပြန်လာသောကြောင့် ရောက်ရောက်ချင်း အိပ်ပျော်သွားခဲ့သည် ။ သူအိမ့်မှူးရဲ့စကားတွေအပေါ်မှာ သာယာသည် ။ ပျော်ရွှင်သည် ။ အထိအတွေ့တွေကိုမက်မော်သည် ။ ဒါ့ကြောင့်ပင် သူအိမ့်မှူးကိုချစ်သည်ဟုထင်မှတ်ခဲ့သည် ။ 
ဒီနေ့တော့ အိမ့်မှူး အလုပ်ရှိသောကြောင့် သူအိမ့်မှူးနဲ့မတွေ့ဖြစ်နိုင်ပေ ။ ဒါ့ကြောင့် သူ့သူငယ်ချင်းတွေနဲ့အတူ အပြင်ထွက်မည်ဟု ဆုံးဖြတ်၍ သူငယ်ချင်းတွေကို ချိန်းလိုက်မိသည် ။
အချိန်ကား နေ့လည် ၁၂ နာရီ ကျော်ကျော် …. 
စားသောက်ဆိုင်ထဲတွင် နေ့လည်စာအတွက်လူအမြားအပြားရောက်ရှိနေသည် ။ မိုးမြင့်နှင်း သူ့ သူငယ်ချင်းတစ်အုပ်လည်းအပါအဝင်ဖြစ်သည် ။ ဤဆိုင်သည် နာမည်ကြီးဆိုင်တစ်ခုဖြစ်သည့်အလျောက် ဈေးကြီးသည် ။ 
သူနဲ့ နှင်း ၂ခေါက်လောက်လာစားဘူးသည် ။ ဆိုင်အတွင်းရောက်ရောက်ခြင်းပင် သူနှင်းနဲ့အမှတ်တရများကို မြင်ယောင်လာမိသည် ။ သို့သော် သူမေ့ထားလိုက်သည် ။
မိုးမြင့် သူငယ်ချင်းများနှင့်စားနေစဉ်အတွင်းပင် အသက်ကြီးကြီး လူကြီးတစ်ဦး၏ လက်မောင်းကိုတွဲ၍ဝင်လာသော မိန်းကလေးတစ်ဦးကိုနောက်ကျောမှမြင်လိုက်မိသော် 
ရဲရင့်က စ၍ …
“ ကြည့်ပါကွာ အသက်ငယ်ငယ်းလေးနဲ့ ယောက်ျားကြီးတွေနဲ့တွဲပြီး ခြူ.စားနေတာလေကွာ … မရှက်ဘူးလားမသိဘူး “
မြင့်အောင်ကလည်း …
“ စပွန်ဆာဖြစ်မှာပေါ့ကွာ … 
စော်လေးကတော့ ချောတယ်ကွ “
သူတို့ပြောနေသည်ကိုကြားသော မိုးမြင့်က အနောက်လှည့်ကြည့်မိသော်အခါတွင်မှ ….
သူ့ခေါင်းတစ်ခုလူံးထူပူသွားသည် ။ 
ဟုတ်ပါသည် သူမပါ …. မိုးမြင့်ကိုချစ်လွန်းပါသည်ဟု တဖွဖွပြောသော နှုတ်ခမ်းနီမလေး အိမ့်မှူးပါ ။ တနည်းပြောရရင် မိုးမြင့်က အရာရာပေးဆပ်ရန်အဆင်သင့်ဖြစ်နေသည့် 
အိမ့်မှူးဖြစ်သည် ။ မိုးမြင့်ရှက်လည်းရှက် ဒေါသလည်းထွက်သဖြင့် ချက်ချင်းပင် ထိုင်ခုံမှထကာ အိမ့်မှူးသို့ဝိုင်းသို့ဦးတည်လာခဲ့သည် ။ ကာယကံရှင် အိမ့်မှူးကတော့ ဘာမှမသိဘဲ အပြုံးချိုချိုဖြင့်သာ သူ့ ကိုကိုကြီး ကို ဆက်ဆံလျက်ရှိသည် ။ ထိုမြင်ကွင်းကိုတွေ့ရတိုင်း မိုးမြင့် အသည်းထဲကနာသည် ။ ဒေါသတွေ ပို၍ ပို၍ထွက်သည် ။
“ မင်း ဘာလုပ်တာလည်း အိမ့်မှူး … ဘာလို့ သူ့ကိုဖက်ထားတာလည်း … မင်းက ငါ့ချစ်သူလေ အိမ့်မှူး “
မိုးမြင့် ဂယောင်ဂတမ်း သွေးဆူဆူဖြင့်ပြောလိုက်မိသည် ။ မိမိ စကားလုံးများကို မိမိကိုယ်တိုင် မထိန်းသိမ်းနိုင်တော့သည့် အခြေအနေတစ်ခုဖြစ်သည် ။
အိမ့်မှူးကတော့ မျက်နှာထားတည်တည်ဖြင့်သာပြောသည် ။ အိမ့်မှူးပုံစံက ခိုးစားသည်ကို လူသိသွားတာတောင် မရှက်တတ်သည့် အရှက်မဲ့သည့် မျက်နှာထားမျိုးဖြစ်သည်ဟု မိုးမြင့်မှတ်ချက်ပြုလိုက်မိသည် ။
“ အော် ဘယ်သူများလည်းလို့ ရှင် ကိုးး …. ဒါကျွန်မ ကိုကြီးလေ …. သက်နေခ ကုမဏ္ဏီပိုင်ရှင်လေ … ရှင့်လို သူဌေးသားမဟုတ်ဘူး … သူက သူဌေးလေ … ကိုကြီး ဒါကတော့ အိမ့်မှူးပြောပြဘူးတဲ့ အိမ့်မှူးကို အီနေတယ်ဆိုတဲ့ ကောင်လေးပေါ့ … ဒေါက်တာ မိုးမြင့်ထက်တဲ့ “
မိုးမြင့် သွေးပျက်သည်ထက်ပိုပျက်သွားသည် ။ တခဏအတွင်းမှာပင် သူ့ကို လူရှေ့တွင် မျက်နှာမငယ်စေခြင်သော … 
လူများကြားရောက်လျှင် 
သူ့ဂုဏ်ကိုအမြဲမြင့်ပေးလေ့ရှိသော … 
သူ့ကို တလေးတစားဆက်ဆံတတ်သော နှင်းကို စိတ်ထဲမြင်လာမိသည် ။
 သို့သော် သူ့ဒေါသက အရာရာကိုဖုံးလွှမ်းနေမိသည် ။
“ မင်း ဘယ်လို မိန်းမလည်း အိမ့်မှူး တော်တော်အရှက်မဲ့တာဘဲကွာ “
“ အော် မိန်းမတွေထဲက မိန်းမဘဲလေ ကိုမိုးရဲ့ … အခု ကျွန်မ ကိစ္စကိုသိသွားပြီဆိုတော့ ရှင် ရှေ့ဆက်ချင်ရင်တော့ မနက်ဖြန် အိမ်လာခဲ့လေ … မဆက်တော့ဘူးဆိုရင်တော့ ဒီကဘဲနှုတ်ဆက်လိုက်ပါတယ် ကိုမိုး “
မိုးမြင့် ဘာပြောရမှန်းမသိတော့တာ တော့ သေချာသည် ။ မိုးမြင့်ရှက်လားဆိုတော့ ရှက်သည် ။ 
ရှက်သည်ဆိုတာထက် ပေါက်ကွဲသည် ။ ထိုပေါက်ကွဲမှုရဲ့ရလဒ်ကတော့ အရှေ့မှာ ချထားသည့် လိမ္မော်ရည်ဖြင့် အိမ့်မှူး မျက်နှာကို လှမ်းပက်လိုက်ပြီး သူဆိုင်ထဲမှ ထွက်လာခဲ့သည် ။
ထို ကားကို အိမ်သို့ အပြင်းမောင်းထွက်သွားပြီး အခန်းထဲတွင်တစ်ယောက်ထဲနေနေခဲ့သည် ။ သူ့မျက်ရည်တွေကျလာခဲ့သည် ။ မှတ်မှတ်ရရတိတိကျကျဆိုရင် သူမျက်ရည်မကျခဲ့တာ ကြာပြီဖြစ်သည် ။ သူ အခုကျတဲ့မျက်ရည်ကတော့ သူ့အတွက်လား အိမ့်မှူးလိမ်ညာလို့ကျတာလား ဒါမှမဟုတ် သူနှင်းကို နှမြောလို့လားဆိုတာတော့ သူဝေခွဲမရပေ ။
အပိုင်း ( ၇ )
သူ အိမ်မှာဘဲ နေလိုက်တာ တစ်ပတ်ကျော်သွားပြီဖြစ်သည် ။ အစားပုံမှန်မစားဖြစ်သည်မှာလည်းကြာပြီဖြစ်၍ လူတစ်ကိုယ်လုံးလည်းအရိုးသာကျန်တော့သည် ။ သူ့သူငယ်ချင်းတွေဒီနေ့ သူ့ကိုလာခေါ်သည် ။ ငြင်းလွန်းသော်လည်း အတင်းပြောသည်ကတစ်ကြောင်း ဖေဖေကလည်း အပြင်ထွက်ရန် တိုက်တွန်း လွန်းတာကြောင့် သူဒီနေ့အပြင်ထွက်လာခဲ့သည် ။
ပထမဆုံး နေ့လည်စာ စားရန် အင်းယားလမ်းထိပ်က စာသောက်ဆိုင်သို့ထွက်ခဲ့သည် ။
ဤဆိုင်သည် သူ့အတွက်တော့ မေ့မရနိုင်သောဆိုင်ဖြစ်သည် ။
သူ့ဘဝရဲ့ ပထမဆုံး ရင်ခုန်မှုကိုဖွင့်ဟခဲ့သောနေရာ ၊
သူ့ဘဝမှာ မိန်းကလေးတစ်ဦးနဲ့ ပထမဆုံး နှစ်ယောက်တည်းထိုင်ဖူးသောဆိုင် ၊
သူ့ဘဝမှာ ပထမဆုံး အချစ်ကို မိုက်ရူးရဲဆန်ဆန် သူကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့သောနေရာ ၊
ထိုနေရာသည် ယခုသူရောက်နေသောနေရာဖြစ်သည် ။
ထိုမိန်းကလေးမှာလည်း သူ တကယ်ချစ်ရတဲ့ ရင်ခုန်ယုံသာ မဟုတ်ဘဲ သူတကယ်တန်ဖိုးထားတော့မည့် နှင်းဆိုတဲ့ မိန်းကလေးဖြစ်သည် ။ 
သို့သော် ထိုမိန်းကလေးကတော့ သေချာသည် သူ့ကို စိတ်နာနေမည်။ သူ့ကို နာကျည်းနေမည်မှာသေချာသည် ။ သူ့အတွက်တော့ နှင်းနဲ့ ပတ်သက်သည့်အရာတိုင်း မေ့လို့မရခဲ့တာသေချာသည် ။
မိန်းကလေးတန်မဲ့ ပန်းမကြိုက်တဲ့နှင်း … လိမ္မော်ရည်တစ်ခုတည်းသာသောက်တဲ့နှင်း …
အစားအစာဆိုရင် ထမင်းကလွဲပြီး ကျန်တာအကုန်ကြိုက်တဲ့နှင်း …. 
နှုတ်ခမ်းနီကို အရမ်းကြိုက်တဲ့နှင်း …. ။
နှင်းဟာ သူနဲ့ချစ်သူမဖြစ်ခင်မှာ နှုတ်ခမ်းနီကိုအရမ်းကြိုက်သူဖြစ်ပြီး နှုတ်ခမ်းနီအရမ်းဆိုးသူဖြစ်သည် ။
သူကတော့ နှုတ်ခမ်းနီ စူးစူးရှရှဆိုးသော်ကောင်မလေးတွေကို ကြည့်မရသူများထဲတွင်အပါအဝင်ဖြစ်သည် ။
ထိုအရာများကို နှင်းသိသွားတော့ ချစ်သူဖြစ်ပြီးတာနဲ့ သူနဲ့အပြင်ထွက်ရင် နှုတ်ခမ်းနီဆိုးဖို့ကအစ ခွင့်တောင်းတတ်သူ …
သူနားထဲတွင်ကြားယောင်နေမိသည် 
“ အရောင်ဖျော့ဖျော့လေးတွေတော့ဆိုးမယ်နော် ကို “ တဲ့ ….. ။
နှင်းဆိုတာ အဲ့လိုမိန်းကလေး သူ့ကို အရမ်းတန်ဖိုးထားသည့် မိန်းကလေးဖြစ်သည် ။
ပြီးနောက် ထမင်းစားပြီး သူတို့သူငယ်ချင်းတစ်သိုက် အင်းယားကန်ဘောင်သို့ ချီတက်ခဲ့ကြသည် ။ လူငယ်တွေပီပီ မျက်စေ့ အစားကျွေးရန်ဖြစ်သည် ။ သို့သော် သူ့စိတ်ထဲတွင်မှု ဤကန်ဘောင်ကြီးက သူ့ကို ကြေကွဲစရာတွေသာပေးနေသည် ။ ခြေရာတွေထပ်ရလောက်အောင် တူတူလက်တွဲလျှောက်ခဲ့သည့် ကန်ဘောင် …. ကျောင်းအပြန်အိပ်ငိုက်နေတတ်သည့် နှင်းကို တိတ်တခိုးအနမ်းတွေပေးခဲ့သည့် ကန်ဘောင် …. နှင်းတောင်းဆို၍ သီချင်းတွေ အကျယ်ကြီးဆိုပြခဲ့ဘူးသည့်ကန်ဘောင် …. ။
ထိုအရာများက သူ့ကို ပို၍ ပို၍ကြေကွဲစေသည် ။ တစ်ခါတည်းပင် သူဆုံးဖြတ်ချက်တစ်ခုချလိုက်သည် ။ တပြိုင်နက် နှုတ်မှတစ်ခု ရွတ်ဆိုလိုက်မိသည် ။
“ ကျေနပ်တဲ့အထိပေးဆပ်ပါ့မယ် နှင်း “ …. ။
အပိုင်း ( ၈ )
သူ ဒီနေ့နှင်းရဲ့ဆေးခန်းအပြင်ဘက်မှ စောစောကတည်းက လာစောင့်နေခဲ့သည် ။ ယခုဆို သူထိုင်စောင့်နေတာ ၅ နာရီနီးနီးရှိပြီဖြစ်သည် ။ မကြာခင်မှာပင် ဆေးခန်းပိတ်ပြီး နှင်း ဆေးခန်းအတွင်းမှ ထွက်လာခဲ့သည် ။ နှင်းဟာ အစစ အရာရာ အရင်လိုသာဖြစ်သည် ။ 
ချစ်စရာကောင်းသေးသည် ။ ဖော်ရွေတဲ့ အပြုံးကို ပိုင်ဆိုင်ထားသေးသည် ။ ကျေနပ်စရာ စကားတွေကို လူနာတွေကိုပြောသေးကြောင်း  ပြုံးပျော်ရွှင်နေသည့် လူနာတွေကိုကြည့်ယုံနဲ့သူသိသည် ။ 
အစစ အရာရာမပြောင်းသေးပေမယ့် သူ့ကို ချစ်တဲ့အချစ်တွေလည်း မြူ မှုန်လောက်ကျန်သေးရင် သိပ်ကောင်းမှာပါဘဲ နှင်းရယ် … ။
နှင်းအရှေ့မှာ သူရပ်လိုက်သည် ။ ကြေကွဲမှုနဲ့ပြည့်နေပြီး ကွဲအက်နေသော လေသံဖြင့် နှင်းကို သူနဲ့ စကားခဏပြောရန်သူတောင်းဆိုမိသည် ။ 
နှင်းကတော့ ဘာမှမဖြစ်ခဲ့သည့်အတိုင်းအေးစက်စွာပင်လက်ခံခဲ့ပြီး သူ့ကားအရှေ့ကမောင်းပြီး နှင်းက အနောက်ကလိုက်လာခဲ့သည် ။ ကားကတော့ ဗိုလ်ချူပ်ပန်းခြံဆီသို့ ဦးတည်လာခဲ့သည် ။ 
တိတ်ဆိတ်ငြိမ်သက်ပြီး လူသူကင်းမဲ့သော နေရာတစ်ခုနဲ့ ပြိုင်ကားနှစ်စီး ရှေ့ဆင့်နောက်ဆင့် ရပ်လိုက်သည် ။
“ နှင်း ကိုတောင်းပန်ပါတယ် …. ကို့ကို …..”
နှင်းက အေးစက်သော်အမူအယာဖြင့် သူ့စကားကိုပိတ်ပင်လိုက်ပြီး ….
“ ရှင့်နာမည်က မိုးမြင့်ထက် ကျွန်မနာမည်က နှင်းဦးဝေ … အပြည့်အစုံခေါ်ပါ …. နှင်းနဲ့ကိုနဲ့ စကားပြောခွင့်ရှင့်မှာ မရှိတော့ဘူး ကိုမိုးမြင့်ထက် “
နှင်းရဲ့စကားတွေကပြတ်သားသည် ။ ဒေါသတွေမပါသော်လည်း နားကျည်းမှုတွေနဲ့ပြည့်နှက်နေမှန်းသိပ်သိသာသည် ။ 
သူ စကားလမ်းစပျောက်သွားသည် … သို့သော် သူနှင်းကိုရိုးသားချင်သည် ထို့ကြောင့်ပင် သူဖြစ်ပျက်ခဲ့သမျှ အစ အဆုံး အိမ့်မှူးကိစ္စ အကုန်ကို မချွင်းမချန် သူပြောပြလိုက်သည် ။ 
စကားဆုံးသွားတော့ နှင်းဆီကနားကျည်းမှုနဲ့ပြည့်နှက်နေတဲ့ စကားတွေ တရစပ်ထွက်ပေါ်လာခဲ့သည် ။
“ တွေ့ကရမိန်းမအကုန်ကိုရင်ခုန်ပြီး ချောသမျှ အကုန်ကို စိတ်ညွှတ်နေတာကို အချစ်လို့ ခေါင်းစဉ်မတပ်ပါနဲ့ ကိုမိုးမြင့်ထက် …. ရှင့်ကြောင့် တကယ်ချစ်ရတဲ့လူတွေရဲ့ အချစ်တွေ တန်ဖိုးကျတယ် … သိက္ခာကျတယ် … ရှင်ဟာ အချစ်ဆိုတာဘာမှန်းမသိ နားမလည်သေးတဲ့ လူတစ်ယောက် ….. ပွင့်လင်းရမယ်ဆိုရင် ရှင့်ကို ကျွန်မ ရူးလောက်အောင်ချစ်ခဲ့တယ် ။ ကျွန်မဘဝရဲ့ပထမဆုံးအချစ် ရှင့်ကိုပေးခဲ့တယ် ။ အချစ်ကြီးလို့လည်း အမြတ်ကြီးတယ် …. ရှင့်ကို ကျွန်မ ပြန်လက်ခံအောင်တော့ မပြောမိစေနဲ့ ကိုမိုးမြင့်ထက် …. ညမှောင်နေပြီ ကျွန်မပြန်လိုက်ပါဦးမယ် “
နှင်းရဲ့ စကားတွေအဆုံးမှာတော့ မိုးမြင့်ထက် လက်မှိုင်ချသွားသည် ။ မျက်ရည်တွေလှိမ့်ဆင်းလာခဲ့သည် ။ ညအမှောင်ဗိုလ်ချူပ်ပန်းခြံထဲမှာ ပြိုင်ကားလေးတစ်စီး ဝူးကနဲမောင်းထွက်သွားသည်ကို သူသေချာကြည့်နေခဲ့မိသည် ။
တကယ်တော့  ဒီပြိုင်ကားပေါ်က ဖြူ စင်လွန်းတဲ့ကောင်မလေး မျက်ရည်ကျနေတာကိုရော ဘယ်သူသိမှာလည်း ။
နောက်နေ့မှစကာ မိုးမြင့်တစ်ယောက် တည်ငြိမ်လာသည် ။ ကောင်မလေးမြင်တိုင်းမကြည့်တတ်တော့ ။ သူ့ဘဝကို အလေးထားပြီး နေတတ်လာသည် ။ 
ကုန်ကုန်ပြောရရင် မနေ့ညက မိုးမြင့်နဲ့ ဒီနေ့မနက် မိုးမြင့် အကုန်ပြောင်းလဲခဲ့သည် ။ သို့သော် တစ်ခုသာ မိုးမြင့် နှင်းကိုချစ်သော အချစ်တွေတော့ မပြောင်းလဲခဲ့သေး ။ 
သူနှင်းကိုချစ်သည် ။ ချစ်ခဲ့သည် ။ ချစ်နေသေးသည် ။ သေချာသည် သူဆက်၍ချစ်ဦးမည် ။ သူနှင်းကိုချစ်တဲ့ အချစ်တွေ နဲနဲတော့ပြောင်းသည်ကိုတော့ သူငြင်းလို့မရ ။ အချစ်ဆိုတာ ပိုင်ဆိုင်ဖို့ဘဲလို့ထင်ရခဲ့သည့်သူဟာ မပိုင်ဆိုင်ဘဲ သူမပျော်ရွှင်နေတာကိုထိုင်ကြည့်နေခြင်းကလည်း အချစ်ဆိုတာ သူသိလာခဲ့သည် ။ သူ နှင်းကိုချစ်တဲ့အချစ်တွေပိုပြီး လေးနက်လာခဲ့သည် ။
မနက်ခင်းတိုင်း နှင်းရဲ့ ဆေးခန်းအရှေ့မှာ သူမ မကြိုက်သည့် နှင်းဆီပန်းလေးတစ်ပွင့်ကို နှင်းအမြဲတွေ့နေရသည် ။ နှင်းဆီပန်းနှင့်အတူ သူမရဲ့ ဖုန်းထဲတော့ စာတစ်စောင် မနက်ခင်းတိုင်း အမြဲရောက်လေ့ရှိသည် ။ နှင်းမကြိုက်သည့်အတွက် လွှင့်လွှင့်ပစ်ခဲ့သည် ။ မိုးမြင့် ပေးမှန်းသိသောကြောင့် ပိုမို မုန်းခဲ့သည် ။ သို့သော် အချိန်တွေကြာလာခဲ့သည် ။ ယခုမှု ၆လကျော်ကျော်ရှိပြီဖြစ်သည် ။
နှင်းလည်းပြောင်းလဲလာခဲ့သည် ။ အိမ်ကနေ ဆေးခန်းကို စောစောထွက်လာခဲ့ပြီဖြစ်သည် ။ နှင်းဆီပန်းလေးကို စောင့်မျှော်နေတတ်ခဲ့ပြီဖြစ်သည် ။
 အမှန်မှာ  နှင်းအနေနဲ့ မိုးမြင့်ကိုစိတ်နာသော်လည်း အချစ်စိတ်ကကျန်နေမြဲဖြစ်သည် ။ သို့သော် အချစ်ဆိုတာကို နားလည်စေရန်အတွက် မိုးမြင့်ကို သင်ခန်းစားတွေပေးခဲ့သည် ။
တနေ့တော့ မိုးမြင့် စာတစ်စောင်ပို့ခဲ့သည် သူ နိုင်ငံခြားကို ပါရဂူဖတ်ဖို့သွားတော့မည်ဖြစ်ကြောင်းနဲ့ သူပြန်လာတဲ့အခါမှာ လက်ထပ်ပါရစေဆိုတဲ့ ချစ်သူအဆင့်ကိုကျော်တဲ့ လက်ထပ်ခွင့်ပါ တစ်ခါတည်းပေးပို့ခဲ့သည် ။ နှင်းမပျော်ဘဲနေမလား မိုးမြင့်ရယ် လွန်ခဲ့တဲ့ အချိန်တွေကတည်းက မျှော်လင့်ခဲ့တာလေ မိုးမြင့်ရယ် ….. ။ 
နှင်း ပြုံးပြီး စာဖတ်နေတုန်း ဆေးခန်းမှ သူနာပြုမလေးက နှင်းကို ဘယ်သူ့ဆီကလည်းလို့ စပ်စပ်စုစုမေးခဲ့သည် ။
ပုံမှန်ဆိုရင် နှင်းမပြောပြတတ်ပေမယ့် ခုတော့ နှင်း အပြုံးများစွာဖြင့်ပြောလိုက်မိသည် ။
“ နှင်းအရမ်းချစ်ပြီး နှင်းကိုလည်း အရမ်းချစ်တဲ့ ကောင်လေးရဲ့ ကဗျာမဆန်တဲ့ လက်ထပ်ခွင့် အစစ်ပေါ့ “ …..  ။
~ ~ ~
တကယ်တော့ အချစ်ဆိုတာ ပိုင်ဆိုင်ဖို့သက်သက် မဟုတ်ဘဲ မပိုင်ဆိုင်ဘဲ သူမပျော်ရွှင်နေတာကိုထိုင်ကြည့်နေခြင်းကလည်း အချစ်ဖြစ်ပါသည် ။
< အောင် >
၉း၄၁ မိနစ်
၂၀.၁၂.၂၀၁၅ ။
In: ဝတ္ထု Posted By: Date: Jan 2, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment